သတင်း

ချင်းတော်လှန်ရေးတပ်များအကြား ယာယီအပစ်ရပ်ရန်သဘောတူ

စစ်ကောင်စီကိုတော်လှန်နေကြသည့် ချင်းတော်လှန်ရေးတပ်များအကြား လပေါင်းများစွာ အချင်းချင်းပစ်ခတ်နေမှုများကို အဆုံးသတ်ရန် စက်တင်ဘာ ၂၁ ရက်နေ့က သဘောတူခဲ့ကြသည်။

စစ်ကောင်စီကိုတော်လှန်နေကြသည့် ချင်းတော်လှန်ရေးတပ်များအကြား လပေါင်းများစွာ အချင်းချင်းပစ်ခတ်နေမှုများကို အဆုံးသတ်ရန် စက်တင်ဘာ ၂၁ ရက်နေ့က သဘောတူလိုက်ကြသည်။ 

ချင်းပြည်ကောင်စီ (CC)၊ ကြားကာလချင်းအမျိုးသားကောင်စီ (ICNCC)၊ ချင်းအမျိုးသားတပ်ဦး (CNA/ CNF) နှင့် ချင်းညီနောင်အဖွဲ့ (CB) တို့၏ ထိပ်ပိုင်းခေါင်းဆောင်များ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ဆွေးနွေးပြီးနောက် အဆိုပါသဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း နှစ်ဖက်တပ်များထံမှသိရသည်။

“ကျွန်တော်တို့ကြားထဲမှာ ဆွေးနွေးရမယ့်အရာတွေ ရှိသေးတဲ့အချိန်မှာ ဒီကြားထဲမှာတော့ အချင်းချင်း သဘောထား ကွဲလွဲမှုတွေရှိရင် လက်နက်နဲ့ ဖြေရှင်းတာမျိုးမဟုတ်ဘဲနဲ့ စားပွဲပေါ်မှာ တွေ့ဆုံ ဆွေးနွေးပြီးတော့ ဖြေရှင်းကြမယ်ဆိုတာက အဓိကအားဖြင့်ပါတာပေါ့” ဟု ချင်းပြည်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလ်က ပြောသည်။

ချင်းပြည်နယ်အတွင်း လက်နက်ကိုင်အင်အားစုများ ထိန်းချုပ်ထားသည့်မြို့များ

ရေရှည်အပစ်ရပ်စဲမှုရရှိရန် အပါအဝင် နောက်ထပ်ဆွေးနွေးပွဲများအတွက် ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းရန်လည်း ကနဦး သဘောတူညီချက်ရရှိခဲ့ကြောင်းလည်း နှစ်ဖက်တပ်များကဆိုသည်။

ချင်းတော်လှန်ရေးတပ်များအကြား ယာယီအပစ်ရပ်ရန် သဘောတူကြသော်လည်း ချင်းပြည်ကောင်စီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များအတွက် သဘောထားကွဲလွဲမှု၊ ချင်းပြည်ကောင်စီတွင်  ၎င်းတို့တပ်များပါဝင်ရေး စသည့်အရေးကြီးသည့် အချက်များအတွက် သဘောတူညီမှု  မရသေးကြောင်း  ထိုဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သည့် ချင်းညီနောင်အဖွဲ့၏ သဘာပတိအဖွဲ့ဝင် ဆလိုင်းပီတာထန်းက ဆိုသည်။

နောက်တစ်ကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ယခုနှစ်မကုန်မီထပ်မံ ပြုလုပ်သွားရန်ရှိကြောင်း ၎င်းကဆိုသည်။ 

စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်အတွင်း  ပြည်နယ်မြို့တော် ဟားခါးအပါအဝင် ဖလမ်း၊ မင်းတပ်၊ တီးတိန်မြို့ပေါ်ကို ထိန်းချုပ်ထားသည်။ 

ချင်းတော်လှန်ရေးတပ်ဖွဲ့များက ပြည်နယ်အတွင်း ဒေသအများအပြားကို ထိန်းချုပ်ထားသည်။

အိန္ဒိယအခြေစိုက် ZORO အဖွဲ့၏ ကမကထ ပြုမှုဖြင့် ချင်းတော်လှန်ရေးအင်အားစုများ စက်တင်ဘာ ၂၁ ရက်က မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့တွင် တွေ့ဆုံဆွေးနွေးစဉ်

ချင်းပြည်အစိုးရ (CC) နှင့် ချင်းအမျိုးသားတပ်ဦး (CNA/ CNF)

 ချင်းအမျိုးသားတပ်ဦး (CNA/ CNF) သည် နိုင်ငံအနောက်ပိုင်း ချင်းတောင်တန်းများပေါ်မှ သက်တမ်းရင့်တော်လှန်ရေးတပ်ဖြစ်ပြီး ၁၉၈၈ တွင် ဖွဲ့စည်းခဲ့သည်။ 

ထိုအဖွဲ့သည့် တနိုင်ငံလုံးအပစ်ရပ်ရေးစာချုပ် NCA ကို ၂၀၁၅ တွင်လက်မှတ်ထိုးခဲ့သော်လည်း ၂၀၁၁ စစ်တပ်က တကျော့ပြန်အာဏာသိမ်းချိန်တွင် စစ်ကောင်စီတပ်ကို ပြန်လည် တိုက်ခိုက်ခဲ့သည်။ 

အာဏာမသိမ်းခင်က အင်အား ၂၀၀ ခန့်သာရှိသည်ဟု သုတေသနအဖွဲ့များက ခန့်မှန်းထားသည့် CNA/ CNF သည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ယခင်ကထက် တပ်ဖွဲ့ဝင်အင်အား အဆမတန် များပြားလာခဲ့သည်။ CNA/ CNF သည် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ရိခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာနှင့်တွန်းဇံမြို့တို့ကို စစ်ကောင်စီလက်ထဲမှ သိမ်းပိုက်ထားသည်။
ချင်းပြည်အစိုးရ (CC)ကို ဝန်ကြီးဌာန ၁၄ ခုဖြင့် ယခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဝါရင့်လွှတ်တော်အမတ် ဦးပါထန်းက ဝန်ကြီးချုပ်အဖြစ် ဦးဆောင်သည်။ ထိုအစိုးရအဖွဲ့၏ အဓိကနေရာများဖြစ်သည့် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးနေရာများကို CNA/ CNF က တာဝန်ယူထားသည်။

CNA ဌာနချုပ်ဖြစ်သော Camp Victoria ၌ ပြုလုပ်သော အပတ်စဉ် (၄၈) အခြေခံစစ်သင်တန်းဆင်းပွဲကို ၂၀၂၂ စက်တင်ဘာအတွင်းက ပြုလုပ်နေစဉ်။ (ဓာတ်ပုံ-Chinland Information Center)

ကြားကာလချင်းအမျိုးသားကောင်စီ (ICNCC) နှင့် ချင်းညီနောင်အဖွဲ့ (CB) 

ချင်းညီနောင်တပ် (CB) သည် အာဏာသိမ်းပြီးနောက် ပေါ်လာသည့် မျိုးဆက်သစ် ချင်းတော်လှန်ရေးတပ်ပေါင်းစုဖြစ်သည်။

၂၀၂၃ ဒီဇင်ဘာတွင် ဖွဲ့စည်းသည့် ထိုအဖွဲ့ထဲတွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) စသည့် အဖွဲ့ ၆ ဖွဲ့ ပါဝင်သည်။

မတူပီ ခမရ (၃၀၄) မှ ဟောင်ဝစ်ဇာအမြောက်ကို သိမ်းထားသည့် ချင်းညီနောင်တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – ချင်းညီနောင်)

ချင်းတပ်များကြားမှ ပဋိပက္ခ 

ချင်းတော်လှန်ရေးတပ်များအချင်းချင်းအကြား လူသေဆုံးသည့်ပစ်ခတ်မှုများ ရှိခဲ့ကြသည်။

လက်နက်ကိုင်ပစ်ခတ်မှုများသည်  သက်တမ်းရင့်ချင်းတော်လှန်ရေးတပ်  ချင်းအမျိုးသားတပ်ဦး (CNA/ CNF)  နှင့် အာဏာသိမ်းပြီးနောက် ပေါ်လာသည့် ချင်းညီနောင်တပ် (CB) တို့အကြား အဓိက ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

ယခုဇန်နဝါရီတွင် ချင်းညီနောင်တပ် (CB)၏ တပ်ဖွဲ့ဝင်များနှင့်   ချင်းအမျိုးသားတပ်ဦး (CNA/ CNF) တို့အကြား မတူပီမြို့နယ်၊ လိုင်လင်းပီတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်ဖွဲ့ဝင်များ  သေဆုံးမှုများရှိခဲ့သည်။

ထို့နောက်တစ်လနီးပါးအကြာ ဖေဖော်ဝါရီလတွင် မတူပီမြို့နယ်၊ ပိုက်တေးရွာအနီး နှစ်ဖက်တပ်များ ထပ်မံတိုက်ခိုက်ကြာရာ CNA/ CNF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။

၎င်းတို့အကြား နောက်ဆုံးဖြစ်ပွားသည့် ပဋိပက္ခသည် ဇွန်လတွင် ပေါ်ပေါက်လာသည့် ချင်းပြည်နယ် မတူပီမြို့သိမ်း  တိုက်ပွဲတွင်ဖြစ်သည်။ စစ်ကောင်စီလက်ထဲမှ မြို့ကိုသိမ်းရန်ကြိုးစားကြသည့် ချင်းတော်လှန်ရေးတပ်နှစ်ဖွဲ့သည်  အချင်းချင်းပစ်ခတ်မှုများရှိခဲ့ကြသည်။

အိန္ဒိယအခြေစိုက် ZORO အဖွဲ့၏ ကမကထ ပြုမှုဖြင့် ချင်းတော်လှန်ရေးအင်အားစုများ စက်တင်ဘာ ၂၁ ရက်က မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့တွင် တွေ့ဆုံဆွေးနွေးစဉ်

Show More

Related Articles

Back to top button