အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လားရှိုး လူနေရပ်ကွက်များ ထပ်မံဗုံးကြဲခံရ၊ အရပ်သားနှစ်ဦး သေဆုံး

လေတပ်က လားရှိုးဒေသခံတို့ အိပ်စက်နေချိန်တွင် ၁၅ မိနစ်ကြာ ဗုံးကြဲရာ သေဆုံး ဒဏ်ရာရသူများရှိသည်၊ မြို့မစျေးနှင့် အဆောက်အအုံတချို့ ပျက်စီးသွားသည်ဟု သိရသည်။

ကိုးကန့်တပ် (MNDAA) သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးမြို့ကို စစ်ကောင်စီ လေတပ်က ယနေ့ (စက်တင်ဘာ ၂၇) နံနက်တွင် ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦး သေဆုံးသွားသည်ဟု သိရသည်။

နံနက် ၃း၃၀ တွင် လေတပ်က လားရှိုးမြို့ ရပ်ကွက် (၁) တွင်ရှိ မြို့မဈေးနှင့် ရပ်ကွက် (၂) တို့ကို ၁၅ မိနစ်ကြာ တိုက်ခိုက်စဉ် သုံးကြိမ်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးသည့်အပြင် ခြောက်ဦးထက်မနည်း ဒဏ်ရာရသွားသည်ဟု လားရှိုးမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ကြဲတဲ့နေရာအားလုံးက လူနေရပ်ကွက်ဆိုတော့ ပြည်သူတွေပဲ ထိတာပေါ့။ နှစ်ယောက်သေတာမှာ တစ်ယောက်က အသက် ၄၃ နှစ် အမျိုးသားနဲ့ အသက် ၃၅ နှစ် အမျိုးသမီး၊ ၆ ယောက် ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့သူတွေရဲ့အသေးစိတ်အချက်အလက်တွေတော့ မရသေးဘူး” ဟု သူက ပြောသည်။

“အပျက်အစီးတွေက မြို့မဈေးက အများဆုံးပဲ၊ အဲဒီအထဲကို ပေါင် ၅၀၀ ဗုံး ၃ လုံးလောက်ကို ကျသွားတာ။ ဈေးဆိုင်ခန်းတော်တော်များများ ပျက်စီးတယ်။ လူနေအိမ်တွေလည်း တော်တော်များများ ပျက်စီးတယ်။ ဗုံးကြတဲ့နေရာက Green Park ဟိုတယ်လည်း စုတ်ပြတ်သွားတယ်၊ မှန်တွေအကုန်ကွဲပြီး ဗုံးစတွေ မှန်ထားတာ၊ ရစရာကို မရှိဘူး”

ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးသွားသည့် လူနေအိမ်အပါအဝင် အဆောက်အအုံအရေအတွက်ကို စာရင်းပြုစုနေဆဲဟု သိရသည်။ လတ်တလောတွင် မြို့တွင်း ဈေးဆိုင်များ ပြန်လည်ပိတ်သွားကြသလို ရပ်ကွက် ၂ နှင့် ၃ တို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသည်ဟုလည်း သိရသည်။

“လူများတဲ့နေရာနဲ့ လူအိပ်ချိန်တွေမှာ ဗုံးကြဲနေတာ။ ဗုံးခိုကျင်းက အိမ်တိုင်းမှာ မရှိဘူး။ ကျွန်တော်တို့ ညဘက်ကျရင် ပတ်ပတ်လည်အကာရှိတဲ့ လုံခြုံမယ်ထင်တဲ့နေရာမှာ နေကြတယ်။ လေယာဉ်သံကြားရင်ကို လူက နိုးလာပြီ။ ကောင်းကောင်းအိပ်မပျော်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

လူနေရပ်ကွက်ကို ဗုံးကြဲမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ဩဂုတ် လဆန်းပိုင်းတွင် လားရှိုးမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က လားရှိုးမြို့ကို လေကြောင်းမှ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း လားရှိုးမြို့ကို စစ်ကောင်စီလေတပ်က ၄ ကြိမ် တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၂၄ ရက်နေ့ ဗုံးကြဲမှုအတွင်း အမျိုးသမီးတစ်ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရခဲ့သည်။

တအာင်းတပ်(TNLA) နှင့် MNDAA တို့ကို တိုက်ခိုက်မှုများရပ်ရန် တရုတ်နိုင်ငံက အတင်းအကျပ် ဖိအားပေးနေသည့်အချိန်တွင် စစ်ကောင်စီတပ်က ထိုနှစ်ဖွဲ့ထိန်းချုပ်ထားသည့် မြို့များကို ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button