သတင်း

မြန်မာ့အရေးကို ကက်သလစ်ခေါင်းဆောင်များ ထူးထူးခြားခြား မိန့်ကြား

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းယူမှု ဖြစ်ပွားပြီး တစ်ပတ်ပြည့်မြောက်သည့် ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့တွင်  ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က “မြန်မာပြည်သူများနှင့် တစ်သားတည်းရှိကြောင်း” ထုတ်ဖော်ကြေညာလိုက်သည်ဟု ဗာတီကန်နန်းတော်က ထုတ်ပြန်သည့် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပုပ်ရဟန်းမင်းကြီးက ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်၌ ယနေ့ မိန့်ခွန်းပြောကြားစဉ် ၎င်းအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် အခြေအနေများအပေါ် စိုးရိမ်တကြီး စောင့်ကြည့်လျက်ရှိသည်ဟု သတင်းတွင် ဖော်ပြထားသည်။  

ဒီမိုကရေစီနည်းကျ ဟန်ချက်ညီ သဟဇာတဖြစ်ရေးကို ရှေးရှုသင့်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းမိန့်ကြားလိုက်သည်။ 

“မြန်မာနိုင်ငံက တာဝန်ရှိသူတွေအနေနဲ့ ပြည်သူပြည်သားအားလုံးအကျိုးအတွက် သယ်ပိုးဆောင်ရွက်လိုစိတ် ရှိကြစေဖို့ ကျွန်ုပ်ဆုတောင်းပါတယ်။ ဒီမိုကရေစီနည်းကျစွာ အတူယှဉ်တွဲနေထိုင်နိုင်ကြဖို့အတွက် လူမှုတရားမျှတရေးနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အလေးပေးဆောင်ရွက်စေလိုပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။ 

ပုပ်ရဟန်းမင်းကြီး၏ မိန့်ကြားမှု မတိုင်မီကလည်း ဗာတီကန် အင်တာနက်စာမျက်နှာက  မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်ပြီး သတင်းများတွင် နေ့စဉ်ဖော်ပြထားသည်ကို တွေ့ရသည်။

ပုပ်ရဟန်းမင်းကြီးသည် ကက်သလစ်ဘာသာဝင် ၇ဝဝ,ဝဝဝ ခန့် ရှိသော မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်တွင် ကြွချီလာခဲ့ဖူးသည်။ 

၂၆၆ ဦးမြောက် ပုပ်ရဟန်းမင်းကြီးသည် စပိန်ဘာသာစကား အသုံးများသော အာဂျင်တီးနားနိုင်ငံဇာတိဖြစ်ပြီး လွန်ခဲ့သော ၈ နှစ် အသက်  ၇၆ နှစ် အရွယ်တွင် ပုပ်ရဟန်းမင်းကြီးဖြစ်လာကာ အီတလီနိုင်ငံ ရောမမြို့တော်အနီး တည်ရှိသော ဗာတီကန်မြို့ပြနိုင်ငံတွင် သီတင်းသုံးလျက်ရှိသည်။

မြန်မာနိုင်ငံ၏ အထင်ကရ ခရစ်ယာန်ခေါင်းဆောင် ကာဒီနယ်လ်ချားလ်စ်ဘိုကလည်း စစ်တပ် အာဏာသိမ်းယူမှုကို ကန့်ကွက်သည့် ဆန္ဒပြမှုများ အကြမ်းဖက်တုံ့ပြန်ခံရမည့်အရေး မဖြစ်ပေါ်ရေးအတွက် ဖေဖော်ဝါရီ ၃ရက်နေ့တွင် တောင်းဆိုလိုက်သည်။

မြန်မာပြည်သူပြည်သားအပေါင်းနှင့် အပြည်ပြည်ဆိုင်ရာမိတ်ဆွေများထံ ပေးပို့သည့် ကာဒီနယ်ချားလ်စ်မောင်ဘို၏ သတင်းစကားဆိုသည့် ထုတ်ပြန်ချက်တွင် “ကျွန်ုပ်တို့နိုင်ငံရဲ့ သမိုင်းမှာ အမှောင်ထုကျရောက်တဲ့ အခိုက်အတန့်တွေကို ဝမ်းနည်းကြေကွဲစိတ်နဲ့ ကျွန်ုပ်ကြည့်ရှုနေခဲ့ရပါတယ်” ဟု   စာမျက်နှာ ၅ မျက်နှာပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဲစာရင်းများစစ်ပြီး နောက်ထပ်ရွေးကောက်ပွဲလုပ်ပေးမည်ဟူသော ကတိပေးမှုကိုလည်း ကာဒီနယ်က ပယ်ချလိုက်သည်။ 

“ကျွန်ုပ်တို့ချစ်ခင်ရတဲ့ မြန်မာပြည်သူပြည်သားများအပေါ် အကြမ်းဖက်ခြင်းမျိုး လုံးဝမပြုလုပ်ကြပါနဲ့” ဟု ကာဒီနယ်က တောင်းဆိုလိုက်သည်။ 

Show More

Related Articles

Back to top button