ဆောင်းပါး

ရေလိုနေတဲ့ ရေဘေးသင့်ဒေသများ

ညောင်တုန်း – မြန်မာပြည်တစ်ဝန်း ပြည်သူအများအပြား ရေဘေးဒဏ် ဆိုးဆိုးရွားရွား ကြုံတွေ့ရချိန်နဲ့ ရေကျပြီးနောက်ပိုင်း ရင်ဆိုင်နေရတာကတော့ သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေး ဖြစ်ပါတယ်။

မြို့ကြီးတွေမှာလို ပိုက်လိုင်းကနေ ရေဖြန့်ဝေခြင်းမရှိတဲ့ ရေဘေးသင့်ဒေသတွေမှာ သောက်သုံးရေအတွက် အားကိုးရတာကတော့ ရေတွင်းရေကန်များဖြစ်ပြီး ဒီကန်တွေ အဆိုးဆုံး ထိခိုက်ပျက်စီးသွားတာကို ရခိုင်၊ မွန်၊ စစ်ကိုင်း စတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတို့မှာ တွေ့ရမှာပါ။ ဒီလိုသောက်သုံးရေကန်တွေ၊ ရေတွင်းတွေ ညစ်ညမ်းပျက်စီးသွားတာကြောင့် ရေဘေးသင့်ခံရတဲ့ဒေသတွေမှာ နေထိုင်နေတဲ့ ပြည်သူတွေဟာ သန့်ရှင်းတဲ့ရေ လုံလုံလောက်လောက် မရကြဘူးလို့အစိုးရတာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။

အစိုးရနဲ့ ကုလသမဂ္ဂတို့ရဲ့ သြဂုတ်လ ၁၇ ရက်နေ့ထိ ထုတ်ပြန်ချက်များအရ လူပေါင်း ၁၅ သိန်းကျော် ရေဘေးဒဏ်ခံနေရပြီး၊ ၃၄ဝ,ဝဝဝ ကျော် နေအိမ်တွေကနေ ပြောင်းရွှေ့ခဲ့ရတယ်၊ လယ်ဧက ၇ သိန်းကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် စားနပ်ရိက္ခာ အကျပ်အတည်းဖြစ်ပေါ်ပြီး စားသောက်ကုန်စျေးနှုန်း မြင့်တက်တော့မယ်ဆိုပြီး စိုးရိမ်မှုတွေ ထွက်ပေါ်နေတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်း ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းမှာ ရေကျသွားပေမဲ့ ဧရာဝတီတိုင်းဒေသကြီးထဲက မြို့နယ် ၁၇ ခုကတော့ ရေဘေးဒဏ် ဆက်လက်ခံစားနေရပါတယ်။

ရေလိုအပ်သူများ

ပြည်နယ် ၄ ခုနဲ့ တိုင်းဒေသကြီးတွေမှာ သောင်းနဲ့ချီတဲ့လူတွေဟာ သန့်ရှင်းတဲ့ သောက်ရေ၊ သုံးရေ မရဘူးလို့ ဒေသခံအာဏာပိုင်တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။ နောက်ဆုံးရရှိတဲ့သတင်းတွေအရ သြဂုတ်လ ၅ ရက်နေ့က မကွေးတိုင်းပွင့်ဖြူမြို့နယ်က လူပေါင်း ၃ဝ ခန့်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အစောပိုင်းက လူပေါင်း ၄ဝနီးပါး ဝမ်းရောဂါဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးလွင်ငြိမ်းက ဆိုပါတယ်။

ကျေးရွာပေါင်း ၃ဝဝ ရေဘေးဒဏ်ခံရတဲ့ ရခိုင်ပြည်နယ်မှာတော့ ရေအောက်ရောက်သွားတဲ့ သောက်သုံးရေကန် ၁,ဝဝဝ ကျော်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက Myanmar Now ကို ပြောပြပါတယ်။

“(ကန်ထဲက ရေဆိုးတွေကို) အမြန်ဆုံး ပြန်စုပ်ထုတ်ပြီး သန့်စင်ဖို့ လိုပါတယ်။ အဲဒီလိုလုပ်မှ နောက်ထပ်ရွာမယ့် မိုးရေကို ပြန်သိုလှောင်နိုင်မှာ” လို့ ဦးတင်မောင်ဆွေက ရှင်းပြပါတယ်။

ပြန်လည်ထူထောင်ရေးကာလ အလှူရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ ဒီသောက်သုံးရေကန်တွေ ပြန်သန့်ရှင်းရေးကို ဦးစားပေးရမယ်လို့ သူက ဆက်ပြောပါတယ်။

ရေမနစ်မြုပ်တဲ့ သောက်သုံးရေကန်ပေါင်တွေပေါ် တိရစ္ဆာန်တွေကို ရွှေ့ပြောင်းထားကြတဲ့အတွက် သူတို့ရဲ့ အညစ်အကြေးတွေကြောင့် ကန်တွေညစ်ညမ်းခဲ့ကြောင်း ရင်ပြည်နယ်ပြောရေးခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဦးလှသိန်းက ပါတယ်။

ရေပြန်ကျသွားတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း ပြန်လည်တူးဖော်ရေး၊ သန့်ရှင်းရေးလုပ်ရမယ့် သောက်သုံးရေကန် ၂၅ဝ ကျော် ရှိနေတယ်လို့ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်က Myanmar Now ကို ပြောပြတယ်။

“ကန်ထဲကို မြစ်ရေတွေက ဝင်သွားတော့ ဒီဟာကို အမြန်ဆုံး စုပ်ထုတ်ဖယ်ရှားဖို့ အစိုးရအဖွဲ့ရော ပုဂ္ဂလိကအလှူရှင်တွေကပါ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒီမိုးတွင်းမှာ အပြီးပြန်လုပ်မှာပါ” လို့ သူက ရှင်းပြပါတယ်။

ရေသန့်ဘူးများနှင့် အသက်ရှင်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က အိမ်တိုင်းနီးပါးမှာ ရှိတဲ့ ရေတွင်းများ ပျက်စီးကုန်တဲ့အတွက် သောက်သုံးရေအခက်အခဲဟာ “ပြဿနာအကြီးဆုံးဖြစ်နေပြီ” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုအာကာက ပြောပြတယ်။

“ရေပြန်ကျသွားပေမဲ့ ရေတွင်းတွေမှာ နုန်းတွေ ဖုံးလွှမ်းသွားပြီ။ တချို့ အမြင့်ပိုင်းက ရှိနေတဲ့ ရေတွင်းတွေကျတော့ ဘာကြောင့်မှန်းကို မသိဘဲ ရေတွေ ခန်းသွားတယ်” လို့ သူက ဆိုပါတယ်။ ရေတွင်းတွေ မူလအခြေအနေ ပြန်ရောက်ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာကို စဉ်းစားလို့ မရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွာသာကုန်းကျေးရွာမှာလည်း သောက်သုံးရေအတွက် အလှူရှင်တွေကိုပဲ အားကိုးနေရတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးအောင်ကြည်ညွန့်က Myanmar Now ကို ပြောပြတယ်။

“ကျွန်တော်တို့ရွာတွေက သွားရေးလာရေး အရမ်းကိုခက်ခဲတဲ့ ရွာတွေဖြစ်နေသေးတော့ လက်ထဲ ပိုက်ဆံရှိရင်တောင်မှ ဝယ်ဖို့က ဘာမှမရှိဘူး” လို့ သူက ဆိုပါတယ်။

ရေလွှမ်းမိုးမှုကြောင့် ဒေသမှာရှိတဲ့ ရေချိုအရင်းအမြစ်တွေ ပျက်စီးခဲ့ပြီး အကျိုးဆက်အားဖြင့် လူပေါင်းများစွာ အတိဒုက္ခရောက်နေတယ်လို့ ပွင့်ဖြူမြို့ကို ရောက်ရှိခဲ့တဲ့ Save The Children ရဲ့ ပြန်ကြားရေးတာဝန်ခံ Lynette Lim က ဆိုပါတယ်။

“ဒေသခံတွေက လက်တွင်းရေတွင်းတွေ၊ ရေတုံကင်တွေ၊ အနီးအနားက စမ်းချောင်းတွေကို မှီခိုအားထားခဲ့တာပါ။ ဒါပေမဲ့ ရေအရင်းအမြစ်တွေအားလုံး ရေလွှမ်းမိုးခံခဲ့ရပြီး သုံးမရအောင် ညစ်ညမ်းခဲ့ပါပြီ” လို့ သူကဆိုပါတယ်။

ပွင့်ဖြူမှာ ရေဘေးသင့်သူ ၅ဝ အတွက် အိမ်သာတစ်လုံးနှုန်းသာရှိတာ တွေ့ခဲ့ရတယ်၊ တချို့ဒေသခံတွေက အညစ်အကြေးကို ဖြစ်သလို စွန့်ပစ်နေရတယ်လို့ သူက Myanmar Now ကို ပြောပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသခံတွေက သောက်ရေအတွက် တွင်းရေ၊ ဧရာဝတီမြစ်ရေကို အားကိုးကြသူများပါ။ လောလောဆယ် အခြေအနေတွေ ပြောင်းလဲသွားပုံကို ညောင်တုန်းမြို့နယ်၊ ဆည်မြောင်းဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ပါလှဲရွာ တာဝန်ခံ ဦးထွန်းထွန်းလင်းက ရှင်းပြပါတယ်။

“မြစ်ရေတော့ လုံးဝ သုံးမရတော့ဘူးလေ။ မြစ်ရေက အထက်ဘက်က ရေတွေနဲ့အတူပါလာတဲ့ နုန်းတွေကြောင့် နောက်ကျိနေပြီ” လို့ ဦးထွန်းထွန်းလင်းက ပြောပါတယ်။

ညောင်တုန်းမှာရှိတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းမှာရှိတဲ့ တာဝန်ရှိသူတစ်ဦးအဆိုအရ ညောင်တုန်းမြို့ရဲ့ ကျေးရွာ ၂ဝဝ ကျော်မှာ သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ညောင်တုန်း၊ ငွေသောင်ယံ ကျေးရွာမှာ အိမ်တွေထဲအထိ ရေရောက်နေတဲ့အတွက် အိမ်ခေါင်မိုးနားမှာ ယာယီဝါးစင်ထိုးပြီး လူတွေရော အိမ်မွေးတိရစ္ဆာန်တွေပါ တက်နေကြတာ တွေ့ရပါတယ်။

တစ်ရွာလုံးမှာ ရေမမြုပ်သေးတာဆိုလို့ ဓမ္မာရုံပဲ ရှိပါတယ်။ ဓမ္မာရုံကနေ ကယ်ဆယ်ရေးပစ္စည်းသွားယူပြီး အိမ်ကို လှေလှော်ပြန်ခဲ့တဲ့ ဒေါ်မြက ဝမ်းသာအားရဖြစ်နေပါတယ်။ အကြောင်းကတော့ သူရလာတဲ့ပစ္စည်းတွေထဲမှာ ရေသန့်ဘူးကြီး တစ်ဘူးပါလာတဲ့အတွက်ပါပဲ။

“သောက်သုံးရေဆိုတာ လာလှူကြတဲ့သူတွေရှိမှ ရတာမျိုးဖြစ်နေပြီ။ ရေကလည်း ဘယ်အချိန် ပြန်ကျမလဲဆိုတာ မသိသေးတော့ အလှူပစ္စည်းထဲမှာ ရေသန့်ဘူးလေးပါရင်ကိုပဲ ပျော်နေရတယ်” လို့ သူက ဆိုပါတယ်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ရခိုင်အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကတော့ ရေတွင်းရေကန်တွေမှာရှိတဲ့ ပိုးမွှားတွေကို နှိမ်နင်းဖို့ ရွာတွေကို ကလိုရင်းဆေးမှုန့် ဝေငှနေကြောင်း၊ ဒါပေမဲ့ ရခိုင်ပြည်နယ်ဟာ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်တာကြောင့် တက်လာတဲ့ရေတွေက ရေငန်တွေဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကလိုရင်းဆေးမှုန့်က မြစ်ရေ၊ ချောင်းရေတွေဖြစ်တဲ့ ရေချိုတွေကိုပဲ သန့်ရှင်းပေးနိုင်တာ။ ဆေးမှုန့်တစ်ထုပ်ကို ရေ ၁ဝ လီတာ သန့်စင်လို့ရတယ်။ ကျွန်တော်တို့ လှည့်လည်သွားခဲ့တဲ့ ရေဘေးသင့်ရွာတွေမှာတော့ ရွာတစ်ရွာကို သောက်သုံးရေကန် ပြန်သန့်ရှင်းဖို့ ငွေကျပ် ၅ သိန်းစီ ထောက်ပံ့ပေးခဲ့တယ်” လို့ သူက ရှင်းပြပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့မှာ အစားအသောက်၊ ရေသန့်၊ ရေသန့်ဆေးပြားတွေ အရေးတကြီး လိုအပ်နေတယ်လို့ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) က Myanmar Now ကို ပြောပါတယ်။

“မြောက်ဦးမြို့နယ်တဝိုက်က ကျေးရွာတွေထဲမှာရှိတဲ့ ရေကန်တွေကို ရေဆိုးတွေစုပ်ထုတ်ဖို့ စတင်လုပ်ဆောင်နေပါပြီ” လို့ ICRC ဆက်သွယ်ရေးတာဝန်ခံ Jean-Yves Cle’menzo က ပြောပါတယ်။

“မြောက်ဦးမှာရှိတဲ့ လူပေါင်း ၃,၆ဝဝ စာအတွက် မိုးရေခံရေပုံးတွေ ကျွန်တော်တို့ တပ်ဆင်ပြီးပါပြီ။ နောက်ပြီး မြောက်ဦးမြို့တစ်ဝိုက်က ရွာတွေမှာရှိတဲ့ ရေကန်တွေက ရေတွေစုပ်ထုတ်ဖို့လည်း ဓာတ်ဆီဖိုးတွေ ကျွန်တော်တို့ လှူဒါန်းခဲ့ပါတယ်” လို့ သူကဆက်ပြီးပြောပါတယ်။

ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနရဲ့ အဆိုအရ အာဏာပိုင်တို့က အကူအညီပေးရေးအဖွဲ့ကြီးတွေနဲ့ ချိတ်ဆက်ပြီး ရေသန့်စက်တွေ ဖြန့်ဝေဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ရေဘေးသင့်ဒေသတွေမှာရှိတဲ့ တွင်းတွေ ကန်တွေကနေ ရေပြန်စုပ်ထုတ်ရေးကို စီမံချက်ချလုပ်ဆောင်နေတယ်လို့ ဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။

“အကုန်လုံးတော့လည်း မလုပ်နိုင်သေးဘူးပေါ့။ မလုပ်ရသေးလို့ သောက်သုံးဖို့ မသင့်တဲ့ဟာတွေကိုလည်း မသောက်ကြဖို့ ပိတ်ခိုင်းထားတယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ သဘာဝဘေးစီမံခန့်ခွဲရေးအရာရှိ ဦးဇော်ထူးဦးကတော့ နုန်းနစ်မြုပ်မှု အလွန်ကြီးမားခဲ့တဲ့ ကလေးမြို့နဲ့ ရခိုင်ပြည်နယ်က ရေတွင်းရေကန်တွေကို အချိန်မီ ပြန်မပြုပြင်နိုင်ရင် နောက်လာမယ့် နွေရာသီမှာ ရေ ရှားပါးမှု ပြဿနာမျိုး တွေ့ရနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အခု ကျွန်တော်တို့မြန်မာနိုင်ငံမှာ သဘာဝဘေးနဲ့ ပတ်သက်ပြီး နာဂစ်လိုအတွေ့အကြုံမျိုး ရှိတယ်ဆိုပေမဲ့ အခုမြင်နေရတဲ့ အလှူတွေဟာ လတ်တလောအခြေအနေကို ဖြေရှင်းဖို့ အစားအစာ၊ အဝတ်အထည် စတာမျိုးတွေကို ဦးတည်နေတာ တွေ့ရတယ်။ လတ်တလော လိုတာကို လှူကြတာ တကယ့်ကိုကောင်းပေမဲ့ သူတို့ဘဝ ပြန်လည်ထူထောင်ရေးကိစ္စတွေကိုလည်း ပြင်ဆင်ထားဖို့လိုတယ်” လို့ သူက အကြံပြုပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းကလည်း ရေဘေးနောက်ဆက်တွဲ လူနေမှုဘဝများကို ရိုက်ခတ်တဲ့ အခြေအနေက ပိုမိုဆိုးရွားနေတဲ့အကြောင်း သြတ်လ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ရေဘေးကျရောက်ရာဒေသတွေထဲက အလိုအပ်ဆုံးနေရာကို ကူညီဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားနေကြောင်း အသင်းဥက္ကဋ္ဌ ဦးသာလှရွှေက ပြောပြပါတယ်။

ကယ်ဆယ်ရေးစခန်းမှာ နေတဲ့သူတွေအတွက် အရေးပေါ်အထောက်အပံ့တွေ လိုနေသေးတယ်။ လာမယ့်လတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ ရေဘေးသင့်ခဲ့သူတွေဟာ ရေရှည်အကူအညီတွေ လိုအပ်လိမ့်မယ်လို့ သူက ရှင်းပြပါတယ်။

ရေရှည်မှာဖြစ်လာမယ့် အခက်အခဲအတွက် စိတ်ပူရသလို လက်ရှိ ဖြစ်နေတဲ့ အခက်အခဲကြီးတစ်ခုကတော့ သန့်ရှင်းတဲ့ရေရရှိရေးပဲ ဖြစ်ပါတယ်။

“ရေကျလို့ အိမ်ပြန်ကြတဲ့သူတွေလည်း အိမ်ပြန်တော့ သူတို့အိမ်တွေ ပျက်စီးပါပြီ၊ ရေအရင်းအမြစ်တွေလည်း အကုန်ညစ်ညမ်းကုန်ပါပြီ” လို့ ဦးသာလှရွှေက ပြောပါတယ်။

(အိချယ်ရီအောင်နှင့် ဆွေဝင်းတို့ ပူးပေါင်းကူညီ ရေးသားသည်။)

Related Articles

Back to top button