သတင်း

“အစိုးရဆိုတဲ့သူတွေက ဘာမှစိတ်ဝင်စားမှု မပြတာ အံ့ဩစရာ ကောင်းတယ်” – အင်တာဗျူး

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ထိုင်းလွှတ်တော်တွင် အရေးဆိုပေးနေစဉ် မြန်မာနိုင်ငံရေးသမားတို့လည်း အလုပ်သမားအရေး ဆောင်ရွက်ကြရန် FED အဖွဲ့မှ ဦးထူးချစ်က တိုက်တွန်းလိုက်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ မြန်မာကလေးငယ် ၁,၀၀၀ ကျော် ပညာသင်ကြားနေသည့် မေတ္တာရိပ်စာသင်ကျောင်းသည် ထိုင်းအာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာ ၄ တွင် ကျောင်းပိတ်လိုက်ရသည်။

ထိုကျောင်းပိတ်လိုက်ရပြီးနောက် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစုဝင်ကလေးငယ်တို့ ပညာသင်ကြားနေသည့် စာသင်ကျောင်းများ၏ အနာဂတ်မှာ စိုးရိမ်စရာ ဖြစ်လာသည်။ 

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တွင် အခြေစိုက်ပြီး မဲဆောက်မြို့၊ မယ်ဟောင်ဆောင်မြို့များတွင် ရုံးခွဲငါးခု၊ စာသင်ကျောင်း (Learning Centre) နှစ်ခုဖွင့်ထားသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ညွှန်ကြားရေးမှူးချုပ် ဦးထူးချစ်ကို မြန်မာရွှေ့ပြောင်း အလုပ်သမားမိသားစုဝင် ကလေးငယ်များ၏ ပညာရေးလိုအပ်ချက်၊ ပြင်ဆင်သင့်သည့်အချက်များနှင့် ဆင်ခြင်သင့်သည့် အချက်များကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ 

မေး − ၂၀၂၁ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ထိုင်းကိုရွှေ့ပြောင်းလာသူတွေလည်း ပိုများလာတယ်၊ သူတို့ကလေးတွေပညာရေးအတွက် ဘာတွေလိုအပ်နေသလဲ၊ ဘာတွေပြင်ဆင်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ − ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ သာမန်အောက်ခြေသိမ်း အလုပ်တွေကို လာလုပ်ကြတဲ့ အလုပ်သမားတွေ အများဆုံးပေါ့။ ခုစစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ လာတာတွေက စွမ်းရည်ရှိတဲ့ Skill Labour လို့ခေါ်တဲ့ Professional ရွှေ့ပြောင်းအလုပ်သမားတွေ အများကြီးပါလာတယ်။ အဓိကအားဖြင့်  ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်း​တွေက မြင်သာ၊ ထင်သာတယ်။

ကျန်းမာရေးဝန်ထမ်း သူနာပြုကနေ ပါမောက္ခအထိ ပြေးလာကြတာရှိသလို မူလတန်းပြ ဆရာမကနေပြီး တက္ကသိုလ် ပါမောက္ခတွေအထိ ရောက်နေတာရှိတယ်။ ဒါကို ထိုင်းလူ့အဖွဲ့အစည်းအနေနဲ့ စတင်ပြီးတော့ ဆွေးနွေးနေတာရှိတယ်။ ထိုင်းနိုင်ငံက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်အောင် တောင်းဆိုရမယ်၊ မေတ္တာရပ်ခံရမယ်။ ကျွန်တော်တို့မှာ တိကျတဲ့ သုတေသနစာတမ်းတွေရှိရမယ်။ ကျွန်တော်တို့ ပညာရေး ဝန်ထမ်းတွေ ဘယ်လောက်ရှိလဲ၊ ကျန်းမာရေး ဝန်ထမ်းတွေ ဘယ်လောက်ရှိလဲ၊ သတင်းစာဆရာတွေ၊ အင်ဂျင်နီယာတွေ အခြားအမျိုးအမည်မသိတဲ့ ပညာရှင်တွေ အများကြီး ပြေးလာကြတာကိုတွေ့ရတယ်။

အဓိကတော့ တချို့ကိစ္စတွေမှာ ထိုင်အစိုးရသတ်မှတ်ထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လုပ်ခွင့်ပြုတဲ့ဟာတွေပေါ့၊ အဲဒီ ဥပဒေတွေကိုပါ ပြောင်းလဲနိုင်အောင် ပြင်ဆင်နိုင်ရမယ်။ အဓိကကတော့ ထိုင်းအစိုးရကို ပြောတာကတစ်ပိုင်းပေါ့။ ထိုင်းလွှတ်တော်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ ကြားနာပွဲမှာ အတိုက်အခံတွေက တော်တော်လေးပြောတာ ကျွန်တော်တို့ပြောတာထက်တောင် အများကြီးပိုကောင်းပါသေးတယ်။ သူတို့က နိုင်ငံရေးသမားတွေ လက်ရှိအစိုးရကို ပြောထားတယ်။

ကျောင်းပိတ်တဲ့ကိစ္စက အင်မတန်အန္တရာယ်ရှိတယ် ဆိုတဲ့အကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပညာရေးဟာ နှစ်နိုင်ငံလူ့အဖွဲ့အစည်း၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်မတန်ကိုမှ အရေးကြီးတဲ့ အချက်တွေကိုပြောထားတယ်။ 

ထိုင်းနိုင်ငံက ပြဋ္ဌာန်းထားတဲ့ Education For All ပညာရေးသည် အားလုံးအတွက် ဖြစ်ရမည်ဆိုတဲ့ ၂၀၀၅ ခုနှစ်  ဥပဒေ၊ ထိုင်းနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ CRC ကလေးသူငယ်များဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂစာချုပ်တွေပေါ့၊ သူတို့က အဲဒီကိစ္စတွေကိုပါ ဝေဖန်နေတာ။ ခုလိုကျောင်းတွေကို ပိတ်လိုက်တာဟာ ထိုင်းနိုင်ငံအနေနဲ့ အင်မတန်အရှက်ရစေတယ်ပေါ့။ သူတို့ကိုပါ ဘတ်ဂျက်တွေ သတ်မှတ်ပြီးတော့ ကူညီသင့်တယ်ဆိုတဲ့အထိ တောင်းဆိုမှုတွေ လွှတ်တော်ထဲမှာ တွေ့နေရတယ်။

FED− ညွှန်ကြားရေးမှူးချုပ် ဦးထူးချစ်

တစ်ချိန်တည်းမှာ ထိုင်းလူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ထိုင်းနိုင်ငံရေးသမားတွေ၊ ထိုင်းအစိုးရတွေ ကိုယ်တိုင်က ဒီရွှေ့ပြောင်းအလုပ်သမားပညာရေးကို သတိထားမယ်၊ လုပ်ပါမယ်ဆိုတဲ့ ပုံစံမျိုးတွေကို ကျွန်တော်တို့ကြားရတဲ့အချိန်မှာ ဗမာလူ့အဖွဲ့အစည်း၊ ဗမာအစိုးရလို့ ကိုယ့်ကိုယ်ကိုယ် ပြောနေတဲ့လူတွေအတွက်က သိပ်အရေးကြီးလာတယ်။ ကျွန်တော်တို့မှာစနစ်ကျတဲ့ ပြင်ဆင်မှုတွေ မရှိဘူး။ ကျွန်တော်တို့ ကလေး ၃၀ ရှိတဲ့ ပတ်ဝန်းကျင်မှာ ကျောင်းထောင်လိုက်မယ်။ ကလေး တစ်ယောက်ကို ဘတ် ၁,၀၀၀ ကောက်မယ်။ ကလေး ၃၀ ဆို ၃၀,၀၀၀ ရမယ်ဆိုတဲ့ အခြေခံစဉ်းစားချက်နဲ့ ကျောင်းဖွင့်တဲ့သူတွေက အများကြီးဖြစ်နေတယ်။ 

တကယ်လို့ ရွှေ့ပြောင်းပညာရေးလုပ်မယ်ဆိုရင် ပွင့်လင်းမြင်သာရမယ်၊ ထိုင်းအစိုးရ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ လိုက်နာကျင့်သုံးပြီးတော့ ဒေသခံထိုင်းလူမျိုးတွေရဲ့ အကူအညီကို ရအောင်ယူပြီးတော့ ဖွင့်ကိုဖွင့်ရမယ်။ သေချာတာကတော့ ရွှေ့ပြောင်းကျောင်းတွေဟာ နေရာတိုင်းမှာ ရှိကိုရှိရမယ်။ စနစ်တကျဖြစ်ဖို့ကို ကျွန်တော်တို့အနေနဲ့လည်းပြင်ဆင်သင့်တယ်။ နိုင်ငံတကာကလဲ စိုးရိမ်ကြောင်းတွေ မကြာခဏပြောနေတယ်၊ ထိုင်းအစိုးရအနေနဲ့ကလဲ ပြင်ဆင်တာတွေလုပ်ဖို့ ပြောနေတယ်၊ ကျွန်တော်တို့ကိုယ်တိုင်က သူများနိုင်ငံမှာ လူ လေး၊ ငါး၊ ခြောက်သန်း နေနေတဲ့ ကာယကံရှင် အစိုးရဆိုတဲ့သူတွေက ဘာမှပြင်ဆင်ချက်မရှိသလို ဘာမှစိတ်ဝင်စားမှု မပြတာ အံ့ဩစရာ ကောင်းတယ်။ တိုင်းပြည်အတွက်လည်း အန္တရာယ်ရှိပါတယ်။

မြန်မာနိုင်ငံတွင်း ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း မဲ့ဟောင်ဆောင်မြို့သို့ တိမ်းရှောင်လာသည့် မိခင်တစ်ဦးကို ၂၀၂၁ ခုနှစ်အတွင်းတွေ့ရစဉ်။ (ဓာတ်ပုံ -AFP)

မေး − လတ်တလောမှာ ရွှေ့ပြောင်းအလုပ်သမား ကလေးတွေတက်တဲ့ကျောင်း တချို့လည်း အပိတ်ခံရတော့ ဒီအပေါ်မှာ ဘာများမှတ်ချက်ပေးချင်ပါသလဲ။ 

ဖြေ − ထိုင်းနိုင်ငံမှာနေရင်တော့ ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ ဓလေ့ထုံးတမ်းစဉ်လာတွေ၊ ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်တွေ၊ ဒါတွေပါ သင်ပေးပြီးတော့ လေးစားလိုက်နာအောင်တော့ လုပ်ရမယ်။ သူ့ဥပဒေက ပြဋ္ဌာန်းချက်ဖြစ်တယ်။ စူရဋ္ဌာနီမှဖြစ်တဲ့ကိစ္စက ရွှေ့ပြောင်း အလုပ်သမားအရေးလုပ်နေတဲ့ သူတွေအတွက် အံ့ဩတယ်။ ထိုင်းအာဏာပိုင်တွေ ကိုယ်တိုင်ကလဲ ကျွန်တော်တို့ဆီကို လာပြီးတော့ ကျောင်းထဲမှာ ဘာကူညီပေးရမလဲ စသဖြင့်ပေါ့ လာမေးကြတယ်။ ခုလိုဖြစ်တာကို တချို့ထိုင်း လူမျိုးတွေကိုယ်တိုင်က စိတ်မကောင်းဖြစ်ရတာပေါ့။

တစ်ချိန်တည်းမှာပဲ ဘာသွားမြင်လဲဆိုတော့ ကျွန်တော်တို့လူမျိုးတွေက သူများနိုင်ငံမှာလာပြီးတော့ ကိုယ်လုပ်ချင်တာ လုပ်နေကြတာမျိုးကို မြင်ရတယ်။ ကျောင်းဖွင့်မယ်ဆိုရင် ဖွင့်လိုက်တာပဲ၊ ဘယ်သူနဲ့မှလဲ မတိုင်ပင်ဘူး၊ မစည်းရုံးဘူး။ ပိုက်ဆံတွေကလဲ ကောက်လိုက်တာပဲ။ ငွေစာရင်းရှင်းတမ်းတွေလဲ မလုပ်ဘူး။ ရွှေ့ပြောင်းကလေးငယ်တွေအတွက် ကျောင်းဖွင့်တာက စီးပွားရေးလုပ်ငန်းကြီးတစ်ခုလို ဖြစ်လာတယ်။  

ထိုင်းအစိုးရအနေနဲ့ကတော့ ကျွန်တော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေအတွက် ပြင်ဆင်ပေးဖို့ ဥပဒေကတော့ သတ်မှတ်ပေးသင့်တယ်။ ဥပမာအားဖြင့်ဆိုရင် (မြန်မာ)နိုင်ငံတော် သီချင်းဆိုလို့ ပိတ်တယ်ဆိုတဲ့ ပုံစံမျိုးတွေပြောတယ်၊ မဆိုခိုင်းနဲ့ပေါ့။ ဝတ်စုံဘယ်လိုဝတ်ရမယ်၊ ဘယ်သင်ရိုးသင်ရမှာ စတာတွေကို ရှင်းရှင်းလင်းလင်း လုပ်စေချင်တယ်။ ဒါဆိုရင် ဟိုဘက်၊ဒီဘက် လူ့အဖွဲ့အစည်းတစ်ခုလုံးက စိစစ်ပြီးသားဖြစ်တယ်။ သူတို့အနေနဲ့လည်း မလွှဲသာမရှောင်သာလို့ ဖမ်းလိုက်ရတဲ့အခြေအနေမှာ သူတို့လည်း အများကြီး သူတို့အချင်းချင်းဝေဖန်မှုတွေ၊ နိုင်ငံတကာ ဝေဖန်မှုတွေအထိ ရှိလာတယ်။ ကျွန်တော်ကတော့ ကိုယ်ချင်းစာတယ်၊ ကျွန်တော်ကိုယ်တိုင် မြင်နေတာကလည်း ကျွန်တော်တို့အဖွဲ့အစည်းကလူတွေ ကျောင်းတွေထောင်တာက လုံးဝ စနစ်မကျဘူး။ ထိုင်းနိုင်ငံရဲ့ ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေနဲ့ အများကြီး ကွဲလွဲနေတယ်၊ အများကြီး ချိုးဖောက်နေတယ်လို့ တွေ့နေရတယ်။ ဒါကြောင့်မို့လို့ ထိုင်းအစိုးရအနေနဲ့ စနစ်ကျတဲ့ ရွှေ့ပြောင်းအလုပ်သမား ကျောင်းလေးတွေကို ဘယ်လိုဖွဲ့စည်းရမလဲ၊ ဘယ်လိုပုံစံမျိုး လုပ်သင့်ပါတယ်ဆိုတဲ့ လမ်းညွှန်ချက် အမြန်ဆုံးထွက်ဖို့လိုတယ်။

ရွှေ့ပြောင်းအလုပ်သမားများအတွက် ဖွင့်လှစ်ထားသည့် ဘန်ကောက်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို ၂၀၁၈ ခုနှစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

မေး − ဒီလို ရွှေ့ပြောင်းလာတဲ့ ကလေးတွေရဲ့ ပညာရေးဖွံ့ဖြိုးအောင် မလုပ်ပေးနိုင်ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်ပါသလဲ။ 

ဖြေ − ပညာဆိုတာက ဘွဲ့ရဖို့၊ တက္ကသိုလ် ပါမောက္ခဖြစ်ဖို့ ဆိုတာမျိုးတွေအထိ မဟုတ်ပါဘူး။ အဓိကကတော့ သူတို့တွေ ရေးနိုင်ဖတ်နိုင်မယ်၊ သူတို့ လေ့လာချင်တဲ့ အသက်မွေးဝမ်းကျောင်း ပညာလေးတွေ လေ့လာနိုင်မယ်၊ အဲဒီလောက်ကို အခြေခံပဲစဉ်းစားပါတယ်။ အဲဒီ အခြေအနေကို မဖန်တီး၊ မဆောင်ရွက်ပေးနိုင်ဘူးဆိုရင်တော့ သိန်းနဲ့သန်းနဲ့ ချီတော့မယ့် ၁၈ နှစ်အောက် မြန်မာကလေးငယ်တွေကို လက်ခံထားတဲ့ နိုင်ငံအနေနဲ့က အများကြီး အန္တရာယ်ရှိလာနိုင်တယ်။ 

ဥပမာအားဖြင့်ဆိုရင် ရာဇဝတ်မှုချိုးဖောက်မှုတွေပေါ့၊ ထိုင်းဥပဒေလည်း မသိဘူး၊ ထိုင်းလူ့အဖွဲ့အစည်းရဲ့ အခြေအနေလည်းမသိဘူး၊ ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်လည်း မသိဘူး၊ ဘာမှ မသိဘဲနဲ့ ကိုယ့်ဟာကိုယ်နေမယ်၊ မူးယစ်ဆေးသုံးမယ်၊ ဥပဒေချိုးဖောက်မယ်၊ အဲဒါတွေဖြစ်လာရင် ထိုင်းနိုင်ငံအတွက်လည်း မကောင်းဘူး၊ ကျွန်တော်တို နိုင်ငံအတွက်လည်း မကောင်းဘူး။ ဘာသာစကားနဲ့ ထိုင်းလူ့အဖွဲ့အစည်းမှာ နှံ့စပ်ရမယ်၊ သိရမယ်။  ကိုယ်တိုင် ထိုင်းစကား တတ်မယ်၊ ထိုင်းစာတတ်မယ်ဆိုရင် ထိုင်းရဲ့ အဖွဲ့အစည်းတွေကို တိုက်ရိုက်တိုင်ကြားလို့ရမယ်။

ထိုင်းနိုင်ငံမှာ ထိုင်းလုပ်ငန်းတွေကို သူတို့ မလုပ်ချင်ကြတော့ဘူး။ သူတို့အစားထိုးရမယ်။ သူတို့ကန့်သတ်ထားတဲ့ လုပ်ငန်းတွေကိုလဲ ဖြေလျှော့ပေးဖို့ သုတေသနတွေ လုပ်နေကြတာတွေရှိတယ်၊ ဥပမာ သူနာပြုအကူပေါ့။ အရင် ရွှေ့ပြောင်းအလုပ်သမားတွေကို ပေးမလုပ်ဘူ။ အခုဆို ပေးလုပ်ဖို့အထိ ပြင်ဆင်နေတယ်။ သူတို့မှာ အဲဒီ သူနာပြုအကူ ၂၀၀,၀၀၀ လိုတယ်။ 

အဲ့တော့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး လုပ်နေကြတယ်လို့ ပြောနေတဲ့သူတွေ၊ အစိုးရလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့သူတွေက ရွှေ့ပြောင်းအလုပ်သမားအရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ လုပ်ကိုလုပ်ရမယ်။ ကျွန်တော်တို့ လာမယ့်အနာဂတ် ပြန်လည်ပြုစု ပျိုးထောင်ရေးမှာ ရွှေ့ပြောင်းအလုပ်သမား လူငယ်ပညာတတ်တွေ၊ လူလတ်ပိုင်းပညာတတ်တွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးလာလိမ့်မယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်တယ်။ ဖြစ်လည်းဖြစ်လာပါလိမ့်မယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့  ဖွံ့ဖြိုးရေး၊ ပညာရေး ကိစ္စတွေကို ကိုယ့်ကိုယ်ကိုယ် အစိုးရပါလို့ ပြောတဲ့သူတွေ သတိထားပါ၊ အဲဒါကို အမျိုးသားရေး လုပ်ငန်းစဉ် တစ်ခုအနေနဲ့ သတ်မှတ်ပြီးတော့ လုပ်နိုင်တဲ့လူတွေ၊ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်ပါလို့ ပြောချင်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားများအတွက် ဖွင့်လှစ်ထားသည့် ဘန်ကောက်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို ၂၀၁၈ ခုနှစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

မေး − ရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်လို့ ထိုင်းအစိုးရနဲ့ နိုင်ငံတကာကိုရော ဘာများတိုက်တွန်းချင်ပါသလဲ။ 

ဖြေ − အဓိကကတော့ အလုပ်သမားအရေးတွေကို ဆောင်ရွက်တယ်ဆိုရင်တော့ သုံးပွင့်ဆိုင်ပေါ့၊ အလုပ်ရှင်ရယ်၊ အစိုးရရယ်၊ အလုပ်သမားရယ်ပေါ့။ ကျွန်တော်တို့က အလုပ်သမားအနေနဲ့ ဒီဘက်ကနေပြီးတော့ ကူညီပြီးတော့ လုပ်ပေးမယ်။ ဥပဒေတွေက ရှိပြီးသားပဲ။ အစိုးရတွေအနေနဲ့က ဒီဥပဒေအတိုင်းပဲ ထိုင်းမှာရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားကလေးတွေရဲ့ ပညာရေးကို ဘယ်လိုမျိုး အကောင်အထည်ဖော်ကြမလဲ၊ တိကျခိုင်မာတဲ့ မူဝါဒပေါ့။ နှစ်နိုင်ငံအခြေခံပေါင်းပြီးမှ လုပ်ဖို့လိုတယ်။ 

နိုင်ငံတကာအနေနဲ့က   ရှိပြီးသားဥပဒေတွေကို ထိုင်းအနေနဲ့ လေးစားလိုက်နာရဲ့လား ဆိုတာကို သတိထားပြီးတော့ ထိုင်းကို (တိုက်တွန်းစေချင်တယ်)။  အရင်က ငါးဖမ်းလုပ်ငန်းနဲ့ ပင်လယ်စာလုပ်ငန်း တွေမှာလည်း အများကြီးတိုးတက်လာတယ်၊ အဲဒါက နိုင်ငံတကာရဲ့ ဖိအားတွေကြောင့်ပဲ။ ခုလည်းပဲ ကမ္ဘာလှည့်ခရီးသည်တွေ အများကြီး လက်ခံထားတဲ့နိုင်ငံဖြစ်တယ်၊ နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်တွေလည်း အများကြီးဝင်နေတယ်၊ နိုင်ငံတကာကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်ပါတယ်၊ ဒါကြောင့် နိုင်ငံတကာနဲ့ ထိုင်းအစိုးရကို မေတ္တာရပ်ခံတိုက်တွန်းစေချင်တယ်။

ပြီးတော့ နိုင်ငံတကာနဲ့ လက်တွဲဆောင်ရွက်နေတဲ့ ထိုင်းလုပ်ငန်းရှင်တွေကို အဓိက ပြောဆိုစေချင်တာက ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးများကို လေးစားလိုက်နာပေးပါ၊ အဓိကအားဖြင့်တော့ ရွှေ့ပြောင်းအလုပ်သမား ကလေးငယ်များ၊ ၁၈ နှစ်အောက် ကလေးငယ်များ၏ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံပါ၊ အဲဒါဆိုရင်တော့ ဖွံ့ဖြိုးရေးလုပ်ငန်း ပိုကောင်းလာလိမ့်မယ်ဆိုတဲ့ သတင်းစကား သူတို့ကိုပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ပြောချင်ပါတယ်။ 

မေး − ရွှေ့ပြောင်းနေထိုင်တဲ့ မြန်မာပြည်သားတွေရဲ့ပညာရေးစနစ်နဲ့ ပတ်သက်ပြီး ဦးဆောင်နေသူတွေကိုရော ဘာများတိုက်တွန်းချင်ပါသလဲ။

ဖြေ −  ခုဆိုရင် ရွှေ့ပြောင်းကျောင်းတွေ အပိတ်ခံရတာဟာ ကျွန်တော်တို့ အမျိုးသားပညာရေးစနစ်ကို ကန့်ကွက်တာနဲ့ တူတူပဲ။ ဒါကို သူတို့မြင်ဖို့လိုတယ်။ အဲဒါကို စနစ်တကျ ချဉ်းကပ်သင့်တယ်။ ဒီပညာရေးကိစ္စက အတိုက်အခံပဲဖြစ်ဖြစ်၊ လူတစ်ဦးချင်းပဲဖြစ်ဖြစ်၊ စစ်ကောင်စီပဲဖြစ်ဖြစ် ဗမာပြည်ကို ဖွံ့ဖြိုးတိုးတက်စေချင်တဲ့သူတိုင်းက ရွှေ့ပြောင်းပညာရေးကို ပံ့ပိုးဆောင်ရွက်ပြီးတော့ ကြိုးစားသင့်တယ်လို့ ပြောချင်ပါတယ်။

မေး − ထိုင်း အွန်လိုင်းလူမှုကွန်ရက်တွေမှာလဲ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပညာရေး၊စီးပွားရေး၊ လူမှုရေးတွေနဲ့ ပတ်သက်ပြီး လှုံ့ဆော်ရေးသားလာတာမျိုးရှိတယ်လို့ သိရတယ်။ အဲဒီ အခြေ အနေက ဘာကြောင့် ဖြစ်ပေါ်လာရတာလဲ။

ဖြေ − ခုဆိုရင် ထိုင်းလူမှုကွန်ရက်တွေမှာ ထိုင်းအစွန်းရောက်လို့ပဲ ပြောပြော၊ ထိုင်း အမျိုးဘာသာသာသနာ စောင့်ရှောက်သူတွေလို့ပဲဆိုဆို၊ တချို့ အဖွဲ့အစည်းတွေက ပူးပေါင်းပြီးတော့ သူတို့ ဝန်ကြီးဌာနကို စာပို့တာတွေရှိတယ်။ အဲဒါကလဲ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ၊ မြန်မာနိုင်ငံသားတွေအနေနဲ့က နွေဦးတော်လှန်ရေး နောက်ပိုင်းမှာ အလုံးအရင်းနဲ့ ဝင်လာပြီးတော့ ဒီထိုင်းနိုင်ငံမှာ ပိုပြီးတော့ ပြသနာတွေ ပိုပြီးတော့ ရှုပ်ထွေးလာတာကို မြင်ရတယ်။ ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ မညီတဲ့ တချို့စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်လာတာမျိုးတွေ၊ ကျောင်းတွေ ဖွင့်တာကအစ စီးပွားရေးဆန်ဆန် ဖွင့်နေတာမျိုးတွေကို ကျွန်တော်တို့တွေ့နေရတယ်။ 

ဒါကြောင့် မြန်မာမုန်းတီးရေးစိတ်အခြေခံရှိတဲ့ ထိုင်းအစွန်းရောက်တွေက ထိုင်းလူမှုကွန်ရက်တွေမှာ တောင်းဆိုမှုတွေရှိတယ်။ တချို့ တောင်းဆိုမှုတွေကိုတော့ ထိုင်းအစိုးရအနေနဲ့ လိုက်လျောနိုင်မယ်မထင်ပါဘူး။ မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေလဲ တွေ့ရတယ်။ ဒါကတော့ ဘာပဲ ပြောပြော ထိုင်းလူမှုကွန်ရက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် နေ့စဉ်နဲ့အမျှ မြန်မာမုန်းတီးရေး လှုံ့ဆော်နေတာတွေက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အများကြီးသတိထားရမယ့်ကိစ္စလို့ ပြောချင်ပါတယ်။ ပိုအရေးကြီးတာက မလိုလားအပ်တဲ့ ပြဿနာတွေ ရှေ့ဆက်ဖြစ်လာမှာ ကျွန်တော်တို့ အနေနဲ့ စိုးရိမ်ပါတယ်။

Show More

Related Articles

Back to top button