သတင်း

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား၊ စစ်ဘေးရှောင် ၂၀၀ ခန့်တိုးလာ

စစ်တွေ — ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ပြီးခဲ့သည့်နှစ်ရက်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ် အလယ်ချောင်း ခမီရွာသစ် အနီးတွင် တပ်မတော်စစ်ကြောင်းနှင့် AA တို့ကြား ပစ်ခတ်မှုများ ယမန်နေ့က ဆက်လက် ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင် ဒေသခံ ၂၀၀ ကျော်မှာ ဒုံးသီကျေးရွာသို့ ထွက်ပြေးလာကြသည်ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာနှင့် ဘာထလေကျေးရွာ ကြားတွင် ယင်းတပ်ဖွဲ့နှစ်ဖွဲ့တို့အကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု  ရခိုင်အမျိုးသားပါတီမှ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက Myanmar Now ကို ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားချိန် နာရီဝက်ခန့်ကြာမြင့်ပြီး လက်နက်ကြီးပစ်ခတ်သံ အကြိမ် ၅၀ ထက်မနည်းကို ရသေ့တောင် မြို့ပေါ်မှပင် ကြားရကြောင်း ရသေ့တောင်ဒေသခံတစ်ဦးက ပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အင်တာနက်စာမျက်နှာတွင်မူ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသော တပ်မတော်စစ်ကြောင်းသည် ဇန်နဝါရီလ ၁၃ ရက် (ယမန်နေ့) နံနက်က သရက်ပြင်ကျေးရွာ၏အရှေ့ဘက် မီတာ ၁၃၀၀ (တစ်မိုင်နီးပါး) သို့အရောက် AA အဖွဲ့မှ အင်အား ၅၀ ခန့်နှင့် နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီခွဲအထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး AA အဖွဲ့ဝင်များ တောင်ဘက်သို့ ဆုတ်ခွာသွားသည်ဟု သတင်းထုတ်ပြန်ထားသည်။

ဧရာဝတီသတင်းဌာန၏ သတင်းတစ်ပုဒ်တွင်မူ သရက်ပြင်ကျေးရွာအနီး AA ၏ယာယီအခြေစိုက်စခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့စဉ် နှစ်ဖက်စလုံး အကျအဆုံးများရှိခဲ့ပြီး AA ဘက်မှ ယူနီဖောင်း ဝတ် အလောင်းငါးလောင်း ရရှိခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်သည်ဟု ဖော်ပြထားသော်လည်း တပ်မတော်ဘက်မှ အကျအဆုံးကို မသိရသေးဟု တပ်မတော်ပြောခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ကိုးကား၍ဆိုထားသည်။

AA မှ ပြောခွင့်ရ ဦးခိုင်သုခကို Myanmar Now ကဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ယနေ့နံနက်က ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်သည်ဆိုသောသတင်းအတွက်မူ တပ်မတော်သတင်းမှန် ပြန်ကြားရေးမှ ပြောခွင့်ရ ဗိုလ်ချုပ်ထွန်းထွန်းညီက တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အောက်ခြေသတင်းများ မကြားရသေးကြောင်း ပြောသည်။

ဒီနေ့ဖြစ်တဲ့ တိုက်ပွဲသတင်းတွေကတော့ ကျွန်တော်တို့စိစစ်နေတုန်းပဲရှိပါသေးတယ်ဗျ” ဟု ၎င်းကပြောသည်။

နေရပ်စွန့်ခွာသူများတိုးလာ

ဇန်နဝါရီ ၁၃ ရက်နေ့တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒေသခံ ၂၀၀ ကျော်မှာ ဒုံးသီကျေးရွာသို့ ထွက်ပြေးလာကြ သည်ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

၎င်းက တိုက်ပွဲကြောင့် ပြေးလွှားနေရသည့် စစ်ဘေးရှောင်များမှာ စိုင်းဒင်ချောင်းအနီးရှိ ကြိမ်ချောင်းဈေးရွာမှစ၍ ကြာညိုပြင်၊ ဒုံးသိမ်၊ စပါးထား၊ စေတီတောင်၊ စေတောင်၊ ဝါးခုတ်ချောင်းကျေးရွာများတွင် ရောက်ရှိနေ ကြောင်း၊ တိုက်ခိုက်ခံရသည့် ရဲကင်းစခန်းလေးခု နေရာအနီးတွင်ရှိသည့်ကျေးရွာများမှာ ရိက္ခာရရှိရန် ကန့်သတ်ခံထားရပြီး ရိက္ခာပြတ်လပ်နေကြောင်း ပြောသည်။

အဲဒီပတ်ဝန်းကျင်မှာ ရှိတဲ့ ကျေးရွာတွေက လုပ်ကိုင်စားသောက်ဖို့ အခက်အခဲတင်မက ဈေးသွား၊ ဈေးလာ အခက်အခဲပါ ရှိနေတယ်။ ရွာပြင်ကို သွားလို့မရဘူး။ စားရေးသောက်ရေးတွေ အခက်အခဲရှိတယ်” ဟု၎င်းကပြောသည်။

ရသေ့တောင်မြို့နယ် တိုက်ပွဲများကြောင့် ဒုက္ခသည်များ တိုးလာခြင်းရှိမရှိ မသိသေးဟု ဒေါ်ခင်စောဝေက ပြောသည်။

တပ်မတော်နှင့် မြန်မာသတင်းမီဒီယာကောင်စီတို့ တွေ့ဆုံခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ တပ်မတော်က ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့ရှိ စစ်တိုင်းကြီး ငါးတိုင်းတွင် အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

သို့သော်လည်း တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းကိုမူ ARSA (ခေါ်) အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ရှိနေသည်ဟုသည့် အကြောင်းပြချက်ဖြင့် အပစ်ရပ်ရန် ချန်လှပ်ထားခဲ့သည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက်အစောပိုင်းက ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲကင်းစခန်းများဖြစ်သည့် ခတ္ထိလ၊ ငါးမြင်းပေါ်၊ ကျောင်းတောင်၊ ကျွန်းပေါက် နယ်ခြားစောင့် ရဲကင်းစခန်း လေးခုကို AA ကတိုက်ခိုက်ခဲ့သည်။

နယ်ခြားစောင့် ရဲတပ်သား ၁၃ ယောက် ကျဆုံးခဲ့ရသည့် ထိုတိုက်ခိုက်မှု အပြီးတွင် AA က နယ်ခြားစောင့် ရဲများအပါအဝင် ၎င်းတို့၏ မိသားစုဝင် ၁၄ ဦးကို  ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထိုနေ့တွင်ပင် ပြန်လွှတ်ပေးခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ လူဦးရေ ၅၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရပြီး အများစုမှာ ကျောက်တော်မြို့နယ်မှ ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက ဇန်နဝါရီ ၁၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button