သတင်း

ရန်သူအဝိုင်းခံနေရသည်ဟု စစ်တပ်လက်အောက်ခံ ပအိုဝ်း အဖွဲ့ ပြော

ပအိုဝ်းဒေသတွင် စစ်ကောင်စီတပ် အားကိုးရသည့် ပြည်သူ့စစ်အဖွဲ့က စစ်သားသစ် အများအပြား စုဆောင်းထားနိုင်ပြီး ၎င်းတို့၏လုပ်ရပ် လူထုထောက်ခံမှုရရန် ကြိုးပမ်းနေသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ရိပ်စစ်ငွေ့သမ်းလာချိန်  စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားတပ် (PNA) ခေါ် ပြည်သူ့စစ်အဖွဲ့၏ စစ်ဦးစီးချုပ် ခွန်မြင့်အောင်က ကျူးကျော်သည့် ရန်သူများရှိနေ သဖြင့် ဒေသကာကွယ်ရေးလုပ်ရမည်ဖြစ်ကြောင်း ပြောသည်။

ဩဂုတ် ၂၁ ရက်က ပင်လောင်းမြို့နယ် နောင်တရားမြို့၌ ပြုလုပ်သော ပြည်သူ့စစ်သင်တန်းအပတ်စဉ် (၁) သင်တန်းဆင်းပွဲတွင် ပအိုဝ်းဘာသာဖြင့် ပြောခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထံတွင် အင်အားတစ်သောင်း ရှိသည်ဟု ဆိုသည်။

စစ်တပ်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့ကို စုစည်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ (၆) အဖြစ် သတ်မှတ်ထားသည်။

“အထူးဒေသ (၆)အတွင်းမှာရှိနေတဲ့ ဒေသခံပြည်သူတွေက တာဝန်ရှိတယ်။ တတ်နိုင်တဲ့အပိုင်း ကူညီဆောင်ရွက်ဖို့ လိုတယ်။ အထူးဒေသ(၆) PNA နယ်မြေထဲကို ပအိုဝ်းလူမျိုးအပေါ် သစ္စာဖောက်ပြီး ရန်သူကို ခေါ်ဆောင်လာတဲ့၊ ဖိတ်ခေါ်လာတဲ့ ရန်သူတွေရှိတယ်” ဟု ခွန်မြင့်အောင်က ပြောသည်။ 

“ပင်လောင်းတောင်ဘက်၊ နမ့်နိမ်း၊ လုံးပြင်မှာ ဖြစ်ပျက်သွားတဲ့ ပြဿနာကို အားလုံးအသိ ဖြစ်ပါတယ်။ ဒီလို ဖြစ်ပေါ်လာအောင် အမျိုးသားဖောက်ပြန်ရေးသမားတွေက PDF တွေ၊ ကယန်းတွေကို ခေါ်လာ၊ ဖိတ်ခေါ်လာလို့ ဖြစ်ရတာ” 

PDF သည် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းများ ဖြစ််သည်၊ ကယန်း ဆိုသည်မှာ တော်လှန်ရေးအားကောင်းသည့် အိမ်နီးချင်း ကယားပြည်နယ် ခေါ် ကရင်နီပြည်နယ်တွင် နေထိုင်ကြသည်။

နောင်တရားမြို့ သင်တန်းဆင်းပွဲတွင် စကားပြောနေသော PNA စစ်ဦးစီးချုပ် ခွန်မြင့်အောင် ။ (ဓာတ်ပုံ- PNA )

ခွန်မြင့်အောင်၏ ပြောဆိုချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် PNA တာဝန်ရှိသူတစ်ဦးဖြစ်သူ ခွန်ထွန်းရွှေကို Myanmar Now က ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

နောင်တရားမြို့ကို ကာကွယ်ရန် စစ်အင်အား တစ်သောင်းစုစည်း၍ သင်တန်း ပေးထားကြောင်း PNA ၏ Facebook စာမျက်နှာတွင် ဖော်ပြထားပြီး ထိုနေ့က အင်အားအများအပြား ပါရှိသော ဓာတ်ပုံများ ဝေဝေဆာဆာ ထုတ်ပြသည်။ 

PNA ကို အွန်လိုင်းတွင် ထောက်ခံရေးသားလေ့ရှိသူ ခွန်ဆန်းအောင် ဆိုသူကလည်း နောင်တရားမြို့ရှိ ပြည်သူ့စစ် ၅၀၀၀ ကို လက်နက်  ဦးစွာ တပ်ဆင်နိုင်ပြီး ကျန် ၅၀၀၀ သည် အရန်အင်အားအဖြစ်ရှိကာ အလှည့်ကျတာဝန်ထမ်းဆောင်နိုင်ဖွယ် ရှိသည်ဟု သူ၏ Facebook တွင် ပြောထားသည်။

PNA သည် စစ်အင်အားနှင့် လိုအပ်သည့်ပြင်ဆင်မှု များ ခပ်စိတ်စိတ်လုပ်လာခဲ့ပြီး ထိုလှုပ်ရှားမှုများကိုလည်း ထုတ်ပြန်နေသည်။

ဩဂုတ် ၂ ရက်နေ့က ရှမ်းပြည်နယ် မြို့တော် တောင်ကြီးတွင် ဆေးဝါးကျွမ်းကျင်သူနာပြုသင်တန်းဆင်းပွဲ ကို လူ ၁၀၀ ခန့်ဖြင့်ပြုလုပ်ခဲ့သေးသည်။ အလားတူ ဇူလိုင် ၇ ရက်နေ့က PNA ၏ အောင်ဆုဗွေတပ်စခန်းတွင် စနိုက်ပါသင်တန်း  ပြုလုပ်ခဲ့ကြောင်း PNA ထုတ်ပြန်သည့် ဓာတ်ပုံများအရသိရသည်။ 

ထိုသင်တန်းဆင်းပွဲတွင် တောင်ကြီးအခြေစိုက် စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) မှ အရာရှိ တစ်ဦး တက်ရောက်ပြီး ကိုက် ၁၆၀၀ ကျော် အကွာအဝေးအထိ ပစ်ခတ်နိုင်သည့် အမေရိကန်ထုတ် Ruger Precision Rifle ၆ လက်ခန့် ခင်းကျင်းထားသည်ကို တွေ့ရသည်။

ပအိုဝ်းဒေသတွင်း အရပ်သားထိခိုက်သေဆုံးမှုအခြေအနေကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် ပအိုဝ်းလူငယ် အစည်းအရုံး (PYO) တာဝန်ရှိသူ အမျိုးသမီးကလည်း PNA သည် အသက် ၁၈ နှစ်နှင့် ၄၀ ကြား အမျိုးသားများကို စုစည်း၍   လွန်ခဲ့သည့် ၃ လကတည်းက စစ်သင်တန်းပေးနေခြင်းဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

“မတက်တဲ့လူစာရင်းတွေကို ကောက်တာမျိုး လုပ်တယ်။ လူတွေက ကြောက်ကြတယ်။ အဲဒါကြောင့် တက်ကြတယ်။ နောက်တခုက စစ်ကောင်စီကလည်း ခေါ်တာရှိတဲ့အတွက် စစ်ကောင်စီကို မသွားချင်လို့ (PNA) ထဲ သွားကြတယ်” ဟု ၎င်းက ဆိုသည်။

နောင်တရားမြို့သင်တန်းဆင်းပွဲကို တွေ့ရစဉ်။ (ဓာတ်ပုံ- PNA)

PNA သည် စစ်သင်တန်းကို ၁၀ ရက်ပေးကာ စစ်သားစုဆောင်းထားခြင်းဖြစ်ပြီး သေနတ် အဖြုတ်၊ အတပ် နှင့် အပစ်အခတ်ကို အဓိကထား သင်ပေးကြောင်း PYO တာဝန်ရှိသူ အမျိုးသမီးက ပြောသည်။

“စစ်သင်တန်းက ၁၀ ရက်ဆိုပေမယ့် တချို့ ၅ ရက်၊ ၃ ရက် စသဖြင့်လည်း ရှိတယ်။ တချို့ဆို စစ်သင်တန်း အခြေခံ မရသေးလည်း ရှေ့တန်းပို့ခံရတယ်။ ဆီဆိုင်မြို့နယ်ဆို စစ်အခြေခံ မရဘဲ ပို့ခံရတဲ့လူငယ်တွေ အများကြီးပဲ” ဟု သူက ဆိုသည်။

ဟိုပုံးမြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက PNA သည် စစ်မှုထမ်းသည့် ပအိုဝ်းအမျိုးသားများကို ထောက်ပံ့ရန်ဟုဆိုကာ ၎င်းတို့မြို့နယ်၌ တစ်အိမ်လျှင် ကျပ် တစ်သောင်းကောက်ခံနေရာမှ ဩဂုတ်မှ စတင်၍ ကောက်ခံငွေ နှစ်ဆတိုးသွားကြောင်း ပြောသည်။

ဒေသခံအများစုသည် PNA ၏ ညွှန်ကြားချက်ကို မလွန်ဆန်နိုင်သဖြင့် ကောက်ခံသည့်ငွေ ထည့်ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

မေလ ၂၃ ရက်နေ့  နောင်တရားမြို့နယ်  လူထုတွေ့ဆုံပွဲတွင် PNA ဒုစစ်ဦးစီးချုပ် ခွန်နေဝင်းထွန်းက ၎င်းတို့ နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကြား အပစ်ရပ်ထားနိုင်သဖြင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အရှေ့ဘက်ခြမ်းသည်သာ ပြဿနာမဖြစ်ခြင်းဖြစ်ကြောင်း ပြောသည်။

“အနောက်ဘက်အခြမ်းဆိုရင်လည်း ဗမာပြည်မကနေ နိုင်ငံရေးပါတီက ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းတွေ ရန်သူတွေ။ မြောက်ဘက်ဆိုရင် ရပ်စောက်မြို့နယ် စပြီးတော့ အကောင်အထည်ဖော်နေပြီ” ဟု ၎င်းက ဆိုသည်။

“ဒီလိုပဲ ဟိုပုံးမြို့နယ်၊ ရပ်စောက်နဲ့ ဟိုပုံးကို  ရောက်နေကြပြီ။ ရန်သူတွေ။ မလုပ်သေးတာတစ်ခုပဲ။ ဘယ်နေ့လုပ်မှန်းမသိဘူး”

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လုံ၊ လွိုင်လင်နှင့် နမ့်စန် မြို့နယ်တို့သည် ပအိုဝ်းအမျိုးသားအားလုံးနှင့် သက်ဆိုင် သော နယ်ဖြစ်ကြောင်းလည်း ၎င်းက ထုတ်ပြောသည်။

၎င်းက ပအိုဝ်းဒေသ၏ အရပ် ၆ မျက်နှာတွင် ရန်သူဝိုင်းနေသဖြင့် ကာကွယ်ရေးလုပ်ရမည်ဟု ဆိုသည်။

PNA သည် စစ်ကောင်စီတပ်နှင့် ပေါင်း၍ စစ်အင်အားအကြီးအကျယ် တည်ဆောက်နေသလို ပအိုဝ်းဒေသ တောင်ဘက်ရှိ ကရင်နီပြည်နယ်အား စစ်ကောင်စီတပ်နှင့် အတူ ထိုးစစ်ဆင်ရာတွင် ပါဝင်နေကြောင်း ကရင်နီအခြေစိုက် တော်လှန်ရေးတပ်များထံမှ သိရသည်။

၂၀၂၂ ဩဂုတ်လအတွင်းက တွေ့ရသော PNA ၏ အခြေခံစစ်သင်တန်းတစ်ခု။ (ဓာတ်ပုံ- Khun San Aung)

PNA ခေါင်းဆောင်များက ပအိုဝ်းဒေသကို ကျူးကျော်မည့်သူများရှိနေသဖြင့် ကာကွယ်ရမည်ဟု  လူထုကို ပြောဆိုစည်းရုံးနေသည်မှာ ၂၀၂၂ ဇူလိုင်ကတည်းက ဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းပြည်သူ့စစ် (PNO) ထိန်းချုပ်နယ်မြေ အထူးဒေသ (၆) တွင် လုံခြုံရေးတပ်ဖွဲ့ဖွဲ့မည့် အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

အထူးဒေသ (၆ )နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ပအိုဝ်းအမျိုးသားများနှင့် အတူနေတိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ် အန္တရာယ်ကျရောက်လာနိုင်သည့် အခြေအနေကြောင့် လုံခြုံရေးတပ်ဖွဲ့ဖွဲ့မည်ဟု PNO က ဆိုထားသည်။  

PNO သည် ၂၀၂၂ မေလမှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းလူမျိုးများနေထိုင်သည့် ကျေးရွာများတွင် ပြည်သူ့စစ် အဖွဲ့ ဖွဲ့စည်းရန် အတင်းအဓမ္မလူသစ်စုဆောင်းပြီးနောက် အခြေခံ စစ်ပညာသင်တန်းပေးမှု များ ခပ်စိတ်စိတ်ပြုလုပ်ခဲ့သည်။

ထိုသင်တန်းများတွင် စစ်တပ်သုံး စစ်ဦးထုပ်များဆောင်းထားကာ လေ့ကျင့်နေသည့် သင်တန်းသားများကို တွေ့ရသည်၊  အမျိုးသမီးများပါ တပ်စိတ်အလိုက်ပါဝင်သည်ကို ထုတ်ပြန်ထားသည့် ပုံများ၊ နီးစပ်သူများ ရိုက်ကူးထားသည့် ဓာတ်ပုံများ တွင် တွေ့ရသည်။ 

PNA နှင့် PNLA တို့သည် ရှမ်းပြည်နယ်ရှိ ပအိုဝ်းလက်နက်ကိုင်တော်လှန်ရေးတွင် အစဉ်အလာကြီးသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ) မှ ဆင်းသက်လာသည့် အဖွဲ့ ၂ဖွဲ့ဖြစ်သည်။

ယခုအခါ PNA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့မှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဖြစ်ပြီး PNLA ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဖြစ်သည်။

ပအလဖသည် ၁၉၆၇ ခုနှစ်တွင် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အဖြစ် အမည် ပြောင်းလဲလိုက်ပြီး ၁၉၇၃ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) နှင့် ပေါင်းရေး မပေါင်းရေးအပေါ် မူတည်ကာ အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများဖြစ်လာသည်။

၁၉၇၆ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မပူးပေါင်းလိုဘဲ ပအိုဝ်းအမျိုးသားရေးလမ်းစဉ်ကို စွဲကိုင်သည့် ဦးအောင်ခမ်းထီက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကို ထူထောင်ကာ သီးခြား ရပ်တည်လာသည်။

PNO ကို ပအိုဝ်းဖြူဟု လူသိများသည်။ ရလလဖမှာ ကွန်မြူနစ်ပါတီနှင့် နီးစပ်သဖြင့် ပအိုဝ်းနီဟုလည်း ခေါ်ကြ သည်။

PNO သည် ၂၀၀၉ ခုနှစ်တွင် ပြည်သူ့စစ်အသွင်ပြောင်းလဲခဲ့သလို နိုင်ငံရေးပါတီထောင်ကာ အထွေထွေ ရွေးကောက်ပွဲများတွင် ပါဝင်အရွေးခံခဲ့သည်။

PNO ခွဲထွက်ပြီးနောက်တွင် ရလလဖ သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူကာ ၂၀၀၇ ခုနှစ်တွင် စစ်အစိုးရထံ လက်နက်အပ်လိုက်သဖြင့် အဖွဲ့ပျက်သွားသည်။ ရလလဖ မပျက်မီမှာပင် ရလလဖ ထဲမှ ခွဲထွက်လာ သူများသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကို ထူထောင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် အခြေစိုက်ကာ စစ်ရေးလှုပ်ရှားသည်။

PNLO သည် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးပြီး မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဟန်ပြပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သေးသည်။ တစ်ချိန်တည်းတွင်ပင် တော်လှန်ရေးအင်အားစုနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

Show More

Related Articles

Back to top button