သတင်း

စစ်မီးဝိုင်းနေသည့် မန္တလေးမြို့တွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲ

ယနေ့တိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း Brave Warriors for Myanmar-BWM အမည်ရ မြို့ပြပြောက်ကျားအဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့တွင်  ယနေ့ (စက်တင်ဘာ ၃) နံနက်အစောက လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားတစ်ဦး ဒဏ်ရာရကာ နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း မြို့ခံများက ပြောကြသည်။

ယနေ့ နံနက် ၄ နာရီခန့်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အခြေစိုက်သည့် အောင်မြေသာစံမြို့နယ်အတွင်း အပါအဝင် ၄ နေရာထက်မနည်းတွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

အောင်မြေသာစံမြို့နယ် လမ်း ၈၀ (၁၁ လမ်းနှင့် ၁၂ လမ်းကြား) ရှိ ကိုရီးယားအကြောပြင်ဆိုင်တိုက်ခန်း၊ အမှတ် (၄) ရဲစခန်းအနီးရှိ တိုက်တစ်လုံး၊ ပုသိမ်ကြီးမြို့နယ် မန္တလေး-မတ္တရာကားလမ်းပေါ်ရှိ အစစ်အဆေးကြမ်းသည့် ရွှေကျင်တိုးဂိတ်တို့အနီးတွင်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ကြားသိရကြောင်း အောင်မြေသာစံမြို့နယ်နေထိုင်သူ မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“လမ်း ၈၀/ ၁၁ လမ်းဘက်က နေအိမ်တစ်လုံး ခေါင်မိုးပွင့်သွားတယ်။ အမှတ် (၄) ရဲစခန်းရဲ့ရှေ့က အိမ်တစ်အိမ်ကို သွားမှန်ပြီး အိမ်ရဲ့ဘေးအုတ်နံရံ ပွင့်သွားတယ်။ တစ်ဆက်တည်းမှာပဲ ရွှေကျင်တိုးဂိတ်ဘက်ကိုလည်း ကျရောက် ပေါက်ကွဲလို့ အစောင့်တပ်သားတွေလည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်” ဟု အသက် ၂၅ နှစ်ဝန်းကျင်အရွယ် ယင်းအမျိုးသားက ဆိုသည်။

ပေါက်ကွဲမှုများတွင် ရွှေကျင်တိုးဂိတ်အစောင့်ကျတပ်သားတချို့နှင့် အောင်မြေသာစံမြို့နယ်မှ အသက် ၃၀ အရွယ် အရပ်သားတစ်ဦး ထိခိုက်သည်ဟုသာကြားသိရပြီး၊ မန္တလေးနန်းတွင်း ထိခိုက်မှု ရှိမရှိကိုမူ အပြင်လူများအနေဖြင့် မသိနိုင်ဟု ၎င်းက ဆိုသည်။ 

“ကျန်တဲ့အလုံးတွေက နန်းတွင်းထဲကို ကျရောက်မှု (ရှိမရှိ) က ကျွန်တော်တို့အနေနဲ့က  မသိနိုင်ဘူးဗျ ”

အမှတ် (၄) ရဲစခန်းအနီးရှိ နံရံပွင့်သွားသည့် တိုက်တစ်လုံး။ (ဓာတ်ပုံ- စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်)

အောင်မြေသာစံမြို့နယ် ၇၇လမ်းနှင့် ၉ လမ်းအနီး နေထိုင်သူအမျိုးသမီးတစ်ဦးက ပစ်ခတ်သံ ၆ချက်ထက်မနည်း ကျယ်လောင်စွာ ကြားလိုက်ရပြီး မန္တလေးနန်းတွင်းတိုက်ခိုက်ခံရသည်ဟု ကြားသိရကြောင်း ၊စိုးရိမ်ပူပန်မှုကြောင့် ရှောင်တိမ်းရန်စဉ်းစားနေကြောင်း Myanmar Now ကို ပြောသည်။

ယနေ့ နံနက်အစောပိုင်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီက နံနက် ၆ နာရီခန့်မှစကာ မန္တလေးမြို့တွင်း နေရာအနှံ့ နှင့် မြို့ပြင်စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုများ တင်းကျပ်နေပြီး မြို့တွင်း လမ်းအသီးသီး၌လည်း ရဲနှင့် ယာဉ် ထိန်းရဲများ အများအပြားခြေရှုပ်နေသည်ဟု မြို့ခံတို့က ဆိုကြသည်။

ချမ်းအေးသာစံမြို့နယ်နေထိုင်သူ မြို့ခံတစ်ဦးကလည်း စစ်တပ်ရှိသော နန်းတွင်းထဲ အထိအခိုက်ရှိသည်ဟု ကြားရ ကြောင်း ပြောသည်။ 

“အထိအခိုက်များလို့ အခုနန်းတွင်းတစ်ခုလုံးကိုပိတ်ပြီး ဖုန်းတွေကို သိမ်းလိုက်ပြီလို့ သိရတယ်။ သူတို့စစ်သား အချင်းချင်း ဖုန်းတွေကိုတောင်ပေးမသုံးတော့ဘူးတဲ့။ သူတို့ အထိနာသွားတာတော့သေချာတယ်”

Brave Warriors for Myanmar-BWM အမည်ရ မြို့ပြပြောက်ကျားအဖွဲ့၏ ထုတ်ပြန်ချက်။

ယနေ့တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း  Brave Warriors for Myanmar-BWM အမည်ရ မြို့ပြပြောက်ကျား အဖွဲ့က နံနက် ၁၀နာရီကျော်တွင် ထုတ်ပြန်ခဲ့သည်။

မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ၁၀၇မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး ၇လုံးသည် နန်းတွင်းထဲသို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၊ ဒုကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးတစ်ဦး၊ အရာရှိ ၃ ဦးအပါအဝင် ၁၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၃ ဦးမှာ စိုးရိမ်ရ ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရပ်သားနေအိမ်ထိခိုက်မှုအခြေအနေကိုမူ မသိရှိသေးကြောင်း ထိုအဖွဲ့က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို တော်လှန်ရေးတပ်များသိမ်းပြီးနောက် မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)သည် ၎င်းတို့၏ နောက်ထပ်ပစ်မှတ်ဟု  BWMအဖွဲ့တာဝန်ရှိသူက Myanmar Now ကို ယနေ့ မွန်းလွဲက ပြောသည်။

“ လပခပြိုရင် အလယ်ပိုင်းတိုင်းသာမကဘူး မြောက်ပိုင်းအထိပါ စစ်ရေးအရ သက်ရောက်မှုကြီးပါတယ်။ ကျွန်တော်တို့မစ်ရှင်က လပခကိုဖြိုဖို့ အဓိကအထောက်အပံ့ဖြစ်လိမ့်မယ်လို့ထင်ပါတယ်”ဟု BWMအဖွဲ့တာဝန်ရှိသူက Myanmar Now ကို ယနေ့ မွန်းလွဲက ပြောသည်။

လုံခြုံရေးတင်းကျပ်သည့်ကြားမှ အချိန်ယူ ပြင်ဆင်ခဲ့ရပြီး စွန့်စားတိုက်ခိုက်ခဲ့ရ၍ အခက်အခဲများစွာ ပေါ်ပေါက်ခဲ့ ကြောင်း၊ တပ်ဖွဲ့ဝင်များလည်း ဘေးကင်းကြောင်း  ထိုသူက ဆိုသည်။ လူထုအနေဖြင့် စစ်ကောင်စီ စခန်းချရာ နေရာ များနှင့်တတ်နိုင်သမျှ ဝေးဝေးနေထိုင်ကြရန်လည်း မေတ္တာရပ်ခံကြောင်း ထည့်သွင်းပြောဆိုသည်။

အဆိုပါ Brave Warriors for Myanmar-BWM အဖွဲ့သည် ပြီးခဲ့သည့်ဇန်နဝါရီလ၂၄ ရက်နေ့ကလည်း မန္တလေး တံတားဦး လေဆိပ်အနီးရှိ စစ်ကောင်စီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော အဖွဲ့ဖြစ်ပြီး မန္တလေး တစ်ဝိုက်အခြေပြုလှုပ်ရှားသည်။

မန္တလေးနန်းတွင်းအတွင်း ထိခိုက်ပျက်စီးသည် ဆိုသောအချက်ကို Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင် သေးပေ။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က မန္တလေးမြို့၊  နန်းတွင်းအနီးရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ ပြီး နေအိမ်ထိခိုက်ပျက်စီးခဲ့သေးသည်။

မြန်မာပြည်အလယ်ပိုင်း စီးပွားရေးအချက်အချာကျပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မန္တလေးမြို့ အနီး လက်ရှိတွင် တိုက်ပွဲများပတ်လည်ဝိုင်းနေသည်။

မြို့၏မြောက်ဘက် စဉ့်ကူးမြို့နှင့် သပိတ်ကျင်းမြို့တို့ကို တော်လှန်ရေးအဖွဲ့များကသိမ်းပိုက်ထားပြီး မြို့အထက် ဘက်  မိုင်၂၀ ခန့်အကွာ မတ္တရာမြို့နယ်တွင်လည်း စခန်းသိမ်းတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ၏တပ်စခန်း ၃၄ ခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည်။

စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်များတွင် တင်ထားသော ပျက်စီးသွားသည့် မန္တလေးမြို့မှ နေအိမ်တစ်လုံး။

Show More

Related Articles

Back to top button