သတင်း

Red Ruby ဖက်စပ်ကုမ္ပဏီက ဦးပိုင်နှင့်အငြင်းပွားမှုကို တရားရုံးတွင် လျှောက်ထား

တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် ကုမ္ပဏီတွင်း အငြင်းပွားမှုကို တရားရုံးဆုံးဖြတ်မှု ရယူရန် ယင်းနှင့် စီးကရက်လုပ်ငန်း ဖက်စပ်လုပ်ကိုင်နေသည့် စင်ကာပူအခြေစိုက် Rothmans Myanmar Holdings Singapore (RMHS) က ပြီးခဲ့သည့်အပတ်တွင် ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်တရားရုံး၌ လျှောက်ထားလိုက်သည်။​

Virginia Tobacco (VTCL) ကုမ္ပဏီကို ဖက်စပ်လုပ်ကိုင်နေသည့် ဦးပိုင်သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၁၉၂ ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်သည်ဟုဆိုကာ ကုမ္ပဏီနှင့် စပ်လျဉ်း၍ တရားရုံးက သင့်လျော်သည့် အမိန့်တစ်ရပ်ရပ် ချမှတ်ပေးရန် ပုဒ်မ ၁၉၃ အရ ဇန်နဝါရီ ၂၂ တွင် လျှောက်ထားခဲ့သည်ဟု စင်ကာပူကုမ္ပဏီ၏ရှေ့နေ ဦးမင်းစိန်က Myanmar Now ကို ပြောသည်။ 

၂၀၁၇ ကုမ္ပဏီများဥပဒေပုဒ်မ ၁၉၂ တွင် ကုမ္ပဏီလုပ်ငန်းများနှင့် သက်ဆိုင်သည့် ဆောင်ရွက်မှု သို့မဟုတ် အဆိုပြုထားသော ဆောင်ရွက်မှု သို့မဟုတ် ပျက်ကွက်မှု၊ ကုမ္ပဏီတွင် ပါဝင်သူများက ချမှတ်သော ဆုံးဖြတ်ချက် သို့မဟုတ် အဆိုပြုထားသော ဆုံးဖြတ်ချက်သည် ကုမ္ပဏီတွင် ပါဝင်သူအားလုံး၏ အကျိုးခံစားခွင့်နှင့် ဆန့်ကျင်လျှင်၊ ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးအပေါ် မတရားဖြစ်စေခြင်း၊ မမျှမတဖြစ်စေခြင်း၊ မတရားသဖြင့် ခွဲခြားပြုမူခြင်း ဖြစ်စေလျှင် တရားရုံးက အမိန့်တစ်ရပ်ရပ် ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ 

ဦးပိုင်၏ လုပ်ရပ်အချို့ကို တရားရုံးမှတစ်ဆင့် ကန့်ကွက်တိုင်ကြားသွားရန် ရှိသည်ဟု ဒီဇင်ဘာ ၂၃ တွင် သတင်းထုတ်ပြန်ပြီး တစ်လအကြာတွင် RMHS ၏ ရှေ့နေက မြောက်ပိုင်းခရိုင်တရားရုံးထံ ယခုကဲ့သို့ လျှောက်ထားလိုက်ခြင်း ဖြစ်သည်။ RMHS ၏ လျှောက်ထားမှုကို လက်ခံမခံနှင့် ကြားနာခြင်းပြုရန် တရားရုံးထံမှ အကြောင်းကြားစာ မရရှိသေးကြောင်း ကုမ္ပဏီ၏ရှေ့နေ ဦးမင်းစိန်က ဆိုသည်။

Virginia Tobacco ကုမ္ပဏီအမည်ဖြင့် ပြုလုပ်သည့် လစဉ်လှူဒါန်းမှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိစေရန်၊ ဦးပိုင်က ချုပ်ကိုင်ထားသော ဈေးကွက်ဖြန့်ဖြူးရေးစနစ်ကို ဥပဒေနှင့်အညီ ပြုပြင်ပြောင်းလဲရန် တိုက်တွန်းတောင်းဆိုခဲ့မှုများကို ဦးပိုင်က လျစ်လျူရှုထားခဲ့သည်ဟု RMHS ၏ ဒီဇင်ဘာ ၂၃ ထုတ်ပြန်ချက်တွင် ပါဝင်သည်။ 

Virginia Tobacco ကုမ္ပဏီအမည်ဖြင့် ပြုလုပ်သည့် ‘လစဉ်အလှူငွေပေးချေမှုများ’ ဆိုသည်မှာ မသန်စွမ်း စစ်မှုထမ်းဟောင်းများအတွက်ဖြစ်သည်ဟုသာ သိရပြီး ငွေကြေးပမာဏမည်မျှရှိသည်ကို မသိရှိကြောင်း RMHS စင်ကာပူရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Myanmar Now ကို ဒီဇင်ဘာတွင် ပြောကြားခဲ့ပြီး ယင်းသို့ထည့်ဝင်ကူညီမပေးပါက ကုမ္ပဏီ၏ ထုတ်ကုန်ဖြန့်ဖြူးရေးကို ရပ်ပစ်မည့်သဘောမျိုးဖြင့် ခြိမ်းခြောက်မှုရှိခဲ့ကြောင်း ဆိုသည်။

ထို့အပြင် VTCL ဝန်ထမ်းများကို ၂၀၂၀  စက်တင်ဘာနှင့် ဒီဇင်ဘာလများတွင် ဆုကြေးပေးရန် RMHS ၏ စီစဉ်မှုကိုလည်း ဦးပိုင်က ပယ်ချခဲ့ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောသည်။​

ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်း VTCL ဝန်ထမ်းများ၏ အဖွဲ့အစည်းအပေါ် ပံ့ပိုးမှုကို လျစ်လျူရှု၍ ဝန်ထမ်းများ၏ ရပိုင်ခွင့်များအပေါ် ဖြတ်တောက်သည့် ဦးပိုင်၏ လုပ်ရပ်များသည် ဝန်ထမ်းများအပေါ် တရားမျှတမှု မရှိဟုလည်း RMHS က ဆိုသည်။​

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ စီမံရေးဌာန အထွေထွေမန်နေဂျာ ဦးလှမျိုးကမူ RMHS နှင့် ဖြစ်နေသည့်ကိစ္စမှာ လုပ်ငန်းဖက်စပ်လုပ်သူအချင်းချင်း ‘နားလည်မှုလွဲခြင်း’ သာ ဖြစ်သည်ဟု Myanmar Now ကို ဒီဇင်ဘာလအတွင်းက ပြောကြားခဲ့သည်။ ဦးပိုင်အနေဖြင့် ဝန်ထမ်းများ၏ အကျိုးခံစားခွင့်ကို ပိတ်ပင်စရာအကြောင်းမရှိဘဲ ဒါရိုက်တာအဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်အရသာ ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုခဲ့သည်။ 

ပြည်တွင်းဈေးကွက်အတွင်း ဈေးကွက်ဝေစု အများဆုံးရရှိထားသော Red Ruby နှင့် Premium Gold ထုတ်လုပ်သည့် Virginia Tobacco (VTCL) ကုမ္ပဏီကို စင်ကာပူအခြေစိုက် RMHS ကုမ္ပဏီသည် ၁၉၉၃ ခုနှစ်ကတည်းက ဦးပိုင်နှင့် ဖက်စပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး ဦးပိုင်က ၅၁ ရာခိုင်နှုန်းနှင့် RMHS က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကာ ဝန်ထမ်းအင်အား ၁,၀၀၀ ခန့်ရှိသည်ဟု သိရသည်။

မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) အပါအဝင် တပ်မတော်၏ အခြားလက်ခွဲလုပ်ငန်းများနှင့် စီးပွားရေးတွဲဖက်မလုပ်ရန် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က ဩဂုတ်လ ၅ ရက်နေ့ထုတ် “မြန်မာ့တပ်မတော်၏ စီးပွားရေးအကျိုးစီးပွားများ” အစီရင်ခံစာတွင် တိုက်တွန်းခဲ့သည်။

နိုင်ငံတကာ စီးပွားရေးအသိုင်းအဝိုင်းအနေဖြင့် စစ်တပ်ပိုင်လုပ်ငန်းများနှင့် စီးပွားရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ အဆက်အသွယ်မပြုလုပ်သင့်ကြောင်း ယခင်က အဆက်အသွယ်ရှိခဲ့လျှင်လည်း ဆက်လက်ဆက်ဆံရေး မပြုလုပ်သင့်ကြောင်း ယင်းအစီရင်ခံစာက အကြံပြုထားသည်။

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုများနှင့် ဖက်စပ်လုပ်ငန်းများလုပ်ကိုင်ခြင်း၊ စီးပွားရေးဆက်ဆံမှုများပြုလုပ်ခြင်းကြောင့် စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးရာ ရောက်ပြီး “အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေများ ချိုးဖောက်မှုတို့အပေါ် ပံ့ပိုးဖြည့်ဆည်းပေးသူ သို့မဟုတ် ထိုပြစ်မှုတို့နှင့် ဆက်နွှယ်သူအဖြစ်” သတ်မှတ်ခံရနိုင်ခြေများသည်ဟုလည်း ယင်းအစီရင်ခံစာက ထောက်ပြခဲ့သည်။ 

အစီရင်ခံစာအရ တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဖက်စပ်လုပ်ကိုင်သည့် နိုင်ငံခြားကုမ္ပဏီ ၁၅ ခု၊ အခြားသော စီးပွားရေး ဆက်ဆံမှုပြုလုပ်သည့် နိုင်ငံခြားကုမ္ပဏီပေါင်း အနည်းဆုံး ၄၄ ခုခန့် ၊ စုစုပေါင်း ၅၉ ခုခန့် ရှိပြီး စင်ကာပူမှ RMHS သည်လည်း အပါအဝင်ဖြစ်သည်။ 

ကမ္ဘာ့ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) တို့၏ အစီရင်ခံစာ အကြံပေးချက်များအရ မြန်မာတပ်မတော်နှင့် ဖက်စပ်လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ပိုရှိစေရေး လွတ်လပ်သော စာရင်းစစ်အဖွဲ့ဖြင့် ကုမ္ပဏီ၏ငွေကြေးစီးဆင်းမှုများကို စစ်ဆေးလိုခဲ့သော်လည်း ဦးပိုင်က သဘောမတူခဲ့ဟုလည်း RMHS စင်ကာပူရုံးမှ ပြောရေးဆိုခွင့်ရှိသူက ဆိုခဲ့သည်။

Show More

Related Articles

Back to top button