ရှမ်းပြည်နယ်၊ လားရှိုးကို သိမ်းထားသည့် ကိုးကန့်တပ် MNDAA က အခြားမြို့ကြီးများကို တိုက်ခိုက်မည်မဟုတ်ကြောင်း ကြေညာထားသလို တရုတ်နိုင်ငံကလည်း ရှမ်းပြည်နယ် တိုက်ပွဲများ ရပ်တန့်ရန် တိုက်တွန်းနေချိန်တွင် စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်နေရာ အရပ်သားများပါ ထိခိုက်လာနေသည်။
MNDAA ၏ စက်တင်ဘာ ၄ ရက်စွဲတပ် ကြေညာချက်တွင် မန္တလေး နှင့် တောင်ကြီးမြို့များကို ထိုးစစ်ဆင်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။
တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရအရာရှိကလည်း မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ကြိုးစားနေသည်ဟု သြဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ တရုတ်သံတမန်တို့က စစ်ကောင်စီကိုသာမက ရှမ်းမြောက်ဒေသ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ရံဖန်ရံခါ တွေ့ဆုံ ဆွေးနွေးနေဆဲဖြစ်သည်။
စစ်တပ်သည် လားရှိုးကို စက်တင်ဘာ ၈ မှ စတင်ပြီး ၃ ရက်ဆက်တိုက် ဗုံးကြဲသလို စက်တင်ဘာ ၂၁၊ ၂၄ နှင့် ၂၅ တို့တွင်လည်း အလားတူ တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုများတွင် မည်သည့် စစ်ရေးပစ်မှတ်ကို ထိမှန်ကြောင်း နှစ်ဘက်လုံးက ထုတ်ပြန်ခြင်း မရှိပေ။
စက်တင်ဘာ ၂၄ရက်နေ့ ဗုံးကြဲမှုက မြို့ပေါ် ရပ်ကွက် (၂) မှ ရထိုက်ဟိုတယ်၊ ဖူလီလိုက်ဟိုတယ်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံး၊ ၁၅ဦး ဒဏ်ရာရကြောင်း လားရှိုးဒေသခံများက Myanmar Now ကို ပြောသည်။
ယနေ့ စက်တင်ဘာ ၂၅ရက် မနက်ပိုင်းတွင် ရပ်ကွက်(၁၂)ရှိ နည်းပညာအထက်တန်းကျောင်းကို ဗုံး၃လုံး ကြဲချခဲ့ကြောင်း လားရှိုးဒေသခံတစ်ဦးက ဆိုသည်။
“ကျောင်းကို ကြဲရင်းနဲ့ ဘေးနားက ဘုန်းကြီးကျောင်းထဲလဲ ဗုံးကျပါတယ်။ လူအထိအခိုက်တော့ မရှိဘူးဗျ” ဟု ၎င်းက ဆိုသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ ရှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးကို ဩဂုတ်လဆန်းတွင် MNDAA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သည်။ ထို့နောက် တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရသည့် ဒေသခံတချို့ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ကြပြီး အုပ်ချုပ်ရေး၊ ကျန်းမာရေး လုပ်ငန်းများအပါအဝင် အရပ်ဖက်ယန္တယားများ ကိုးကန့်တပ်၏ထိန်းချုပ်မှုအောက် စတင် လည်ပတ်နေပြီဖြစ်သည်။
စစ်ကောင်စီသည် နယ်မြေများစွန့်လွှတ်ခဲ့ရပြီနောက် မြောက်ပိုင်းမဟာမိတ်တပ်များဖြစ်သည့် တအာင်းတပ်(TNLA)၊ ရခိုင်တပ်(AA) နှင့် MNDAA တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ကြောင်း စက်တင်ဘာ ၂ရက်နေ့က ကြေညာခဲ့သည်။
ထိုသို့ ကြေညာပြီးနောက်တစ်ရက်အကြာတွင် စစ်ခေါင်းဆောင်က တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မြို့ရွာများကို တန်ပြန်ထိုးစစ်ဆင်မည်ဟု တောင်ကြီးခရီးစဉ်တွင် ကြုံးဝါးခဲ့သည်။
အာဏာသိမ်းခေါင်းဆောင် ထိုသို့ ပြောဆိုအပြီး ၃ရက်အတွင်း လားရှိုးမြို့အပါအဝင် တရုတ်နယ်စပ်က နမ့်ခမ်းမြို့ ၊ ကရင်နီ ဖယ်ခုံမြို့ ၊ ရခိုင် မောင်တောမြို့များကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားများအပါအဝင် အများအပြားထိခိုက်သေဆုံးခဲ့သည်။
အခြားတစ်ဖက်တွင် စစ်ကောင်စီသည် လားရှိုးနှင့် မိုင် ၄၀ ခန့်ဝေးသည့် မိုင်းရယ်မြို့တွင် အထိုင်ချကာ စစ်ပြင်နေရာ လားရှိုးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု လေ့လာသူတချို့က ယူဆသည်။
တပ်အရာရှိဟောင်းတစ်ဦးဖြစ်သည့် CDM ဗိုလ်ကြီးဇင်ယော်က စစ်ကောင်စီအနေဖြင့် ယခုနှစ်အတွင်း လားရှိုးကို မြေပြင်ထိုးစစ်ဆင်ရန် မဖြစ်နိုင်သေးကြောင်း၊ လေကြောင်းမှ ဗုံးကြဲမှုများကို ဆက်လက်အားကိုးနိုင်ကြောင်း ခန့်မှန်းသည်။
“မှန်းဆကြည့်မယ်ဆိုရင် ၂၀၂၄မကုန်ခင်အတွင်းမှာ ဆုံးရှုံးပြီးနယ်မြေတွေကို မြေပြင်စစ်ကြောင်းထိုးပြီး တိုက်ခိုက်ဖို့ မလွယ်ကူသေးဘူး၊ အထူးသဖြင့် လားရှိုး။ ဒါကြောင့် သူတို့ပြောပြီးသားဖြစ်တဲ့အတိုင်း သူတို့မှာအားသာတဲ့ လေကြောင်းတိုက်ခိုက်မှုကို ပိုပြီး ရက်ရက်စက်စက်လုပ်လာဖို့ရှိတယ်” ဟု ၎င်းက ဆိုသည်။
MNDAA သည် တရုတ်နယ်စပ်ရှိ ကိုးကန့်ဒေသကို သိမ်းပိုက်ရရှိပြီးနောက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်စခန်း အခြေပြုရာ လားရှိုးကို ဆက်လက် ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
MNDAA ကြေညာချက်တွင် ထိုးစစ်ရပ်မည် ဆိုသော်လည်း ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်ကို ဆက်လက်ကိုင်စွဲထားမည်၊ ငြိမ်းချမ်းရေးအတွက် တရုတ်ကို ကြားဝင်ဖြေရှင်းပေးရန်လည်း တောင်းဆိုသည်ဟု ဖော်ပြထားသည်။
ကိုးကန့်တပ်က ထိုသို့ ကြေညာပြီးချိန်တွင် စစ်ကောင်စီက လားရှိုးကို ဆက်လက် တိုက်ခိုက်နေသော်လည်း စစ်ကောင်စီသည် ကိုးကန့်တပ်နှင့် ဆွေးနွေးညှိနှိုင်းဖွယ် ရှိသည်ဟု ဝါရင့်နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။
“သူ့အနေနဲ့ MNDAAကို အကြမ်းဖက်အဖွဲ့ကနေ မရုပ်သိမ်းရသေးပါဘူး။ အဲ့ဒါရုပ်သိမ်းပြီးမှ ရပ်မှာပါ။ ရပ်ပြီးလို့ရှိရင် သူတို့ဆွေးနွေးကြမှာပေ့ါဗျာ၊ အပေးအယူလုပ်ကြမှာပေါ့” ဟု သူက ပြောသည်။
စစ်ကောင်စီ၏ ရက်စက်သည့် လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့်အတွက် စစ်ကောင်စီထံ လေယာဉ်ဆီမရောင်းချရန် နိုင်ငံတကာကို တော်လှန်ရေးအင်အားစုက အကြိမ်ကြိမ်တောင်းဆိုနေကြသည်။