သတင်း

ခင်ဦးကို လေတပ်တိုက်ခိုက်စဉ် အရပ်သား ၂ ဦးသေဆုံး၊ ကိုယ်ဝန်သည် ဒဏ်ရာရ 

စစ်ကိုင်းတိုင်းအတွင်း ညဘက် လေတပ်တိုက်ခိုက်မှုတစ်ခုတွင် အရပ်သားတချို့ သေဆုံး၊ ဒဏ်ရာရသွားပြီး ကိုယ်ဝန်ဆောင်တစ်ဦး ခြေထောက် ဖြတ်တောက်လိုက်ရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ ကျေးလက်ဒေသကို ယမန်နေ့ (စက်တင်ဘာ ၂၅) ရက် ညပိုင်းတွင် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်  အပါအဝင် ၄ ဦး  ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ည ၁၀  နာရီခန့်တွင် ရောက်လာသည့် လေယာဉ်က မြို့အရှေ့ဘက် ၈ မိုင်ခန့်အကွာ ရှားလွင်ရွာကို  ဗုံး ၁၁ လုံး ကြဲချခဲ့သည်ဟု ခင်ဦးမြို့နယ်  ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)  တာဝန်ခံက ပြောသည်။ 

“ရှားလွင်ရွာကို ပတ်ချာလည်ပစ်သွားတာ။ ဂျက်ဖိုက်တာနဲ့ သုံးခေါက်ပတ်ပစ်တာ။  ၁၁ လုံး ပစ်သွားတာ”ဟု သူက ပြောသည်။

သေဆုံးသူများမှာ အမျိုးသားများဖြစ်သည်၊ ဒဏ်ရာရသူများထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ခြေထောက် ဖြတ်တောက်လိုက်ရကြောင်း ၎င်းက ပြောသည်။ 

သေဆုံး၊ ဒဏ်ရာရသူတို့၏ အမည်၊ အသက်အရွယ် စသည့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။

လေတပ် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စက်တင်ဘာလဆန်းပိုင်းတွင် စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများက  မဒေါင်းလှရွာနှင့် အနီးဝန်းကျင်ကို ရွာစဉ်လှည့်စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးချိန်တွင် တိုက်ပွဲဖြစ်ခဲ့သည်၊ 

စက်တင်ဘာ ဒုတိယပတ်အတွင်း အဆိုပါစစ်ကြောင်း  မဒေါင်းလှရွာမှ  ဆုတ်ခွာသွားသည့်လမ်းတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေး အင်အားစုများထံမှ သိရသည်။ 

ယမန်နေ့က ရှားလွင်ရွာတွင် တိုက်ပွဲမဖြစ်ခဲ့သော်လည်း  လက်နက်ကိုင် ခုခံသူများ ရှိနိုင်ကြောင်း ယူဆချက်ဖြင့် လေကြောင်းတိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးအင်အားစုက သုံးသပ်သည်။ 

ယမန်နေ့ညက လေကြောင်းတိုက်ခိုက်မှုကြောင့် စိုးရိမ်ထိတ်လန့်နေသည့် ဒေသခံများမှာ နေရပ်မပြန်ရဲသေးဘဲ ဘေးလွတ်မည်ဟု ယူဆရသော နေရာများတွင် ခိုလှုံနေဆဲဖြစ်သည်ဟု ဆိုသည်။ 

မြေပြင်စစ်ကူပို့ဆောင်နိုင်ခြင်းမရှိသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲများတွင် လေကြောင်း အားပြုတိုက်ခိုက်နေရာ ယခုနောက်ပိုင်းတွင် လေတပ်က စာသင်ကျောင်း၊ ဆေးရုံ၊ သာသနိက အဆောက်ဦပါမချန် အရပ်သား နေထိုင်သည့်နေရာများကိုပါ ပစ်မှတ်ထားပြီး  တိုက်ခိုက်နေကြောင်း တော်လှန်ရေး အင်အားစုက ဆိုသည်။ 

ကျေးရွာများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုမှာ “အကြောက်တရားစိုးမိုးအောင်လုပ်တာ”ဟု တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။ 

လေကြောင်းရန်ကာကွယ်ရေးအတွက် ပုန်းခိုကျင်းများတူးထားရန် တော်လှန်ရေးအင်အားစုက ဒေသခံများကို တိုက်တွန်းထားသည်။ 

စစ်ကောင်စီကမူ အရပ်သားထိခိုက်မှုများမှာ ၎င်းတို့၏လက်ချက်မဟုတ်ကြောင်း ရံဖန်ရံခါ ငြင်းချက်ထုတ်တတ်သည်။

စစ်တပ်အခိုင်အမာအခြေချတပ်စွဲထားသည့် ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာသည် ဩဂုတ်လတွင် နှစ်ကြိမ်တိုင် တိုက်ခိုက်ခံ ခဲ့ရပြီးနောက် ထိုရွာမှ စစ်တပ်၊ပြည်သူ့စစ် (ပျူစောထီး)နှင့် မိသားစုဝင်များမှာ စက်တင်ဘာ ၁၈ ရက်နေ့တွင် ကန့်ဘလူမြို့နယ်ဘက်သို့ စခန်းစွန့် ဆုတ်ခွာသွားသည်။ 

လက်နက်ကိုင်ခုခံမှုအားကောင်းရာမြို့နယ်များဖြစ်သည့် ကန့်ဘလူ၊ ရွှေဘို၊ ရေဦးမြို့တို့နှင့် နယ်နိမိတ် ချင်းထိစပ်နေသော ခင်ဦးမြို့နယ်သည် မူးမြစ်နှင့် ဧရာဝတီမြစ်ကြားတွင် တည်ရှိကာ လူဦးရေ တစ်သိန်း ခြောက်သောင်းကျော်နေထိုင်သည်။  

ခင်ဦးမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်း၊ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့တို့ကို တော်လှန်ရေးအင်အားစုက ပြီးခဲ့သည့် လပိုင်းကစတင်ခဲ့သည့် ရှမ်းမန်းစစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည်။ 

ဇွန်လကုန်ပိုင်းတွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရှမ်းမန်း စစ်ဆင်ရေးတွင် တိုက်ပွဲများ သည် မန္တလေးတိုင်း အထိ ကျယ်ပြန့်လာပြီး မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူးနှင့် တကောင်း တို့ကို တော်လှန်ရေးအင်အားစုက ထိန်းချုပ်လိုက်သည်။ ဤသို့ဖြင့် လက်နက်ကိုင်မှုအားကောင်းရာ နိုင်ငံအလယ်ပိုင်းမှ ရှမ်းပြည်မြောက်ပိုင်းသို့ တော်လှန်ရေးအင်အားစု သွားလာ ဆက်သွယ်ရေးပိုမိုကောင်းမွန်သွားသည်။ 

မန္တလေးတိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် စစ်ကိုင်းတိုင်းတွင်းမှ မြို့နယ်များဖြစ်သည့် ကန့်ဘလူ၊ ရွှေဘို၊ ခင်ဦးမြို့နယ်တို့တွင် ပြီးခဲ့သည့်လပိုင်းများအတွင်း စစ်တပ်က နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုး စီးနင်းခဲ့သည်။ 

ပြည်သူ့စစ်၊ ပျူစောထီးများ အားကောင်းသည့် ကန့်ဘလူမြို့နယ်တွင် မြို့တောင်ဘက်နှင့် မြောက်ခြမ်း ကျေးရွာများကို စစ်တပ်က လှည့်လည်စစ်ကြောင်းထိုးပြီး အရပ်သားများကို သတ်ဖြတ်ကာ နေအိမ် ၂၀၀ နီးပါး မီးရှို့ဖျက်ဆီးခဲ့သည်။ 
ရွှေဘိုမြို့နယ်တွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းကပင် မြို့အနီး ထနောင်းဝန်းကျေးရွာကို ရုတ်တရက် ဝင်ရောက် စီးနင်းပစ်ခတ်ကာ ဓားစာခံ ၆ ဦးအပါအဝင် အရပ်သား ၈ ဦး သတ်ဖြတ်ခဲ့သည်။

လေကြောင်းတိုက်ခိုက်ခံရသည့် ခင်ဦးမြို့နယ်၊ ရှားလွင်ကျေးရွာတည်နေရာပြမြေပုံ

Show More

Related Articles

Back to top button