စက်တင်ဘာ ၃ ရက်နေ့က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းနံဘေး ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ ဒေသခံ ၈ ဦးထိခိုက်ဒဏ်ရာရရှိပြီး ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်ဟု သိရသည်။
မြွေပုံကန်ကျေးရွာကို နံနက် ၁း၃၀ နာရီခန့်နှင့် ညနေ ၅း၄၅ ခန့်တို့တွင် တိုက်ခိုက်ခြင်းဖြစ်သည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) သတင်းတာဝန်ခံ ကိုဘိုတောက်က Myanmar Now ကို ယနေ့ ( စက်တင်ဘာ ၅) နံနက်တွင် ပြောသည်။
“မနက်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ပေါင်၂၅၀ ဗုံးသီးနှစ်လုံးချပြီး တိုက်ခိုက်ခဲ့တာရှိတယ်။ ညနေပိုင်းမှာလည်း နောက်ထပ် ဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှု တစ်ခါပြုလုပ်ခဲ့တာရှိတယ်“ ဟု သူက ဆိုသည်။
နံနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသား ၂ ဦး ဒဏ်ရာရပြီး၊ ညနေပိုင်း တိုက်ခိုက်မှုတွင် အမျိုးသမီး ၄ ဦး၊ အမျိုးသား ၂ ဦး ဒဏ်ရာရသည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် လုပ်ငန်းသုံး ကျွဲနွားတချို့သေဆုံးကာ ကျေးရွာဘုန်းကြီးကျောင်း၊ လူနေအိမ်တချို့ ပျက်စီး သည်ဟု သတင်းတာဝန်ခံက ဆက်ပြောသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်တပ်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို
နိုင်ငံအနှံ့ပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သည့်သတင်းကို ငြင်းဆိုလေ့ရှိသည့် စစ်တပ်အင်တာနက်စာမျက်နှာတွင်လည်း မတ္တရာမြို့နယ်ပစ်ခတ်မှုအကြောင်း ဖော်ပြထားခြင်း မရှိသေးပေ။
လတ်တလော တိုက်ပွဲများမရှိသည့် မတ္တရာမြို့နယ်အနောက်ခြမ်းတွင် တော်လှန်ရေးအဖွဲ့များ ခိုအောင်း နေနိုင်သည်ယူဆကာ လေတပ်သုံးကာ ရန်ရှာပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“မတ္တရာတောင်ပိုင်း ညောင်ကုန်းရွာဘက်ကနေလည်း မြစ်ကမ်းဘေး သုံးဆယ်ပေးကျေးရွာဘက်ကို လက်နက်ကြီးတွေထုတယ်။ နန်းတွင်းတိုက်ခိုက်ခံရမှုအပြီး မြစ်ဘေးကျွန်းတွေ၊ကျေးရွာတွေကို ပတ်ပြီး ရန်ရှာနေတာပေါ့နော်”ဟု ယင်းအမျိုးသမီးက ဆိုသည်။
မကြာသေးခင် စက်တင်ဘာ ၃ ရက် နံနက်အရုဏ်တက်ချိန်က မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်စခန်း တည်ရှိရာ နန်းတွင်းထဲသို့ ရှော့တိုက်ဒုံးများ ပစ်ခတ်ခံရပြီး မြို့ထဲနေရာတချို့လည်း ကျရောက်ပေါက်ကွဲခဲ့သည့် တိုက်ခိုက်မှု ဖြစ်ပွားထားသည်။
မတ္တရာ စစ်ရေးအခြေအနေ
မတ္တရာမြို့ပေါ်နှင့် အနီးဆုံးနေရာများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးအခြေအနေ အသေးစိတ်ကို မပြောလိုသေးကြောင်း မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံက ဆိုသည်။
စစ်ကောင်စီ၏ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို ပိုင်ဆိုင်သည့် ပုသိမ်ကြီးမြို့နယ် ဖယောင်း တောင်ရွှေတူးဖော်ရေးစီမံကိန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) သိမ်းပိုက်ထိန်းချုပ်ထားရာ စစ်ကောင်စီက စက်တင်ဘာ၂ တွင် စစ်ကြောင်းထိုးလာသော်လည်း ပြန် ဆုတ်သွားသည်ဟု သိရသည်။
ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအရှေ့ဘက်ရှိ ကံကြီကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်တပ်က သွေးတိုးစမ်းကာ အင်အား ၅၀ ခန့်ဖြင့် ဖယောင်းတောင်ဘက်သို့ စစ်ကြောင်းထိုးခြင်းဖြစ်ပြီး အခြေအနေ မဟန်၍ ပြန်ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ဖယောင်းတောင်ရဲ့အနောက်ဖက် ပန်းသလဲတောင်ကနေ စပြီးစစ်ကြောင်းထိုးလာတယ်။ အဲဒီနေ့က တစ်နေကုန်လောက်ကို အဲဒီဘက်မှာ ပစ်ခတ်မှုတွေဖြစ်တယ်”ဟု ဆိုသည်။
နောက်တစ်နေ့တွင် မြို့အရှေ့ပိုင်း လက်ကောင်းလေးကျေးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ၎င်းက ဆက်ပြောသည်။
ယခုနှစ် ဇွန်၂၅ မှစတင်ကာ MDY-PDFနှင့်မဟာမိတ်တပ်များက ဒေသတွင်း ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး မတ္တရာမြို့နယ်မှ စခန်း၃၂ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံရှိ ကင်းစခန်း အပါအဝင် စခန်း ၃ခု ရရှိထားပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။
မတ္တရာနှင့်ပုသိမ်ကြီးမြို့နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကိုလည်း Myanmar Now က မေးမြန်းထားသော်လည်း ပြန်လည် မဖြေ ကြားသေးပေ။
လေတပ်အားပြုသည့် စစ်ကောင်စီ
စက်တင်ဘာ ၂ တွင် စစ်ကောင်စီက ၎င်းကို အပြင်းအထန် တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့သည်။
ထိုကြေညာချက်အပြီး ယခင်ကတည်းက လေတပ်ကို အားပြုသည့် စစ်ကောင်စီသည် ထို ၃ ဖွဲ့ ထိန်းချုပ်သည့် နယ်မြေ များနှင့် ဒေသအနှံ့အပြားကို ဗုံးကြဲတိုက်ခိုက်နေသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့သို့ ဧရာဝတီမြစ်အတိုင်း ဆန်တက်ရောက်ရှိလာသည့် စစ်သင်္ဘော များသည် ယမန်နေ့က မြို့မြောက်ဘက် ၃ မိုင်ခန့်အကွာ မြစ်ကမ်းဘေးကျေးရွာများကို ပစ်ခတ်ခဲ့ပြီး လေ တပ်ပစ်ကူလည်း ရောက်ရှိသွားရာ ကျေးရွာ ၃ ရွာမှ ဒေသခံများ အရေးပေါ်တိမ်းရှောင်ခဲ့ရသည်။
အလားတူ တအာင်းတပ် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့တွင် ဩဂုတ် ၁ ရက်မှ စက်တင်ဘာ ၂ ရက် အထိ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၂၂ ဦး သေဆုံးခဲ့ပြီး လူ ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု TNLA စာရင်းများအရ သိရသည်။
စက်တင်ဘာ ၃ ညပိုင်းက မန်တုံမြို့တွင် လေတပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချရာ လက်ဖက်စက်ရုံအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၂၁ နှစ်အရွယ် ကိုသက်နိုင်လင်း ဒဏ်ရာ ရရှိကြောင်း၊ စစ်ကောင်စီ အမှတ် ၁၃၀ တပ်ရင်းစခန်းတွင် တစ်လုံးကျရောက်ပေါက် ကွဲခဲ့ပြီး အနီးရှိ နေအိမ် ၆ လုံး ထိမှန်ပျက်စီးသွားကြောင်း TNLA က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီသည် PSLF/TNLA အုပ်ချုပ်နေသည့် နမ့်ဆန်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ မန်တုံမြို့နယ်များရှိ ပြည်သူများကို ထိခိုက်စေရန် ရည်ရွယ်ပြီး မကြာခဏလေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု TNLA က ပြောထားသည်။
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်သည့် လားရှိုးမြို့ကိုလည်း သြဂုတ် ၃၀ ရက် ညပိုင်းတွင် လေကြောင်း မှ ၂ ကြိမ်တိုက်ခိုက်ခဲ့၍ စာသင်ကျောင်းများနှင့် လူနေရပ်ကွက်များ ပျက်စီးခဲ့သည်။
ရခိုင်တပ် (AA) ထိန်းချုပ်ထားသည့် ရသေ့တောင်နှင့်မြောက်ဦးနှင့် တိုက်ပွဲပြင်းထန်နေသည့် ဂွမြို့ နယ် ကျိန္တိလီမြို့တို့တွင် ယခုအပတ်အတွင်း လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အနည်းဆုံး ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသသတင်းများအရ သိရသည်။
အလားတူ ယမန်နေ့ကလည်း ကယားပြည်နယ် (ကရင်နီ) တွင် နန်မယ့်ခုံမြို့အပါအဝင် ဟိုဖိတ်ရွာနှင့် ကယန်းသာယာကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ထားပြီး ယနေ့နံနက် ၉ နာရီခန့်တွင် လည်း နန့်မယ်ခုံမြို့ကို ဗုံး ၂ လုံး ကြဲခဲ့သည်၊ အသေးစိတ်အခြေအနေ မသိရသေးပေ။