သတင်း

နေပြည်တော်တပ်ထောက်ခံပွဲတွင် ‘တပ်နှင့် ပြည်သူ ဒို့ရန်သူ’ ဟု မှားယွင်းကာ ကြွေးကြော်

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ရှိ နေရာသုံးခုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တပ်မတော်ကို ထောက်ခံကြောင်း ချီတက်ဆန္ဒပြပွဲနှင့် အင်အားပြလှည့်လည်ခြင်းများ ယနေ့ (ဇန်နဝါရီ ၂၂) နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ 

ဥတ္တရသီရိမြို့နယ် ရွှေနံသာဘောလုံးကွင်းတွင် ပြုလုပ်သော ချီတက်ဆန္ဒပြပွဲတွင် ပါဝင်သူများက “အာဏာအလွဲသုံးသူ ဒို့ရန်သူ”၊ “တပ်နှင့်ပြည်သူ အတူတူ သွေးခွဲလာသူ ဒို့ရန်သူ” ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကြော်ခဲ့ပြီး စီတန်းလှည့်လည်မှု အစတွင် “တပ်နဲ့ပြည်သူ ဒို့ရန်သူ” ဟု နှစ်ကြိမ်တိုင် မှားယွင်းကြွေးကြော်ခဲ့သည်။  

“ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်လွှာများအပေါ် တရားမျှတစွာ စစ်ဆေးဆောင်ရွက်နိုင်ရန်” ဟု ခေါင်းစဉ်တပ်ထားသော အဆိုပါ ချီတက်ဆန္ဒပြနှင့် ဟောပြောပွဲကို လူအင်အား ၂၀ ခန့်ဖြင့် ပြုလုပ်ခဲ့ပြီး လယ်ဝေးနှင့် ဥတ္တရသီရိမြို့နယ်ရှိ ပြည်ခိုင်ဖြိုးရုံးများတွင် ရာနှင့်ချီသောလူများဖြင့် အင်အားပြခဲ့ကြသည်။ 

ချီတက်ဆန္ဒပြပွဲနှင့်အတူ ရွှေနံ့သာဘောလုံးကွင်းတွင် ပြုလုပ်သော ဟောပြောပွဲတွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူဆိုသော လူသုံးဦးက တပ်မတော်၏ ရွေးကောက်ပွဲဆိုင်ရာ ရပ်တည်ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း ဟောပြောကြသည်။

“တရားဥပဒေကို လက်တစ်လုံးကြားလုပ်၊ လိုသလိုဆွဲ၊ လိုချင်သလို အကောင်အထည်ဖော်နေတဲ့ သူတွေကို ကျွန်တော်ဒီနေရာက ပြောချင်တာက ခင်ဗျားတို့တစ်တွေ ရူးတောင်သွားဦးမယ်လို့ ပြောချင်ပါတယ်”ဟု ပျဉ်းမနားမြို့ခံဆိုသူ ဦးဇော်တူးအောင်က ဟောပြောခဲ့သည်။

ရွှေနံ့သာဘောလုံးကွင်း၌ ဆန္ဒဖော်ထုတ်နေချိန်တွင် ဥတ္တရသီရိနှင့် လယ်ဝေးမြို့နယ်ရှိ ပြည်ခိုင်ဖြိုးရုံးများတွင် ရာနှင့်ချီသော ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ စုရုံးခဲ့ကြပြီး အချို့မှာ နေပြည်တော်အတွင်း မော်တော်ယာဉ်တန်းဖြင့် စီတန်းလှည့်လည်ခဲ့သည်ကို Myanmar Now က တွေ့ရှိရသည်။ 

ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် လာရောက်စုဝေးသူတစ်ဦးဖြစ်သည့် ဦးစန်းဦးဆိုသူက ရွှေနံသာဘောလုံးကွင်းဆန္ဒပြပွဲတွင် ပါဝင်လိုသော်လည်း ကိုဗစ်နိုင်တင်းကာလအတွင်း လူ ၃၀ ဦးထက် ပိုမစုရဆိုသော အစိုးရ၏ ကန့်သတ်ချက်ကြောင့် ၎င်းတို့ထောက်ခံသည့်ပါတီရုံးဝင်းအတွင်း ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“(အစိုးရက) ကိုဗစ်နိုင်တင်းရောဂါကာကွယ်တိုက်ဖျက်ရေး သဘာဝဘေးအန္တရာယ်ဆိုတဲ့ အချက်ကို ဇောင်းပေးပြီးတော့မှ ပြည်သူလူထုကို စုဖွဲ့မှုမရအောင်လို့ ခွဲထုတ်လိုက်တာပဲ။ ဝန်းရံတဲ့အဖွဲ့က ရုံးထဲမှာ ဆန္ဒထုတ်ဖော်ပေးတာ” ဟု ဦးစန်းဦးက ဆိုသည်။

တပ်မတော်ကို ထောက်ခံကြောင်း အင်အားပြစည်းရုံးလာသည့် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ၏ မော်တော်ယာဉ်များကို နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ – ဉာဏ်လှိုင်လင်း/ Myanmar Now) 

ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးရုံးအတွင်းစုဝေးပြီး နံနက် ၉ နာရီခွဲခန့်တွင် ပြန်လည်ထွက်ခွာလာသော လူရာချီသည့် လူအုပ်ကို မော်တော်ယာဉ် အစီးရေ ၅၀ ကျော်ဖြင့် ပြန်လည်တင်ဆောင်သွားသည်ကို တွေ့ရသည်။

ယင်းတို့အနက် မော်တော်ယာဉ် အစီး ၂၀ ခန့်တွင် လူတစ်ရာခန့်ကို တင်ဆောင်သွားသည့် ယာဉ်တန်းမှာ ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးရုံးရှေ့မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနီးရှိလမ်းကို ဖြတ်သန်းကာ ဇေယျဌာနီလမ်းမကြီးပေါ်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ရုံးရှေ့တွင် ခေတ္တရပ်တန့်ပြီးနောက် လူစုခွဲသွားကြသည်ကို တွေ့ရှိခဲ့ရသည်။ 

အလားတူပင် လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင်လည်း ဝန်းရံသူ ရာချီစုဝေးခဲ့ကြသည်ဟု ပြည်ထောင်စုနယ်မြေ၊ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဌေးဝင်းက Myanmar Now ကို ပြောသည်။

“သီးခြားလှုပ်ရှားမှုတော့ မဟုတ်ပါဘူးခင်ဗျ။ မရှိပါဘူး။ ဒီကနေ့ ရွှေနံ့သာမှာလုပ်မယ်ဆိုတော့ သူ့ဟာသူ ဘေး(ဝန်းရံသူတွေ)က လာကြမယ်ဆိုတော့ဗျာ။ မလာဖို့တားရင်း ဆန္ဒပြပွဲမသွားရတဲ့သူတွေ ရုံးထဲဝင်တဲ့ သဘောပါပဲ” ဟု ၎င်းက ဆိုသည်။

လယ်ဝေးနှင့် ဥတ္တရသီရိ ပြည်ခိုင်ဖြိုးရုံးများတွင် လူစုလူဝေးဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ထံ မေးမြန်း၍ မရသေးသော်လည်း ရွှေနံ့သာဘောလုံးကွင်းအတွင်းဆန္ဒပြမှုမှာမူ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်းသာဖြစ်၍ အရေးယူရန်မရှိဟု ဥတ္တရသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ယာယီရဲမှူးဝင်းလွင်က Myanmar Now ကို ပြောသည်။

သို့သော် လူဦးရေ ၃၀ ထက် ပိုမိုစုဝေးသည်ဆိုလျှင် ဥပဒေအရ အရေးယူဆောင်ရွက်ရန် အထက်အဆင့်မှ ညွှန်ကြားထားကြောင်း ယာယီရဲမှူးဝင်းလွင်ထံမှ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ ကျင်းပခဲ့သည့်အနက် ပြည်ခိုင်ဖြိုးပါတီက ၇၁ နေရာသာ အနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများနည်းတူ မဲမသမာမှုဖြစ်နိုင်ခြေများစွာ ရှိသည်ဟူသော တပ်မတော်၏ ပြောဆိုချက်များကို ပြည်ခိုင်ဖြိုးပါတီက ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုနေသည့်နည်းတူ အင်အားပြဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မှသာ ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်ဖြစ်ကြောင်း တပ်မတော်က ဇန်နဝါရီ ၂၀ ရက်တွင် သဘောထားထုတ်ပြန်ထားသည်။ 

ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံရေးအကျပ်အတည်းဖြစ်နေသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်က ဆိုပြီး ထိုအကျပ်အတည်းကို ကျော်လွှားနိုင်ရန် ပြည်ထောင်စုလွှတ်တော်၊ အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့က ဖြေရှင်းပေးရန်လည်း တောင်းဆိုထားသည်။ 

လွှတ်တော်အာဏာပိုင်များကမူ ၂၀၂၀ ရွေးကောက်ပွဲရလဒ် စတင်အသက်ဝင်စေမည့် တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ထို့အတူ နိုင်ငံတော်သမ္မတရွေးချယ်ရေးနှင့် အစိုးရဖွဲ့စည်းရေးလုပ်ငန်းစဉ်များဆောင်ရွက်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ကျင်းပမည် ဖြစ်သည်။ 

လွှတ်တော်အစည်းအဝေးများ မစတင်မီ ဇန်နဝါရီ ၂၉ ရက်တွင် သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို ပြည်ခိုင်ဖြိုးပါတီနှင့် ၎င်း၏မိတ်ဖက် သမ္မတရုံးဝန်ကြီးဟောင်းနှင့် စစ်ဥပဒေချုပ်ဟောင်း ဦးစိုးမောင်၏ ပါတီတို့က တိုင်ကြားထားသည့် စာချွန်တော်လျှောက်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ကြားနာရန် ရှိနေသည်။ 

ထို ဇန်နဝါရီ ၂၉ ရက်တွင် “တပ်မတော်က တိုင်းပြည်ကို ကယ်တင်ပေးရန်” ဟူသော တပ်မတော်ထောက်ခံပွဲကျင်းပရန် အမှုသုံးခုဖြင့် ဝရမ်းပြေးဖြစ်နေသူ မိုက်ကယ်ကျော်မြင့်၏ အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီက ဦးဆောင်စည်းရုံးလျက်ရှိသည်။ 

အဆိုပါလှုပ်ရှားမှုကို မိုက်ကယ်ကျော်မြင့်ကိုယ်တိုင် ဦးဆောင်မည်ဖြစ်ကြောင်း သူ၏ပါတီမှ တာဝန်ရှိသူအချို့က ထုတ်ဖော်ပြောကြားထားသည်။ တရားစွဲဆိုခံထားရသည့် အမှုသုံးခုကြောင့် ဝရမ်းပြေးဖြစ်နေသူ မိုက်ကယ်ကျော်မြင့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်း မရှိသေးသော်လည်း နေပြည်တော်သို့ ရောက်ရှိနေကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် တင်ထားသည်ကို တွေ့ရသည်။ 

Show More

Related Articles

Back to top button