သတင်း

ထိန်းသိမ်းခံနိုင်ငံ့ခေါင်းဆောင်များ ရှေ့နေနှင့် တွေ့ခွင့်မရသေး

စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့၏ အမှုရုံးချိန်းမှာ ဖေဖော်ဝါရီ ၁၇ ဖြစ်ပြီး ၎င်းတို့အတွက် ရှေ့နေလိုက်ခွင့်နှင့် တွေ့ဆုံခွင့်လည်း မရသေးကြောင်း ၎င်းတို့ဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေ ဦးခင်မောင်ဇော်က ယနေ့ (ဖေဖော်ဝါရီ ၁၅) တွင် ပြောသည်။ 

ရဲတပ်ဖွဲ့က တရားရုံးထံ ဖမ်းဆီးချုပ်နှောင်ခွင့်တောင်းသည့်စာ (ရမန်) နှင့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်သတင်းများအရ ဖေဖော်ဝါရီ ၁၅ တွင် ရုံးချိန်းစေ့ပြီဟု သိရသော်လည်း ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးသို့ ကိုယ်တိုင်သွားရောက်၍ ရှေ့နေလိုက်ခွင့်တောင်းခံခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း ဦးခင်မောင်ဇော်က ဆိုသည်။ 

“ခရိုင်တရားသူကြီးနဲ့တွေ့တော့ သူ့ပြောပြချက်အရဆိုရင် ရမန်က ဖေဖော်ဝါရီ ၁၇ ရက်အထိ ယူထားတာပါတဲ့။ ဒီကနေ့ မဟုတ်ပါဘူးတဲ့။ တရားရုံးတင်မယ်ဆိုရင်လည်း ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ တင်မှာပါ။ Video Conferencing နဲ့ စစ်မှာပါတဲ့” ဟု ရှေ့နေဦးခင်မောင်ဇော်က တရားရုံးမှ ပြန်အထွက်တွင် သတင်းထောက်များကို ပြောသည်။

စကားပြောစက်များ (Walkie-talkies) တရားမဝင်တင်သွင်းထားသည်ဟူသော စွပ်စွဲချက်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊ သွင်းကုန်ဥပဒေအရလည်းကောင်း၊ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ကိုဗစ်နိုင်တင်းစည်းကမ်းချက်များ ဖောက်ဖျက်သည်ဆိုကာ NLD ဒုဥက္ကဋ္ဌ (၁) ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့်လည်းကောင်း ဖေဖော်ဝါရီ ၁ တွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။  

ထို့အတူ NLD နာယက ဦးဝင်းထိန်ကိုလည်း ဖေဖော်ဝါရီ ၄ ညဉ့်နက်အချိန်တွင် ရန်ကုန်၌ ဖမ်းဆီး၍ နေပြည်တော်သို့ ပို့ဆောင်ချုပ်နှောင်ထားကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က ဖြင့် အမှုဖွင့်ထားသည်။ ဦးဝင်းထိန်၏ ချုပ်ရမန်မှာ ဖေဖော်ဝါရီ ၁၉ တွင် ရက်စေ့မည်ဟု သိရသော်လည်း မည်သည့်ရုံး၌ တရားစွဲတင်မည်ကို မသိရသေးကြောင်း ဦးခင်မောင်ဇော်က ပြောသည်။

ဒက္ခိဏခရိုင်တရားရုံး၏ အဆိုအရ အထက်ပါ ပုဂ္ဂိုလ်သုံးဦးစလုံးကို ရှေ့နေငှားရမ်းခွင့်ပြုထားသည်ဟု သိရသော်လည်း အမှုသည်များနှင့်မူ ယနေ့ထိတွေ့ခွင့်မရသေးကြောင်း ဦးခင်မောင်ဇော်က ဆိုသည်။

“တွေ့ဖို့ ထပ်ပြီးတော့ ကြိုးစားပါမယ်။ တွေ့ဖို့အလားအလာမရှိဘူး။ မရှိလို့ ဒီလိုဖြစ်နေတာပေါ့။ တွေ့ခွင့်ရဖို့ ကြိုးစားနေတယ်။ ဥပဒေနဲ့အညီ ရှေ့နေက တွေ့ခွင့်ရှိတဲ့အတွက် ကြိုးစားပါမယ်။ သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့မှူးကတစ်ဆင့် ကြိုးစားပါမယ်” ဟု ဦးခင်မောင်ဇော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်ထားသကဲ့သို့ ၎င်းထူထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဖောင်ဒေးရှင်းတာဝန်ရှိသူနှစ်ဦးကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေရာ ဒေါ်အောင်ဆန်းစုကြည်ကို ပိုမိုပြင်းထန်သော ပုဒ်မဖြင့် ထပ်မံစွဲချက်တင်ရန် စီစဉ်နေသည်ဟု ယူဆရကြောင်း ဖောင်ဒေးရှင်းနှင့် နီးစပ်သူအချို့က ဖေဖော်ဝါရီ ပထမပတ်အတွင်း Myanmar Now ကို မှတ်ချက်ပြုထားသည်။

Show More

Related Articles

Back to top button