သက်တမ်းရင့်ချင်းတော်လှန်ရေးတပ် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အာဏာသိမ်းပြီးနောက် ပေါ်လာသည့် ချင်းညီနောင်တပ် (CB) တို့အကြား သဘောထားကွဲလွဲရာမှ နှစ်ဖက်တပ်ဖွဲ့ဝင်များ သေဆုံးကြသည်အထိ ထိပ်တိုက်တွေ့လာကြသည်။
CNA က ရိခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာနှင့် တွန်းဇံမြို့၊ CB က ကျင်ဒွေးနှင့် မတူပီမြို့တို့ကို သိမ်းပိုက်ခဲ့သည်။
ချင်းပြည်နယ် ပလက်ဝမြို့ကို သိမ်းပိုက်ထားသည့် အာရက္ခတပ်တော် (AA)၊ အိန္ဒိယတွင် အခြေစိုက်ပြီး စစ်ကောင်စီ၏ မဟာမိတ်ဖြစ်နေသော ဇိုမီးတော်လှန်ရေးတပ် (ZRA)တို့ကလည်း ချင်းတောင်တန်းပဋိပက္ခထဲတွင် ပါဝင်နေပြန်သည်။
စစ်ကောင်စီကလည်း ပြည်နယ်မြို့တော် ဟားခါးအပါအဝင် မြို့တချို့ကို ဆက်လက်ထိန်းထားဆဲ ဖြစ်သည်။
CNF လက်ထောက်အထွေထွေအတွင်းရေးမှူး (၂) ဆလိုင်းထက်နီကို Myanmar Now က ဆက်သွယ်မေးမြန်းစဉ် သူက ငါးပွင့်ဆိုင်ချင်းပြည်ပဋိပက္ခများအကြား ၎င်းတို့၏ရပ်တည်ချက်နှင့် နောက်ဆုံးစစ်ရေးအခြေအနေအကြောင်း ပြောပြထားသည်။
မေး – ဇိုမီးတော်လှန်ရေးတပ် (ZRA) နဲ့ ဆွေးနွေးပွဲက အိန္ဒိယမှာ ဘယ်နေ့က လုပ်ပြီး ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ ပြောပြပေးပါ။
ဖြေ – ကျွန်တော်တို့ CNF နဲ့ ZRO အဖွဲ့နဲ့ ကျွန်တော်တို့ ဒီလ (ဇူလိုင်လ) ၂၇ ရက်နေ့မှာ မီဇိုရမ်မှာ ၂ ဖက်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တယ်။ အဓိကကတော့ ကျွန်တော်တို့သည် နွေဦးတော်လှန်ရေးကာလမှာ အချင်းချင်းကြား စစ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရ အချင်းချင်းထဲမှာ ပွတ်တိုက်မှုတွေရှိနေတဲ့ အကြောင်းနဲ့ပတ်သက်ပြီးတော့ သူတို့က ကမကထပြုပြီး ပြန်လည် ဆက်စပ်နိုင်ရေးဆိုတဲ့ ခေါင်းစဉ်ကနေ တွေ့ဆုံပေးတာဖြစ်ပါတယ်။
အဓိကကတော့ ကျွန်တော်တို့တွေဟာ ညီရင်းအစ်ကိုတွေဖြစ်တယ်၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာရှိတဲ့ သွေးချင်းတွေဖြစ်တယ်။ အဲဒါ အချင်းချင်းကြား ပြဿနာတွေဘာတွေရှိလာရင် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ အဲဒီသဘောထားပေးကြတဲ့အဆင့်ပါ။ နိုင်ငံရေးအရ ထွေထွေထူးထူး ပေါ်လစီချတာတို့ ဘာတို့ကတော့ မရှိသေးဘူးပေါ့။
( မှတ်ချက် – ZRA သည် အိန္ဒိယအစိုးရနှင့် သဘောတူညီချက်ရရှိပြီး ပြည်သူ့စစ်အသွင် ရပ်တည်နေသည်။ ချင်းပြည်နယ်အတွင်း ဇိုမီးလူမျိုးများနေထိုင်ရာဒေသကို ဇိုဂမ် ခေါ် ဇိုမီးပြည်အဖြစ် မှတ်ယူကာ လှုပ်ရှားနေသည်)
မေး – ZRA က ရှေ့ဆက်ပြီး စစ်ကောင်စီနဲ့ဆက်ပေါင်းမယ်၊ မပေါင်းဘူး ကတိပေးတာရှိလား။
ဖြေ – ဒီတစ်ခါ ကျွန်တော်တို့ တွေ့ဆုံတဲ့အထဲမှာ စစ်ကောင်စီနဲ့ ပူးပေါင်းရေး၊ မပူးပေါင်းရေးကိစ္စကိုလည်း ဆွေးနွေးကြည့်တာပေါ့။ ဒါပေမဲ့လည်း ဒီပွဲမှာ မြန်မာပြည်ထဲ ဝင်လှုပ်ရှားတဲ့ Eastern Command က ပုဂ္ဂိုလ်တွေ မရှိပြန်ဘူး။ အရှေ့ခြမ်းမှာ လှုပ်ရှားနေတဲ့ ကိစ္စတွေကို သူတို့ ခေါင်းဆောင်ပိုင်းတွေက ဂဃနဏ မသိဘူးပေါ့။ ဒါကြောင့် သူတို့ကို အရှေ့ဘက်ခြမ်းက ကိစ္စကို သေချာလေး လေ့လာပေးကြပါလို့ တောင်းဆိုထားတာရှိတာပေါ့။
မေး – ဆက်ပေါင်းရင် CNF က ဘာဆက်လုပ်မလဲ။
ဖြေ – ကျွန်တော်တို့ Chinland မှာ အဲဒီလိုမျိုး လုပ်နေတယ်ဆိုရင် အိန္ဒိယရဲ့ နိုင်ငံရေးမှာ ပါဝင်စွက်ဖက်တာတို့၊ ဘာတို့နဲ့ ဆက်ပြီးပေါင်းဖက်ဖို့က အခက်အခဲဖြစ်သွားမယ်ပေါ့။ စစ်ကောင်စီနဲ့ (ZRA တပ်တွေ) မပူးပေါင်းဖို့က ကျွန်တော်တို့ရဲ့ အဓိကဆန္ဒပေါ့။
မေး – အရင်က ZRA နဲ့ CNF ကြား တိုက်ပွဲတွေဖြစ်ခဲ့တာရှိတယ်လို့ သိထားပါတယ်။ အဲဒီတိုက်ပွဲတွေက ဘယ်လောက်ဖြစ်ခဲ့တာလဲ။ ပြောပြပေးလို့ရမလား။
ဖြေ – အဲဒါတွေက ဒီနှစ်ထဲမှာလည်း ဖြစ်ပါတယ်။ မနှစ်ကလည်း ဖြစ်ပါတယ်။ အဓိကတော့ ကျွန်တော်တို့ အခြေစိုက်တဲ့ မြန်မာပြည်ဘက်အခြမ်းမှာတော့ တွန်းဇံနဲ့ တီးတိန်မြို့နယ်ထဲမှာ ဇိုမီးဆိုတဲ့ အမည်ခံပြီးတော့ အဲဒီလိုရှိတယ်။ ကျွန်တော်တို့ CNF ကတော့ ချင်းပြည်အနှံ့မှာ ရှိတယ်။ အဲဒီဘက်မှာ သူတို့က ဇိုမီးနယ်မြေဆိုပြီးတော့ သီးသန့်လာပြီး နယ်မြေချဲ့တာပေါ့။ အဲဒီလိုလာတဲ့အခါ အောက်ခြေမှာ ပွတ်တိုက်မှုတွေဖြစ်သွားတာပေါ့။
ဒီနှစ်ထဲ ချင်းပြည်ကောင်စီ (CC) ဘက်က တွန်းဇံမြို့သိမ်းတိုက်ပွဲ လုပ်ဆောင်တယ်။ ဒီဘက်က စစ်ဆင်ရေးလုပ်တဲ့အခါမှာ သူတို့က လမ်းမှာ စောင့်ပြီးပစ်တာတွေရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီကို ပစ်တဲ့နေရာမှာ သူတို့ကလည်း စစ်ကောင်စီဘက်ကနေ ပါနေတော့ အဆစ်ပါသွားတာပေါ့။ အထိအခိုက်ရှိတာပေါ့။ အဲဒါပါ။ ကျွန်တော်တို့အနေနဲ့ သူတို့ကို ပစ်တာမဟုတ်ဘဲ စစ်ကောင်စီကို ပစ်တဲ့အခါမှာ အဲဒီလိုမျိုး သူတို့က စစ်ကောင်စီဘက်ကနေ ပါလာတာပေါ့။ အဲဒီပြဿနာတွေ ပိုပြီးကြီးမသွားအောင်ဆိုပြီး အခုက တွေ့ဆုံဆွေးနွေးတဲ့ အခင်းအကျင်းမျိုးပါ။
မေး – ချင်းညီနောင်အဖွဲ့နဲ့ ပဋိပက္ခ နောက်ဆုံးအခြေအနေက ဘယ်လိုဖြစ်နေပါသလဲ။
(မှတ်ချက် – ၂၀၂၃ ဒီဇင်ဘာတွင် ဖွဲ့စည်းသည့် Chin Brotherhood (CB) ဟု ခေါ်သည့် ချင်းညီနောင်အဖွဲ့သည် ရခိုင်တပ် AA နှင့် မဟာမိတ်လည်းဖြစ်သည်။ ထိုအဖွဲ့တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) စသည့် အဖွဲ့ ၆ ဖွဲ့ ပါဝင်သည်။)
ဖြေ – ကျွန်တော်တို့က ချင်းပြည်ကောင်စီ (CC) ဆိုပြီး အဲဒီလိုမျိုးသွားတဲ့နေရာမှာ သူတို့နဲ့ ညှိနှိုင်း စကားပြောဖို့ အမြဲကမ်းလှမ်းတာတွေတော့ ရှိတာပေါ့။ အဲဒီလိုမျိုး ဆက်လုပ်သွားမှာပါ။ သူတို့ဘက်ကလည်း ကျွန်တော်တို့ကို ပစ်တယ်ဆိုပြီး ပြောနေတာရှိတယ်။ ကျွန်တော်တို့ကတော့ သူတို့ ဦးတည်ပြီးတော့ ဘယ်တော့မှ မပစ်ပါဘူး။ အဲဒီအဖွဲ့ ၆ ဖွဲ့ပေါ့။ ကျွန်တော်တို့က ချင်းပြည်ကို စစ်ရေးနိုင်ငံရေးအရ ကျွန်တော်တို့ သဘောမတူဘဲ ဝင်လာတဲ့ AA ကို ဆွေးနွေး ညှိနှိုင်းထားတယ်။ မရတော့တဲ့အဆုံး စစ်ရေးနဲ့ ဖြေရှင်းတဲ့အဆင့်အထိ ရောက်လာတာပေါ့။ ကျွန်တော်တို့ကတော့ ချင်းပြည်ကောင်စီ (CC) မှာ မပါဝင်လာသေးတဲ့အဖွဲ့တွေကို ဦးတည်ပြီးမပစ်ဘူး။ AA နဲ့ ကျွန်တော်တို့ ပွတ်တိုက်တဲ့နေရာမှာ AA ဘက်ကနေ ပါဝင်လာလို့ သူတို့က အဆစ်ပါသွားတာပေါ့။ ကျွန်တော်တို့အလိုချင်ဆုံးက AA က ချင်းတောင်တန်းကနေ ရိုးရိုးသား ရုပ်သိမ်းလိုက်ပြီဆိုရင် ကျွန်တော်တို့ထဲက ပြဿနာကို မဖြေရှင်းနိုင်စရာမရှိပါဘူး။ ဒါကို ကျွန်တော်အာမခံပြောရဲပါတယ်။
မေး – CNF အနေနဲ့ ဘာဆက်လုပ်သွားဖို့ရှိမလဲ။
ဖြေ – ကျွန်တော်တို့ကတော့ အရေးတော်ပုံအောင်မြင်သည်အထိ ဆက်လက်ပြီး မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင်သွားမှာပါ။ အခုချင်းပြည်နယ်မှာ စစ်ကောင်စီကျန်နေတာက မြို့ပေါ်မှာပေါ့။ ကန်ပက်လက်၊ မင်းတပ်၊ ဟားခါး၊ ဖလမ်း၊ တီးတိန်ရယ်၊ ထန်တလန်ရယ်ပေါ့။ ထန်တလန်မှာကတော့ သူတို့ရော၊ ကျွန်တော်တို့ရော မြို့ထဲမှာ တပ်စွဲထားတယ်။ ဒီရက်ပိုင်းလည်း ထန်တလန်မြို့ထဲမှာ ပစ်ခတ်မှုတွေရှိတယ်။ ထန်တလန်မှာ စစ်ဆင်ရေးတွေလုပ်ဖို့ ရှိမယ်။ အဲဒါမတိုင်ခင် ဟားခါးကနေ ထန်တလန်ကြား စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို ကျွန်တော်တို့ဘက်က သိမ်းထားတာပေါ့။ ထန်တလန်စစ်ဆင်ရေးပေါ့။ မြို့ရရှိရေး လုပ်သွားမှာပါ။
(သြဂုတ် ၅ ရက်နေ့တွင် ထန်တလန်ရှိ စစ်စခန်းအားလုံးကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။)
မေး – CB / AA တို့နဲ့ရော ဆွေးနွေးမှုရှိနေလား။
ဖြေ – ကျွန်တော်တို့ AA နဲ့ CB နဲ့ ဆွေးနွေးမှုနဲ့ပတ်သက်ပြီး ကမ်းလှမ်းထားတာတွေတော့ ရှိတယ်။ ဒါပေမဲ့ သူတို့ဘက်က ရေရာတဲ့တုံ့ပြန်မှုတွေတော့ မရှိသေးပါဘူး။
မေး – မဏိပူရ်ပြည်နယ်အစိုးရနဲ့ အိန္ဒိယအစိုးရတို့ရဲ့ မြန်မာပြည်ထဲက ချင်းတော်လှန်ရေးတပ်တွေပေါ်ထားတဲ့ သဘောထားနဲ့မူဝါဒကို သိပါရစေ။
ဖြေ – ကျွန်တော်မြင်ရသလောက်တော့ မဏိပူရ်ပြည်နယ်အစိုးရရော၊ အိန္ဒိယဗဟိုအစိုးရရော သူတို့ကတော့ နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေးက သူတို့အလိုချင်ဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ နွေဦးတော်လှန်ရေးကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ ပေါ်လစီတွေဘာတွေ ဆွေးနွေးတာတော့ မရှိဘူးခင်ဗျ။
ဒါပေမဲ့ နွေဦးတော်လှန်ရေးကြောင့် ဖြစ်လာတဲ့ စစ်ဘေးရှောင်တွေ အတွက်တော့ အတတ်နိုင်ဆုံးပံ့ပိုးမှုတော့ရှိတာပေါ့။ ပံ့ပိုးတယ်ဆိုတဲ့နေရာမှာ စစ်ဘေးရှောင်တွေကို ဖမ်းဆီးတာတို့ဘာတို့ လုံခြုံရေးတင်းကျပ်တာတို့ မလုပ်ဘူးဗျ။ လူမှုရေးအရဝင်လာတဲ့သူတွေကို သူတို့ရဲ့ဒေသခံပြည်သူတွေကနေတစ်ဆင့် လွတ်လွတ်လပ်လပ်ပေါ့၊ စိတ်တွေဘာတွေ ကျဉ်းကျပ်မှုမရှိအောင်ထားတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။
မေး – လက်ရှိ ချင်းပြည်နယ်မှာ CNF က ဖော်ဆောင်နေတဲ့ တော်လှန်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဘာတွေလုပ်နေတယ်ဆိုတာ ပြောပြလို့ရမလား။
ဖြေ – ကျွန်တော်တို့တွေကတော့ အဓိကတော့ ၂၀၂၀ မှာ အရွေးခံ၊ နွေဦးတော်လှန်ရေးမှာပါတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ ပြီးရင် CNF အစုအဖွဲ့၊ အခုနွေဦးတော်လှန်ရေးကနေ ပေါ်လာတဲ့ ဒေသကာကွယ်ရေး အုပ်ချုပ်ရေးတပ်ဖွဲ့ ဆိုပြီးတော့ Stakeholders သုံးဖွဲ့နဲ့ ချင်းပြည်အစိုးရဆိုပြီး ဖွဲ့စည်းတယ်။ အဲဒီအောက်ကနေ ကာကွယ်ရေးကိစ္စကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနဆိုပြီး လုပ်ပြီးမှ လက်နက်ကိုင်တပ်ဖွဲ့ပြီးတော့ ကျွန်တော်တို့ ချင်းအမျိုးသားတပ်မတော် (CNA) လည်း ပေါင်းစည်းပြီးတော့ လုပ်ထားတယ်။ အဲဒီလိုနဲ့ စစ်ဆင်ရေးလုပ်နေတယ်။
တစ်ဖက်မှာ အဲဒီလိုမဟုတ်ဘဲ တချို့က မပါဝင်လာနိုင်သေးတဲ့ဟာ ရှိတာပေါ့။ သူတို့ကတော့ ဟိုဘက် ရခိုင်ညီအကိုတွေကို သွားဖိတ်ပြီးတော့ AA ကို ဖိတ်ပြီးမှ ချင်းပြည်နယ်မှာ စစ်ဆင်ရေးလုပ်နေတာတွေရှိတာပေါ့။ အဲဒီလိုမျိုးရှိတဲ့ အခင်းအကျင်းနဲ့ ကျွန်တော်တို့အားလုံးဟာ အနိမ့်ဆုံးအဆင့် ချင်းပြည်နယ်ကနေ စစ်ကောင်စီကင်းစင်ရေး ဦးတည်ချက်ကတော့ အားလုံးက အတူတူပဲပေါ့။ ဆိုတော့ ၂ ဖွဲ့ပဲရှိရှိ၊ ၃ ဖွဲ့ပဲရှိရှိ စစ်ကောင်စီကို ကင်းစင်ရေး ဦးတည်ချက်မှာတော့ တူကြပါတယ်။
ဒါပေမဲ့ နိုင်ငံရေးအရပြောရရင်တော့ ကျွန်တော်တို့ ချင်းပြည်ကတော့ မျိုးနွယ်စုတွေများတော့ သဘောထားခံယူချက်အလိုက် ကိုယ့်ဒေသကိုယ်အလေးတဲ့အနေအထားမျိုးတွေက အခုလက်ရှိမှာ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေကတော့ ကျွန်တော်တို့ရဲ့ အတွင်းရေးပြဿနာသာဖြစ်ပါတယ်။ ဖြေရှင်းလို့ရပါတယ်။ အဓိက ကျွန်တော်တို့လိုချင်တာက အခုလို ချင်းပြည်မှာ ကျွန်တော်တို့တွေ ပိုပြီးသွေးကွဲစေတာမျိုး ဖြစ်မလာဖို့ အလိုရှိဆုံးဆန္ဒဖြစ်ပါတယ်။