သတင်း

မင်းကင်းအမတ်ဦးမောင်မြင့် ဘာသာရေးမဲဆွယ်သည့်အမှု နှစ်လကြာအထိ တရားရုံးမရောက်သေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကို ဘာသာရေးအကြောင်းပြ မဲဆွယ်သည်ဟုဆိုကာ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုဖြင့် အမှုဖွင့်ထားသည်မှာ နှစ်လကျော်ကြာမြင့်နေသော်လည်း တရားရုံးတွင် အမှုစစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း တိုင်ကြားသူက ပြောသည်။

မဲဆွယ်ကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ပုတ်ခတ်၍ ဘာသာရေးအကြောင်းပြ စည်းရုံးမဲဆွယ်သည်ဆိုကာ မင်းကင်းမြို့နယ် (NLD ပါတီ) ဥပဒေအထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းထွဋ်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈ (ဂ) ဖြင့် နိုဝင်ဘာ ၂၀ တွင် မင်းကင်းမြို့နယ်ရဲစခန်း၌ အမှုဖွင့်ခဲ့သည်။

“ရဲလုပ်ငန်းစဉ်မှာ ကြာနေတာပေါ့။ ကျွန်တော်တို့ကတော့ ရဲလုပ်ငန်းစဉ်ကို ဝင်ရောက်မစွက်ဖက်ဘူး။ ရဲဘက်ကို မေးရင်တော့ လုပ်ငန်းစဉ် မပြီးသေးဘူးလို့ပဲ သိရတယ်” ဟု ဦးကျော်မင်းထွဋ်က ပြောသည်။ 

ဦးသိန်းစိန်အစိုးရလက်ထက် အလုပ်သမားဝန်ကြီးနှင့် စက်မှုဝန်ကြီးဟောင်းဖြစ်ခဲ့သူ အသက် ၆၂ နှစ်အရွယ်ရှိ ဦးမောင်မြင့်သည် မင်းကင်းမြို့နယ်ကိုယ်စားပြုကာ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲ နှစ်ကြိမ်ဆက် အနိုင်ရခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်မူ NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၀ တွင် အမှုဖွင့်ခံရသည်။ 

ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီဝင် ဦးမောင်မြင့်သည် တပ်မတော်အရာရှိဟောင်းလည်းဖြစ်ပြီး စစ်အစိုးရလက်ထက် နိုင်ငံခြားရေးဒုဝန်ကြီးအထိ  တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

မင်းကင်းမြို့နယ်ရဲစခန်းမှူး ဒုရဲမှူးဇော်ဝင်းကျော်က ” ဦးမောင်မြင့်ကို စစ်ဆေးမေးမြန်းနိုင်ရေး ဆင့်ခေါ်ရာတွင် ကိုဗစ်နိုင်တင်းရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်၍ စာတိုက်မှ ဆင့်စာပေးပို့သည့် လုပ်ငန်းစဉ်၌ ကြန့်ကြာနေကြောင်း” Myanmar Now ကို ဒီဇင်ဘာအတွင်းက ဖြေကြားခဲ့သည်။ ရန်ကုန်မြို့၌ လက်ရှိနေထိုင်နေသော ဦးမောင်မြင့်ထံ ဆင့်ခေါ်စာ နှစ်ကြိမ်ပို့ထားကြောင်း ၎င်းက ဆိုခြင်းဖြစ်သည်။ 

စခန်းမှူး ဒုရဲမှူးဇော်ဝင်းကျော်ကို ယမန်နေ့ (ဇန်နဝါရီ ၂၅) တွင် Myanmar Now က ထပ်မံဆက်သွယ်၍ မေးမြန်းခဲ့သော်လည်း “အလုပ်များနေသည်” ဟုသာ ဖြေကြားခဲ့သည်။ စခန်းမှူးကို Myanmar Now က ထပ်မံပြီး အကြိမ်ကြိမ် ဖုန်းခေါ်ဆိုသော်လည်း လက်ခံဖြေကြားခြင်း မရှိတော့ပေ။ 

အမှုဖွင့်ခံရသူ ဦးမောင်မြင့်ကို မင်းကင်းရဲစခန်းသို့ သွားရောက် အမှုရင်ဆိုင်ရန် ရှိမရှိ မေးမြန်းရာ “ရဲစခန်းကို သွားမေးလိုက်” ဟု ပြောသည်။ 

အမှုဖွင့်သူ ဦးကျော်မင်းထွဋ်က” အမှုတွဲအကုန်လုံးကလည်း ပြီးပြီ၊ သူတစ်ယောက်ကိုပဲ စစ်ဆေးဖို့ ကျန်တော့တာ။ ရဲကလည်း သူ့အလုပ်တော့ လုပ်နေတာ။ တစ်ဖက်ကလည်း စွပ်စွဲခံရသူ ဦးမောင်မြင့်က သူ့တာဝန်သူ မယူဘူးပေါ့လေ။ အမှန်တကယ်တော့ သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းသင့်တာပေါ့ ” ဟု Myanmar Now ကို ဒီဇင်ဘာတွင်းက ပြောခဲ့သည်။

ဦးမောင်မြင့်သည် မင်းကင်းမြို့နယ်၊ ဥယျာဉ်မရွာ၌ အောက်တိုဘာ ၈ တွင် “ကျွန်တော်တို့ကြားတဲ့ သတင်းအရဆို ၄၂ ယောက်လို့လည်း ပြောတယ်။ တချို့လူတွေကျတော့လည်း ၆၂ ယောက်လို့လည်း ပြောတယ်။ တိတိကျကျပြောရရင် ပန်းဘဲတန်းမှာ စည်သူမောင်၊ မင်္ဂလာတောင်ညွန့်မှာဆိုရင် နောင်တစ်ချိန်မှာ မြန်မာနိုင်ငံမှာ သမ္မတလုပ်မယ်လို့ ကြွေးကြော်နေတဲ့ ကုလားမ ဝေဝေနုဆိုတာ ရှိတယ်။ ခင်ဗျားတို့ သိဖို့က ၂၀၁၀ မှာ (မွတ်စလင်အမတ်) သုံးယောက်ထည့်ခဲ့တဲ့ (ပြည်ခိုင်ဖြိုး) ပါတီနဲ့ အခု ၂၀၂၀ မှာ ၄၂ ယောက် သို့မဟုတ် ၆၂ ယောက် ထည့်မယ်ဆိုတဲ့ (NLD) ပါတီ။ အဲဒီနှစ်ခုကို ချိန်ထိုးသုံးသပ်ပြီးမှ ဘယ်ဘက်က ရပ်မလဲ” ဟု ဟောပြောမဲဆွယ်ခဲ့သည့် ရုပ်သံမှတ်တမ်းများလည်း လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့ခဲ့ပြီးနောက် အမှုဖွင့်ခံရခြင်း ဖြစ်သည်။ 

မင်းကင်းမြို့နယ် NLD ဥပဒေအထောက်အကူပြုကော်မတီ၏ တိုင်ကြားချက်တွင် ဗီဒီယိုဖိုင်သက်သေများလည်း ပါဝင်ပြီး ဦးမောင်မြင့်ကိုယ်တိုင် ၎င်းအနေဖြင့် NLD ပါတီတွင် ကုလား ၄၂ ဦး ပါဝင်သည်ဟု ဟောပြောခဲ့သည်မှာ မှန်ကန်ကြောင်း မီဒီယာများ၌ ဖြေကြားချက်များကို သက်သေအဖြစ် တင်ပြထားသည်။

NLD ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မန္တလေးနှင့် ရန်ကုန်တွင် မွတ်စလင်အမတ် ၂ ဦး ထည့်သွင်းယှဉ်ပြိုင်ခဲ့ပြီး နှစ်ဦးလုံးမှာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈ (ဂ)အရ ပြစ်မှုထင်ရှားပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည်။ 

ယင်းပုဒ်မမှာ လူမျိုးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲပေးရန်သော်လည်းကောင်း၊ မပေးရန်သော်လည်းကောင်း ဟောပြောခြင်း၊ ပြောဆိုခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း သို့မဟုတ် ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲ၌ အမျိုးသားရေးကြွေးကြော်သည့် ပါတီများအနက် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီမှ မိုက်ကယ်ကျော်မြင့်၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်တို့လည်း ဘာသာရေးအကြောင်းပြ မဲဆွယ်စည်းရုံးမှုများ ရှိခဲ့သည်။

သို့သော်လည်း ၎င်းတို့ကိုမူ ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြင့် တိုင်ကြားသူမရှိချေ။ 

Show More

Related Articles

Back to top button