ယမန်နေ့ (စက်တင်ဘာ ၄) တွင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း စစ်တပ်၏ ထောက်လှမ်းရေးဒရုန်း တစ်စီးပျက်ကျပြီး တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံထုတ်ဒရုန်းဖြစ်သည်ဟု အရာတော်မြို့နယ် ပကဖ တာဝန်ခံက ပြောသည်။
“Error တက်ပြီး (နည်းပညာချို့ယွင်းပြီး) ပျက်ကျတာ။ မနေ့က ၄ ရက်နေ့က ရတာ။ ကောင်းတာက တော်တော်ကောင်းတယ်။ တောင်ပံနှစ်ချပ်ပဲ ကျိုးသွားတာ။ ရှေ့တောင်ပံ တစ်ချပ်နဲ့ နောက်တောင်ပံတစ်ချပ်ပဲ ကျိုးတာ” ဟု သူက ပြောသည်။
တော်လှန်ရေးတပ်များ ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများအရ Ahead X ကုမ္ပဏီက ထုတ်လုပ်သည့်၊ ထောက်လှမ်းရေးအတွက် အသုံးပြုသည့် ဒရုန်း ဖြစ်နိုင်ကြောင်း သိရသည်။
အရာတော်မြို့နယ် တစ်နေရာတွင် ဒရုန်းတစ်စင်း ပျက်ကျသည်ကို ဒေသခံတို့က တွေ့ရှိပြီး ဒေသတွင်း အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အဆင့်ဆင့်ကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
အဆိုပါ ပျက်ကျဒရုန်းသည် ပြေးလမ်းမလိုဘဲ ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်သည့် Vtol (Vertical take-off and landing) အမျိုးအစား ထောက်လှမ်းရေး ဒရုန်းဖြစ်သည်ဟု အရာတော် ပကဖ တာဝန်ခံက ဆိုသည်။
ပုံစာ – AheadX ကုမ္ပဏီထုတ် QP 537 အမျိုးအစား ဒရုန်း (ဓါတ်ပုံ – AheadX company)
“တောထဲတစ်နေရာမှာ အဲ့ကောင်ပျက်ကျလာတော့ သူတို့တွေ (ဒေသခံတွေ)က လေယာဉ်ပေါ်ကနေ ပစ်ချလိုက်တဲ့ ပေါက်ကွဲစေတဲ့အရာထင်ပြီးတော့ ပြေးလာပြီးတော့ ရပ်ကျေးတာဝန်ခံတွေကို လာပြောတာပေါ့။ ရပ်ကျေးတာဝန်ခံတွေ၊ ရဲဘော်တွေက တိုက်နယ်ကို ပြန်ချိတ်ပြီး အကုန် အဲ့ဒီဟာကို အစဖျောက်လိုက်တာ” ဟု ပကဖ တာဝန်ခံ က ပြောသည်။
“GPS တွေဖြုတ်ပြီးတော့ လိုအပ်တဲ့ ပစ္စည်းမှန်သမျှ ဝါယာလိုင်းတွေ၊ ဆော့ကတ် (socket) တွေ ဖြုတ်ပြီးတော့ လုံခြုံမယ့်နေရာကို သိမ်းခိုင်းလိုက်တာ”
အဆိုပါဒရုန်းမှာ လေကြောင်းကင်းထောက်ရာတွင် အသုံးပြုသည့် ဒရုန်းဖြစ်သည်ဟု လေတပ် CDM ဗိုလ်ကြီး ဇေသူအောင်က ပြောသည်။
စစ်လက်နက်များအကြောင်းလေ့လာရေးသားနေသည့် Tactical Raptor 2.0 Facebook စာမျက်နှာ ပျက်ကျသည့် ဒရုန်းမှာ AheadX ကုမ္ပဏီထုတ် ဒရုန်းအမျိုးအစားများအနက် ကိုယ်ထည်၊ အတောင်ပံ၊ ပန်ကာနှင့် အင်ဂျင်တည်ဆောက်ပုံနှင့် ပန်ကာဒလက်အရောင် ၊ “AheadX” လိုဂိုတို့ကြောင့် ထိုကုမ္ပဏီ ထုတ် QP537 အမျိုးအစားဖြစ်နိုင်ကြောင်း ရေးသားထားသည်။
QP 537 အမျိုးအစား ဒရုန်းများကို AliExpress တွင် ဖော်ပြထားသည့် ဈေးနှုန်းအရ တစ်စင်းလျှင် အမေရိကန် ဒေါ်လာ ၂၆,၆၈၀ (ကျပ်သိန်း ၁၄၀၀ ကျော်) ကျသင့်သည်။
ထိုဒရုန်းအမျိုးအစားမှာ စစ်တပ်ဘက်ဆိုင်ရာသုံးအတွက် သီးသန့်ထုတ်ထားခြင်း မဟုတ်သော်လည်း စွမ်းဆောင်ရည်ကောင်းမွန်သည့် ကင်မရာ၊ အပူပုံရိပ်ဖော်စနစ်များ၊ ထိန်းချုပ်ရလွယ်ကူစေသည့် software များ ပါဝင်လာသည့်အတွက် အပျော်တမ်းအဆင့် မဟုတ်ဘဲ လုပ်ငန်းသုံးအဆင့် (industrial grade) ဖြစ်ကြောင်း Tactical Raptor 2.0 က သုံးသပ်သည်။
“အပျော်တမ်း hobby grade ဆိုရင်တော့ အခြေခံအဆင့် ကင်မရာလောက်ပဲပါပြီး ခပ်ဝေးဝေးမပျံနိုင်ပါဘူး”ဟု ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ် စစ်ဆင်ရေးများကို ကွပ်ကဲရသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာနှင့် မိုင် ၃၀ ခန့်သာ ကွာဝေးသည့် အရာတော်မြို့နယ်သည် မြို့ပေါ်မှအပ ကျေးရွာအများစု တွင်တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။
ယခင်က နမခ အခြေစိုက်သည့် မုံရွာမြို့နယ်အတွင်း ကင်းထောက်ဒရုန်းများကို ၂၀၂၂ နှစ်ကုန်ပိုင်း ကတည်းက အသုံးပြုသော်လည်း အရာတော်မြို့နယ်အတွင်း ယခုနှစ်ပိုင်းမှစတင်အသုံးပြုလာခြင်းဖြစ် သည်ဟု အရာတော် ပကဖ တာဝန်ခံက ဆိုသည်။
ယခု ပျက်ကျသည့် ဒရုန်းမှာလည်း နမခဌာနချုပ်မှလာသောဒရုန်းဖြစ်နိုင်ကြောင်း ၎င်းကသုံးသပ်သည်။
ရန်သူ့နယ်မြေ အခြေအနေ သိရှိရန် ကင်မရာတပ်ဆင်ထားသောဒရုန်းအသုံးပြုပြီး လေ့လာခြင်းမှာ အကုန်အကျ နည်းပါးပြီး ထိခိုက်ကျဆုံးမှု သက်သာစေသော ထောက်လှမ်းသည့် နည်းလမ်း ဖြစ်သည်။
အထက်ပါ ဒရုန်းအမျိုးအစားမှာ လေထဲတွင် ၈ နာရီကြာနေနိုင်ပြီး ၁၆၀ ကီလိုမီတာ (မိုင် ၉၀ ကျော်) အကွာအဝေးမှ ထိန်းချုပ်နိုင်ကြောင်း သိရသည်။ ဘက်ထရီနှင့် အင်ဂျင် စွမ်းအင် နှစ်မျိုးအသုံးပြုထားသည့် hybrid အမျိုးအစား ဒရုန်းဖြစ်ကာ စွမ်းအင်နှစ်မျိုးသုံးစွဲသည့်အတွက် လေထဲတွင် ကြာမြင့်စွာနေနိုင်ခြင်းဖြစ်သည်ဟု သိရသည်။
“Battery က အတောင်ပံမှာရှိတဲ့ ပန်ကာ လေးခုအတွက် သုံးတာပါ။ ဒီပန်ကာတွေက မြေပြင်ကနေစပြီး အပေါ်တက်တဲ့အခါ၊ မြေပြင်ပေါ် ပြန်ဆင်းတဲ့အခါတွေမှာပဲ သုံးပါတယ်။ အချိန်ကြာကြာပျံသန်းဖို့ဆိုရင် Battery က ကန့်သတ်ချက်တွေရှိတယ်။ မိနစ် 20-30 လောက်ပဲ အားခံတယ်။ ဒါ့ကြောင့် လေထဲရောက်ပြီး ပျံသန်းနေပြီဆိုရင်တော့ နောက်က ဓါတ်ဆီအင်ဂျင်က အလုပ်လုပ်ပြီး ပန်ကာအကြီးကို လည်စေတာပါ။ ဒီလို စွမ်းအင်နှစ်ခုသုံးတာကြောင့် လေထဲ 7-8 နာရီအထိ ပျံသန်းနိုင်လာတယ်”ဟု Tactical Raptor 2.0 မှ လက်နက်အရေးလေ့လာသုံးသပ်သူက မှတ်ချက်ပြုသည်။
ယခင်ကစစ်ကောင်စီတပ်ရင်းများတွင် ဒရုန်းအသုံးပြုမှုရှိသော်လည်း အလွန်နည်းပါးခဲ့ပြီး အာဏာ သိမ်းပြီးနောက်ပိုင်းတွင်မှ စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းဖြစ်သည်ဟု CDM ဗိုလ်ကြီးကောင်းသူဝင်းက မှတ်ချက်ပြုသည်။
“အရင်က (အာဏာမသိမ်းခင်) ခြေလျင်ခြေမြန်စစ်ကြောင်းမှာ ဒရုန်းတစ်စင်းလောက်တော့ပါတယ်။ အပြင်မှာလည်း သုံးတဲ့ ဒရုန်းခပ်သေးသေးလေးတွေသုံးတာရှိတယ်။ ဒါပေမယ့် ဒရုန်းမောင်းတဲ့သူ ကျွမ်းကျင်မှုအပိုင်းမှာ အားနည်းတယ်။ ဒရုန်းက ဈေးကြီးတယ်။ ပျက်သွားရင်ထပ်ဝယ်ဖို့၊ ကိုင်တဲ့သူအနေနဲ့လျော်ပေးရတာတို့ အနေအထားမျိုးကြောင့် ဒရုန်းကို ဘယ်သူမှ မကိုင်ချင်ကြဘူး” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် ဒရုန်းကို တော်လှန်ရေးအင်အားစုများ၏ တည်နေရာ အပါအဝင် အချက်အလက်များ ထောက်လှမ်းခြင်း၊ ဗုံးသီးချတိုက်ခိုက်ခြင်းများတွင် အဓိက အသုံးပြုလျက် ရှိသည်။
စစ်တပ်ကို ရရာလက်နက်ဖြင့် ခုခံနေသည့် တော်လှန်ရေးသမား လူငယ်များသည် ၂၀၂၁ နှစ်ကုန်ပိုင်းခန့်ကစပြီး စစ်တပ် တပ်စွဲရာနေရာများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းများတွင် တွေ့ရသည်။
ယခုနှစ် ဧပြီလဆန်းတွင်လည်း စစ်ဗိုလ်ချုပ်များ ရုံးစိုက်ရာ နေပြည်တော်ရှိ အေလာလေတပ်၊ စစ်ရုံးချုပ်စသည့်နေရာတို့ကို ဒရုန်းဖြင့်တိုက်ခိုက်ရာ လေယာဉ်ပြေးလမ်းတချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးတွင်လည်း တအာင်း၊ ကိုးကန့်နှင့် ရခိုင့်တပ်တော်တို့က ရှမ်းပြည်မြောက်ပိုင်းရှိ ရာနှင့်ချီသည့် စစ်ကောင်စီတပ် စခန်းကုန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ဒရုန်းကို တွင်တွင်ကျယ်ကျယ်အသုံးပြု ခဲ့သည်။
ရှမ်းမြောက်တိုက်ပွဲများအတွင်း ဒရုန်းအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်ခံရမှုကြောင့်တပ်ခစန်းအချို့ လက်လွှတ်ခဲ့ရသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့သည့် နိုဝင်ဘာက ထုတ်ဖော်ဝန်ခံခဲ့ပြီး နောက် စစ်တပ်ကလည်း ဒရုန်းကိုပိုမိုသုံးစွဲနိုင်ရန် အရှိန်မြှင့်ပြင်ဆင်လာခဲ့သည်။
စစ်ကောင်စီ၏ လက်နက်စက်ရုံများက ဒရုန်းဖြင့် ကြဲချနိုင်သည့် ဗုံးသီးအမြောက်အများ ထုတ်လုပ်လာသည့်အပြင် လက်အောက်ခံတပ်များဖြစ်သည့် ပြည်သူ့စစ်များကိုလည်း ဒရုန်းသင်တန်းပေးပြီး တန်ပြန်တိုက်ခိုက်ရေးတွင် အသုံးပြုလာသည်။
လက်နက်ကိုင်ခုခံမှုအားကောင်းရာ ဒေသများဖြစ်သည့် နိုင်ငံအလယ်ပိုင်း မကွေးတိုင်း ၊စစ်ကိုင်းတိုင်း၊ ကရင်၊ ချင်း၊ ကယား (ကရင်နီ) စသည့် ဒေသများတွင် စစ်တပ်က ဒရုန်းအသုံးပြုတိုက်ခိုက်မှုများကို ယခုနှစ်ဆန်းပိုင်းကစပြီး ခပ်စိတ်စိတ်ပြုလုပ်လာရာ အရပ်သားများနှင့် တော်လှန်ရေးအင်အားစုများ ဘက်မှ ထိခိုက်သေဆုံးမှုရှိသည်ဟု သိရသည်။