၂၀၂၁ အာဏာမသိမ်းမီ ရှေ့ပိုင်းကာလများတွင် ပြည်တွင်းဈေးကွက်အတွင်း၌ ဈေးကွက်ဝေစု အများဆုံးရရှိထားသော Red Ruby နှင့် Premium Gold တံဆိပ်စီးကရက်များ ထုတ်လုပ်သည့် Virginia Tobacco (VTCL) ကုမ္ပဏီကို ဖျက်သိမ်းနေပြီဖြစ်သည်။
ထိုကုမ္ပဏီကို မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် စင်ကာပူအခြေစိုက် Rothmans Myanmar Holdings Singapore (RMHS)တို့ ပူးပေါင်းပြီး ဖက်စပ်တည်ထောင်ခဲ့သည်။
၁၉၉၃ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့သည့် ကုမ္ပဏီတွင် ဦးပိုင်က ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ RMHS က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားခဲ့သည်။ ဝန်ထမ်းအင်အားမှာ ၁,၀၀၀ ခန့်ရှိပြီး၊ စက်ရုံမှာ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်တွင် တည်ရှိသည်။
ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ပြုလုပ်သော VTCL ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ အစည်းအဝေးတွင် ကုမ္ပဏီကို လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ ဖြင့် စာရှင်းလင်းဖျက်သိမ်းရန် သဘောတူညီ ဆုံးဖြတ်ခဲ့ကြသည်ဟု ဧပြီလ ၅ ရက်နေ့ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းအရ သိရှိရသည်။
ကုမ္ပဏီ ဖျက်သိမ်းမှုကိုလည်း ကုမ္ပဏီတွင် ပါဝင်ပတ်သက်နေသော အဖွဲ့ဝင်အားလုံးက သဘောတူညီ ကြသည်ဟု ထိုမှတ်တမ်းက ဆိုသည်။
ကုမ္ပဏီ စာရင်းရှင်းလင်းဖျက်သိမ်းနိုင်ရန် ပြည်တွင်း စာရင်းကိုင်ကုမ္ပဏီတစ်ခုဖြစ်သော Win Consulting မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးမိုးကျော်ကို စာရင်း ရှင်းလင်း ဖျက်သိမ်းရေးအရာရှိခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားသည်။
VTCL ကိုဖျက်သိမ်းပြီဖြစ်သည့်အတွက် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် စင်ကာပူအခြေစိုက် RMHS တို့၏ အကျိုးတူလုပ်ငန်းဆောင်ရွက်မှုအားလုံး အပြီးတိုင်ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း ဦးမိုးကျော်က Myanmar Now သို့ ပြောသည်။
လက်ရှိအချိန်တွင် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမှု ပြီးစီးလုနီးပါးရှိပြီဖြစ်ကြောင်းနှင့် ပိုင်ဆိုင်မှု များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာအစုရှယ်ယာရှင်များအားလုံးကို ခွဲဝေပေးရန် လုပ်ဆောင်နေ သည်ဟု သူက ဆိုသည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ အထွေထွေမန်နေဂျာ ဦးလှမိုးကမူ ယခုကိစ္စနှင့် ပတ် သက်ပြီး သဘောထားမှတ်ချက်ပေးရန် မရှိကြောင်း Myanmar Now သို့ ပြောသည်။
ဆက်လက်စောင့်ကြည့်ရေး
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်ထုတ်ကုန်များကို ပြည်သူလူထုက ပစ်မှတ်ထား သပိတ်မှောက်နေချိန်တွင် Virginia Tobacco သည်လည်း အထိနာခဲ့သော ကုမ္ပဏီတစ်ခု ဖြစ်သည်။
သုံးနှစ်ကျော်ကာလအတွင်း သပိတ်မှောက်မှုများ၊ နိုင်ငံတကာကစီးပွားရေးပိတ်ဆို့ အရေးယူမှုများ ခံရသည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သည် ထိုလုပ်ငန်းကိုဆက်လက်လည်ပတ်နိုင်ရေးအတွက် ဖိအားများဖြင့် အလုပ်လုပ်နေရခြင်းကြောင့် ကုမ္ပဏီပိတ်သိမ်းခြင်းဖြစ်နိုင်သည်ဟု တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က မှတ်ချက်ပြုသည်။
“ပိတ်သိမ်းသွားတဲ့ဒီကုမ္ပဏီလုပ်ငန်းတွေကို ဆက်ခံတဲ့ ဘယ်ကုမ္ပဏီမဆို သပိတ်မှောက်မှုနဲ့ ပိတ်ဆို့အရေးယူမှု တွေ ရှောင်လွှဲလို့မရအောင် သတိထားစောင့်ကြည့်နေဖို့ လိုအပ်ပါတယ်”
၎င်းတို့အဖွဲ့သည် မြန်မာစစ်တပ်၏ အကျိုးစီးပွားများ နှင့် အကျင့်ပျက်ခြစားမှုများကို ဖော်ထုတ်နေသော အဖွဲ့ဖြစ်သည်။
Red Ruby နှင့် Premium Gold တံဆိပ်များကို ပြည်တွင်းတွင် သပိတ်မှောက်မှုများဖြစ်လာချိန် သပိတ်မှောက်နေသူတို့ အသိနည်းသေးသည့် Red & Blue စီးကရက်ကို စစ်တပ်ပိုင်ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်နေသူတို့က ၂၀၂၂ နှစ်ကုန်ပိုင်းမှစတင်ကာ တိုးမြှင့်ထုတ်လုပ်နေသည်။
Red & Blue စီးကရက်ကို ဦးပိုင်လက်အောက်ခံ Myawaddy Trading Limited နှင့် ပြည်တွင်းကုမ္ပဏီ Golden Hill international Ltd တို့က ပူးပေါင်းပြီး Myawaddy and Golden Hill international Ltd အမည်ဖြင့် လုပ်ကိုင်ထုတ်လုပ်နေသည်။
စစ်အာဏာသိမ်းမှုမဖြစ်မီ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအချက် အလက်ရှာဖွေရေးအဖွဲ့ ထုတ်ပြန်ခဲ့သည့် “မြန်မာ့တပ်မတော်၏ စီးပွားရေးအကျိုးစီးပွားများ” အစီရင်ခံစာတွင် စစ်တပ်ပိုင် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက် (MEHL)၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကုမ္ပဏီများနှင့်သာမက စစ်တပ်၏ အခြားလက်ခွဲ လုပ်ငန်းများနှင့်ပါ စီးပွားရေးတွဲဖက်မလုပ်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို တိုက်တွန်းခဲ့သည်။ ထိုတိုက်တွန်းချက်ကြောင့် RMHS ကုမ္ပဏီနှင့်ဦးပိုင်ကုမ္ပဏီတို့အကြား ဆက်ဆံရေးတင်းမာလာခဲ့သည်ဟု သိရှိရသည်။
Virginia Tobacco ကုမ္ပဏီ နှင့် ပတ်သက်ပြီး ၂၀၂၀ ဒီဇင်ဘာလတွင် ဦးပိုင်ကုမ္ပဏီ နှင့် စင်ကာပူကုမ္ပဏီ တို့ကြား အငြင်းပွားမှုများစတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တရားစွဲဆိုခြင်းများအထိ ရှိခဲ့ကာ ယခုတွင် ကုမ္ပဏီကို ဖျက်သိမ်းလာခြင်း ဖြစ်သည်။
အငြင်းပွားမှုများမှာ ဦးပိုင်ကုမ္ပဏီက မသန်စွမ်းစစ်မှုထမ်းဟောင်းများအတွက် Virginia Tobacco ကုမ္ပဏီအမည်ဖြင့် လစဉ်အလှူငွေပေးချေသည်၊ ထိုငွေပေးချေမှုနှင့် ပတ်သက်ပြီး ဖက်စပ်ကုမ္ပဏီအပေါ် ပွင့်လင်းမြင်သာမှု နှင့် တာဝန်ခံမှုမရှိ၊ ဦးပိုင်က ချုပ်ကိုင်ထားသော ဈေးကွက်ဖြန့်ဖြူးရေးစနစ်ကို ဥပဒေနှင့်အညီ ပြုပြင်ပြောင်းလဲရန် တိုက်တွန်းတောင်းဆိုခဲ့မှုများကို ဦးပိုင်ကုမ္ပဏီဘက်က လျစ်လျူရှုထားခဲ့သည်ဟု RMHS ၏ ၂၀၂၀ ဒီဇင်ဘာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် VTCL ဝန်ထမ်းများကို ၂၀၂၀ စက်တင်ဘာနှင့် ဒီဇင်ဘာလများတွင် ဆုကြေးပေးရန် RMHS ၏ စီစဉ်မှုကိုလည်း ဦးပိုင်က ပယ်ချခဲ့ခြင်း၊ ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်း VTCL ဝန်ထမ်း များ၏ အဖွဲ့အစည်းအပေါ် ပံ့ပိုးမှုကို လျစ်လျူရှု၍ ဝန်ထမ်းများ၏ ရပိုင်ခွင့်များအပေါ် ဖြတ်တောက် သည့် ဦးပိုင်၏ လုပ်ရပ်တို့သည် ဝန်ထမ်းများအပေါ် တရားမျှတမှု မရှိဟုလည်း RMHS ဘက်က ဆိုခဲ့ သည်။
ထို့နောက် RMHS က ဦးပိုင်ကို ၂၀၂၁ခုနှစ် ဇန်နဝါရီလအတွင်း၌ ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင် တရားရုံး၌ တရားစွဲဆိုရန် လျှောက်ထားခဲ့သည်။
RMHS သည် အခွန်ရှောင်ကုမ္ပဏီများ စုဝေးရာအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြား သော ဗြိတိန်ဗာဂျင် ကျွန်းနိုင်ငံ (British Virgin Islands) တွင် ကုမ္ပဏီမှတ်ပုံတင်ခြင်းနည်းလမ်း အသုံးပြုမှုအပါအဝင် ရှုပ်ထွေးသော ကုမ္ပဏီဖွဲ့စည်းပုံလည်းရှိသည်။
RMHS ကုမ္ပဏီကို မြန်မာနိုင်ငံသား ဦးကျော်ကျော်ထွန်း (ခေါ်) George Yin Soon, Castlebay Investments ကုမ္ပဏီ နှင့် Bright Seasons ကုမ္ပဏီ ဟူသော ရှယ်ယာရှင်သုံးဦး အစုအညီအမျှ ပါဝင်ထားသည့် Distinction Investment Pte အမည်ရှိကုမ္ပဏီက ပိုင်ဆိုင်သည်။
Distinction Investments Pte ကုမ္ပဏီ၏ ဒါရိုက်တာ သုံးဦးမှာ George Yin Soon, Lim Kaling နှင့် Ong Beng Huat တို့ ဖြစ်သည်။
George Yin Soon သည် အကြမ်းဖက်မှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကို ကျူးလွန်နေသော မြန်မာစစ်တပ်အတွက် ဘဏ္ဍာငွေ နှင့် စစ်လက်နက် ရရှိရေး ကူညီ ထောက်ပံ့ပေး နေသော အဓိက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်ဟု ၂၀၂၃ခုနှစ် ဒီဇင်ဘာတွင်ထုတ်ပြန်သော Justice For Myanmar ၏ အသက် ၃၀ အထက် မသမာသူများ (Dirty Over 30) စာရင်းတွင် ဖော်ပြခံရသူဖြစ်သည်။



