
ရန်ကုန် – နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခြင်းခံထားရသော ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ အယူခံမှုကို ရန်ကုန်တိုင်းတရားလွှတ်တော်မှ ပလပ်လိုက်ကြောင်း ယနေ့တွင် တိုင်းတရားသူကြီး ဦးအောင်နိုင်ဦးက အမိန့်ချမှတ်လိုက်သည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလက မင်္ဂလာဒုံမြို့နယ်အတွင်း အဖမ်းခံလိုက်ကြရသည့် ရိုက်တာသတင်းထောက်များကို အဖမ်းခံရပြီး ၉ လအကြာတွင် မြောက်ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပြီး အဆိုပါနှစ် ဒီဇင်ဘာလတွင် တိုင်းတရားလွှတ်တော်သို့ အယူခံတင်သွင်းခဲ့သည်။ အယူခံတင်သွင်းအပြီး တစ်လအကြာတွင် ထို အယူခံကို ပလပ်လိုက်ခြင်း ဖြစ်သည်။
သတင်းထောက်များ၏ လက်ဝယ်တွေ့ရှိသော ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏ အင်အား၊ လက်နက်နှင့် အခြေစိုက်မြေပုံများ၊ သတင်းထောက်များ၏ ဖုန်းအတွင်းမှ လုံခြုံရေးအဆင့် သတ်မှတ်ထားသည့် စာရွက်စာတမ်းများအပြင် မှတ်စုစာအုပ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၏ ဖုန်းနံပါတ်များကို တွေ့ရှိခဲ့ခြင်းတို့ကြောင့် ထိုစာရွက်စာတမ်းများသာ လက်နက်ကိုင်အဖွဲ့များထံသို့ ရောက်ရှိသွားလျှင်ဆိုသည့် သုံးသပ်မှုမျိုးဖြင့် ယခုအယူခံကို ပယ်ချခဲ့ခြင်းဖြစ်သည်ဟု တရားသူကြီးက သုံးသပ်သည်။
“ဒီနေ့ အယူခံကို ပလပ်လိုက်မှုမှာ ကျွန်တော် တော်တော်စိတ်ပျက်မိတယ်။ ဒါက မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ သတင်းထောက်တွေရဲ့ အခြေအနေကို မီးမောင်းထိုးပြလိုက်တာပါ။ ကျွန်တော်တို့ အယူခံတင်တဲ့အချက်တွေကို တရားရုံးက ပြန်သုံးသပ်ခဲ့တာ မတွေ့ရဘူး။ အောက်ရုံးမှာအတိုင်းပဲ။ ဥပဒေပိုင်းအရတော့ ကာယကံရှင်တွေ၊ မိသားစုတွေနဲ့ တိုင်ပင်ပြီးတော့ ဆက်လုပ်သွားစရာကို လုပ်သွားမှာပါ” ဟု သတင်းထောက်များ၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။
“ဒီကနေ့ ရုံးတော်ရဲ့ဆုံးဖြတ်ချက်ဟာ ဝလုံးနဲ့ကျော်စိုးဦးတို့ ခံစားခဲ့ရတဲ့ မတရားမှုအများအပြားထဲက နောက်ဆုံး ရရှိလိုက်တဲ့ မမျှတမှုပါပဲ။ သူတို့ ထောင်ထဲမှာ နေရခြင်းမှာ အကြောင်းရင်းတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ အာဏာလက်ရှိ ရှိထားသူတွေဟာ အမှန်တရားကို ပါးစပ်ပိတ်ဖို့ကြိုးစားကြတယ် ဆိုတာပါပဲ။ သတင်းသမားဟာ သတင်းတွေကို တင်ဆက်မှာဖြစ်ပြီး ဒါဟာ ရာဇဝတ်မှုမဟုတ်ပါဘူး။ ဒီလို မဟုတ်မဟတ်ကိစ္စတွေကို တည့်မတ်ဖို့ မြန်မာပြည်အနေနဲ့ မကြိုးစားသရွေ့ မြန်မာ့သတင်းမီဒီယာကဏ္ဍဟာ မလွတ်လပ်ပါဘူး။ ဒါ့ပြင် တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီအရေးတို့အပေါ် ထားရှိတဲ့ မြန်မာနိုင်ငံရဲ့သန္နိဋ္ဌာန်ဟာလည်း သံသယဖြစ်ဖွယ် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်”ဟု ရိုက်တာ သတင်းဌာန၏ အယ်ဒီတာချုပ် စတီဖင် အေဒလာ (Stephen J. Adler) က ထုတ်ပြန်ထားသည်။
သတင်းထောက်များ၏ လက်ထဲနှင့် လက်ကိုင်ဖုန်းများထဲတွင် နိုင်ငံတော်ထိပ်တန်းလျှို့ဝှက်ချက်များ တွေ့ရှိသည်ဆိုပြီး သတင်းထောက်များကို ထောင်ဒဏ်အပြစ်ပေးခဲ့ခြင်းဖြစ်သည်။
အဖမ်းခံခဲ့ရပုံ
ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် အမှတ် ၂ လမ်းမပေါ်ရှိ ဆောင်းရိပ်မွန် ဘီယာဆိုင် ကားပါကင်အဝတွင် အဖမ်းခံရကြောင်း တရားရုံးတော်တွင် ထွက်ဆိုခဲ့သော်လည်း ရဲတပ်ဖွဲ့က ၎င်းတို့နှစ်ဦးကို ဖမ်းမိသည့် နေရာမှတ်တမ်းရေးသွင်းရာတွင်ပင် ကိုဝလုံး၏ မှတ်တမ်းတွင် အမှတ် ၃ လမ်းဆုံနှင့် နီလာလမ်းထောင့်ဟု ရေးသွင်းခဲ့ပြီး ကိုကျော်စိုးဦး၏ မှတ်တမ်းတွင် ဆောင်းရိပ်မွန် ဘီယာဆိုင်အဝဟု ရေးသွင်းထားကာ အမှုတွဲ ၂ ယောက်၏ မှတ်တမ်းမှာ ကွဲလွဲနေသည်။
ရိုက်တာသတင်းထောက်များသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် ဘင်္ဂါလီ ၁၀ ဦး အသတ်ခံရသည့် သတင်းများအတည်ပြုနိုင်ရန်အတွက် အဆိုပါနေရာတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ဆုံအင်တာဗျူးနေစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း တရားစွဲသော ရဲတပ်ဖွဲ့အနေဖြင့် လျှို့ဝှက်စာရွက်များ စုဆောင်းခြင်းကြောင့်ဟု တရားလိုပြ သက်သေအများအပြားက တရားရုံးတွင် ထွက်ဆိုခဲ့သည်။
တရားလိုပြသက်သေတစ်ဦးဖြစ်သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်က ရဲတိုင်းတွင် မိမိကျင့်ဝတ်၊ မိမိသိက္ခာကိုယ်စီရှိသည်ဟု ဆိုပြီး အဆိုပါအမှုတွင် သတင်းထောက်များကို ရဲတပ်ဖွဲ့မှ ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ပုံကို တရားရုံးတွင် အသေးစိတ် ထွက်ဆိုခဲ့သည်။
ထိုသို့ထွက်ဆိုအပြီး မကြာခင် ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို အခွင့်မရှိဘဲ သတင်းထောက်များကို လက်ခံစကားပြောသည့်အတွက် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ထောင်ဒဏ် ၁ နှစ်အပြစ်ပေးကာ ၎င်း၏ မိသားစုများနေနေသည့် နေပြည်တော်ရှိ ရဲလိုင်းခန်းမှ အချိန်အဆိုင်းပဲ ဖယ်ရှားခဲ့သည်။
သတင်းထောက်များကို ကနဦးဖမ်းဆီးစဉ်က ရဲတပ်ဖွဲ့အင်အား၊ လက်နက်စာရင်းများ ပါဝင်သည့် လျှို့ဝှက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုကြောင့်ဟု ဆိုခဲ့ပေမယ့် နောက်ပိုင်းတွင် လက်ကိုင်ဖုန်းများအတွင်း လျှို့ဝှက်စာတမ်းများပါ တွေ့ရှိသည်ဟု ဆိုခဲ့သည်။
အဆိုပါ လက်ကိုင်ဖုန်းများအတွင်းရှိ စာရွက်စာတမ်းများသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ အများစုဖြစ်ကြောင်း၊ သို့ရာတွင် ထိုစာရွက်များသည် လုံခြုံရေးအဆင့် သတ်မှတ်ထားသည့် စာရွက်များဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) အရ ပေးပို့ခြင်း၊ စုဆောင်းခြင်းဆိုသည့် စကားရပ်နှင့် အကျုံးဝင်ကြောင်း၊ ထို့အပြင် ကိုဝလုံး၏ မှတ်စုစာရွက်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ ဖုန်းနံပါတ်များကို တွေ့ရှိခဲ့သည်ဆိုပြီး တရားစွဲအဖွဲ့အစည်းမှ အဆိုပါဥပဒေပါ စကားရပ်ဖြစ်သည့် ပေးပို့ရန်ဆိုသည်ကို အမှီပြုပြီး သတင်းထောက်များကို ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်သည်။
သတင်းထောက်များကို စတင်ဖမ်းဆီးစဉ်ကတည်းက ခေါင်းစွပ်အမည်းများစွပ်ပြီး မရမ်းကုန်း မြို့နယ် အောင်သပြေစစ်ကြောရေးသို့ ခေါ်သွားခြင်း၊ သုံးရက်တိုင်တိုင် မအိပ်မနေ စစ်မေးခြင်း၊ နာရီပေါင်းများစွာ ဒူးထောက်စေခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းထောက်များ တရားရင်ဆိုင်စဉ် တရားခွင်အတွင်း ထွက်ဆိုခဲ့ကြသည်။
သို့ရာတွင် တရားလိုပြသက်သေအများစု၏ ထွက်ဆိုချက်များသည် သတင်းထောက်နှစ်ယောက်လုံးနှင့် တရားလိုပြသက်သေတစ်ဦးဖြစ်သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်တို့၏ ထွက်ဆိုချက်များနှင့် များစွာကွဲလွဲနေခဲ့သည်။
ရိုက်တာသတင်းထောက်များကို ယခုလို ဖမ်းဆီးထောင်ချခဲ့မှုနှင့် ပတ်သက်ပြီး တရားရင်ဆိုင်စဉ်ကလည်း နိုင်ငံတကာ သံတမန်များက လာရောက်နားထောင်ခဲ့ကြသလို ၎င်းတို့ကို နှစ်ရှည်ထောင်ဒဏ် အပြစ်ပေး လိုက်သည့် အခါတွင်လည်း အမြန်ဆုံးလွှတ်ပေးရန် နည်းအမျိုးမျိုးဖြင့် တောင်းဆိုခဲ့ကြသည်။