သတင်း

မြန်မာ့ဆန် တန်ချိန်တစ်သိန်း ဘင်္ဂလားဒေ့ရှ်ကို ရောင်းမည်

သီးနှံအထွက်နှုန်းလျော့ကျမှုကြောင့် စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေသည့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာ့ဆန်တန်ချိန် တစ်သိန်း ရောင်းချမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တာဝန်ရှိသူက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ အစိုးရချင်း သဘောတူညီမှုဖြင့် မြန်မာ့ဆန် တင်ပို့ရောင်းချရေး အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က Myanmar Now ကို ပြောသည်။

“ကျွန်တော်နဲ့လည်း ပြီးခဲ့တဲ့တစ်လလောက်ကတည်းက စပြီးတော့ ညှိနှိုင်းဆွေးမှုတွေ ဆက်တိုက်လုပ်ပါတယ်။ အဲ့ဒီဆွေးနွေးမှုတွေကို အခြေခံပြီးတော့ အရောင်းအဝယ်စာချုပ် ချုပ်တဲ့အနေအထားထိဖြစ်အောင် ကျွန်တော်တို့ ဆွေးနွေးနေတယ်” ဟု ၎င်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် မြန်မာနိုင်ငံမှ ဆန်အမျိုးအစားသုံးမျိုးကို ဝယ်ယူရန် ဆွေးနွေးနေသော်လည်း အဓိကအားဖြင့် တန်းမြင့်ဆန်၊ ဆန်ကွဲပါဝင်မှု ၅ ရာခိုင်နှုန်းဆန် ဝယ်ယူမည့်အခြေအနေရှိပြီး စာချုပ် ချုပ်ဆိုပြီးပါက အသေးစိတ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဦးရဲမင်းအောင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈၊ ၂၀၁၉ တို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည်တွင်းဆန် ဖူလုံသဖြင့် ပြည်ပမှဆန်တင်သွင်းမှု မရှိခဲ့သော်လည်း ၂၀၂၀ တွင် ဆန်လိုအပ်ချက် ရှိလာပြီး ဆန်ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ပြည်ပမှ ဆန်တင်သွင်းရန် တင်ဒါများခေါ်ယူခြင်းနှင့် အစိုးရအချင်းချင်း (G to G) ချိတ်ဆက်ဆွေးနွေးခြင်းများ ပြုလုပ်လာသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ဆန်သင်္ဘာတင်ပို့မှု ကြာမြင့်နိုင်သော်လည်း ဆန်ကို အမြန်ဆုံးတင်ပို့ပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန္ဒရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောသည်။

“သူတို့ (ဘင်္ဂလားဒေ့ရှ်အစိုးရ) က အမြန်ဆုံးလိုချင်တယ်ဆိုတဲ့ပုံစံမျိုး ရှိတာပေါ့။ နောက်ပြီးတော့ ဆန်က ဆန်အဖြူတင် မကဘူး။ ပေါင်းဆန်ကိုပါ လိုချင်တာပေါ့ ” ဟု ၎င်းက ဆိုသည်။

ဆန်စပါးနှင့် စားနပ်ရိက္ခာပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာကို ၂၀၁၇ ကတည်းက လက်မှတ်ရေးထိုးခဲ့ပြီး ယင်းနှစ်တွင်လည်း မြန်မာ့ဆန် တန်ချိန်တစ်သိန်း ရောင်းချခဲ့၍ ယခုအခါ ဆန်တန်ချိန်တစ်သိန်း ထပ်မံရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်သည်။

မြန်မာ့ဆန်ကို တရုတ်၊ ဥရောပ၊ အာဖရိက၊ အာဆီယံနှင့် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချနေပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇန်နဝါရီပထမအပတ်အထိ ဆန်တန်ချိန် ၆ သိန်း၊ ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သိန်း တင်ပို့ထားကာ ဆန်တင်ပို့မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းများအရသိရသည်။

Show More

Related Articles

Back to top button