
နေပြည်တော်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် သူဌေးကြီး Serge Pun ခေါ် ဦးသိမ်းဝေ၏ မသေချာမရေရာသော အခြေအနေများဖြစ်ပေါ်နေ၍ ၎င်းရှယ်ယာအများစုပိုင်ဆိုင်သည့် စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings လုပ်ငန်းစုအပါအဝင် အခြားသောကုမ္ပဏီ၏ လုပ်ငန်းခွဲများအားလုံးတွင် ရာထူးများမှ နုတ်ထွက်မည်ဖြစ်ကြောင်း ကုမ္ပဏီက ယမန်နေ့ ညတွင် ထုတ်ပြန်သည်။
ရိုးမဘဏ်လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များက ဘဏ်အကြီးအကဲ ဦးသိမ်းဝေကို နေပြည်တော်တွင် လွန်ခဲ့သည့် မေလတတိယပတ်ကတည်းက ခေါ်ယူ စစ်မေးနေပြီး ၎င်းသည် ပြင်ပကမ္ဘာနှင့် လွတ်လပ်စွာ ဆက်သွယ်ခွင့်မရကြောင်း၊ မြန်မာနိုင်ငံမှလည်း ယခုအခြေအနေတွင် ထွက်ခွာခွင့်မရှိကြောင်း လွန်ခဲ့သည့်ရက်ပိုင်းက ကုမ္ပဏီက သတင်းများ ထုတ်ပြန်ခဲ့သည်။
ဦးသိမ်းဝေသည် စင်ကာပူဒေါ်လာ သန်း ၂၇၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေ Yoma Strategic Holdings တွင် အမှုဆောင်ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ နေရာယူခဲ့ပြီး၊ ၎င်းနေရာတွင် သားဖြစ်သူ Melvin Pun က တာဝန်လွှဲပြောင်းထမ်းဆောင်မည်ဖြစ်သည်။
ယခုကဲ့သို့ အပြောင်းအလဲလုပ်ခြင်းကြောင့် ဦးသိမ်းဝေအနေဖြင့် လက်ရှိ နေပြည်တော်တွင် ရင်ဆိုင်နေရသည့်အခြေအနေကို ပိုမိုအာရုံစိုက်နိုင်မည်ဖြစ်ပြီး ကုမ္ပဏီ၏ တည်ငြိမ်မှုကိုလည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဦးသိမ်းဝေသည် ပြင်ပကမ္ဘာနှင့် လွတ်လပ်စွာဆက်သွယ်ခွင့်မရဟု ကုမ္ပဏီက သတင်းထုတ်ပြန်ထားသော်လည်း ၎င်းနုတ်ထွက်သည်ဆိုသော ကြေညာချက်တွင် ဦးသိမ်းဝေ၏ စာတစ်စောင်ကိုပါ ထည့်သွင်းဖော်ပြခဲ့သည်။
“ကျွန်တော်သည် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံကို ပြန်လာကတည်းက မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံကို တည်ဆောက်ရာမှာ ကူညီပေးရန်ဆိုသော ရည်မှန်းချက်များနှင့် လမ်းညွှန်ချက်များကို စွဲကိုင်ထားခဲ့ကြောင်း …..ကုမ္ပဏီ၏ အခြေခံအုတ်မြစ်များ ခိုင်မာပြီးသားဖြစ်၍ ကျွန်ုပ်၏ သားအကြီး Melvyn Pun ကို ဦးဆောင်လက်လွှဲပေးမှုကို ကျွန်ုပ်အနေဖြင့် ယုံကြည်မှု အပြည့်အဝရှိသည်” ဟု ဦးသိမ်းဝေက စာတွင် ထိုသို့ရေးသားထားသည်။
ရိုးမလုပ်ငန်းစု၏ ယခု ဥက္ကဋ္ဌဖြစ်လာသော Melvyn Pun သည် စစ်အာဏာသိမ်းမှုအောက် မြန်မာ့စီးပွားရေးအခြေအနေနှင့်ပတ်သက်ပြီး စီးပွားရေးသည် ပုံမှန်ပြန်ဖြစ်နေပြီး စျေးဝယ်စင်တာများတွင် လူများ ပြည့်နေသည်၊ ရဲစစ်ဆေးရေးဂိတ် အများအပြားချထားခြင်းက အကြမ်းဖက်မှုအန္တရာယ်များကို တားဆီး ကာကွယ်ပေးနေသည်ဟု စင်ကာပူအခြေစိုက် Straits Times သတင်းဌာနကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ပြောခဲ့ဖူးသည်။
ကုမ္ပဏီက ဦးသိမ်းဝေအခြေအနေကို လျှို့ဝှက်ခဲ့
ဦးသိမ်းဝေ ဖမ်းဆီးခံထားရသည့် အခြေအနေများနှင့် စပ်လျဉ်း၍ Yoma Strategic Holdings ကုမ္ပဏီကို စင်ကာပူအာဏာပိုင်များက မေးမြန်းစုံစမ်းမှုများ ဆက်တိုက်ပြုလုပ်နေရာ ကုမ္ပဏီအနေဖြင့် ရှေ့နောက်မညီသောအဖြေများဖြင့် တုံ့ပြန်နေသည်ကို တွေ့ရှိရသည်။
ထိုအခြေအနေတွင် ဦးသိမ်းဝေနုတ်ထွက်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၎င်းကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားကြောင်း ကနဦးသတင်းများမထုတ်ပြန်ခင် ကုမ္ပဏီထံ Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာတွင် ထိုသတင်းများသည် “အခြေအမြစ်မရှိသော ကောလာဟလများသာဖြစ်ကြောင်း၊ ယခုကဲ့သို့ သတင်းမှားများအား ရည်ရွယ်ချက်ရှိရှိ ဖြန့်ချိမှုသည် ဥပဒေကြောင်းအရ အရေးယူခံရနိုင်ကြောင်း” ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ဖြေကြားခဲ့သည်။
Myanmar Now ပါ ဦးသိမ်းဝေ၏ သတင်းများကို စင်ကာပူစတော့ရှယ်ယာအဖွဲ့က Yoma Strategic Holdings ကို တရားဝင်မေးမြန်းမှုပြုလုပ်သည့်အခါမှသာ ဦးသိမ်းဝေ၏ သားဖြစ်ပြီး YSH ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Melvin Pun က ၎င်း၏ ဖခင်သည် စစ်ကောင်စီအာဏာပိုင်များ၏ ဆင့်ခေါ်မှုကြောင့် ရိုးမဘဏ်နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအား အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဇူလိုင် ၁၀ ရက်နေ့တွင် တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။
သို့ရာတွင် အသေးစိတ်အချက်များမပါရှိသည့်အတွက် စင်ကာပူအာဏာပိုင်များက ထပ်ဆင့်မေးမြန်းရာ Melvin Pun က ၎င်း၏ ဖခင်သည် မေ ၂၄ ရက်နေ့ကတည်းက နေပြည်တော်တွင် စစ်ဆေးမေးမြန်းမှုခံယူနေကြောင်း၊ YSH ၏ ဝန်ထမ်းနှစ်ဦးလည်း ၎င်းနှင့်အတူ နေပြည်တော်သို့ လိုက်ပါသွားကြောင်း၊ သို့ရာတွင် ၎င်းတို့အား စစ်ကောင်စီအာဏာပိုင်များက “မည်သည့်ကန့်သတ်ချုပ်ချယ်မှုများ မလုပ်ထားပါကြောင်း” ဇူလိုင် ၁၁ ရက်နေ့တွင် ထပ်မံဖြေကြားသည်။
မည်သည့်ကန့်သတ်ချုပ်ချယ်မှုများ မလုပ်ထားပါက ဦးသိမ်းဝေသည် မြန်မာနိုင်ငံမှ လွတ်လပ်စွာ ထွက်ခွာနိုင်ခွင့်ရှိပါသလားဟု စင်ကာပူစတော့ရှယ်ယာအဖွဲ့က ထပ်ဆင့်မေးသည့်အခါ Melvin Pun က “သူ၏ဖခင်နှင့် အတူလိုက်ပါသွားသူများသည် အတားအဆီးအကန့်အသတ်လုံးဝမရှိဘဲ ဆက်သွယ်ရေးကိရိယာများကို သုံးစွဲခွင့်ရှိမနေပါကြောင်းနှင့် စစ်ဆေးမေးမြန်းမှုပြီးဆုံးသည့်အထိ အာဏာပိုင်များ စီမံထားသည့် နေပြည်တော်က နေစရာတစ်ခုတွင် ဆက်လက်နေရမည်ဖြစ်ပါကြောင်း ဇူလိုင် ၁၉ ရက်နေ့တွင် ဖြေကြားခဲ့သည်။

ထိုမေးမြန်းဖြေကြားမှုများကို စင်ကာပူစတော့ရှယ်ယာအင်တာနက်စာမျက်နှာတွင် အများပြည်သူ ဖတ်ရှုနိုင်ရန် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့ နေပြည်တော်က စစ်ကောင်စီနှင့် ဘဏ်လုပ်ငန်းရှင်များတွေ့ဆုံခဲ့သော အစည်းအဝေးတွင်လည်း မေလကတည်းက ယခုအချိန်ထိ နေပြည်တော်တွင်ပင် စစ်ဆေး မေးမြန်းခံနေရသော ဦးသိမ်းဝေ တက်ရောက်နိုင်ခြင်းမရှိပေ။
ထို့ကြောင့် ၎င်းသည် ဖမ်းဆီးချုပ်နှောင်ထားခြင်းခံရသည်မှာ ပို၍ပင် သေချာသွားသည်။
ထိုအစည်းအဝေးသို့ မြန်မာ့ခရိုနီကြီးများဖြစ်သည့် KBZ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းနှင့် ဧရာ၀တီ (AYA) ဘဏ်ပိုင်ရှင် ဦးဇော်ဇော် အပါအဝင် ဘဏ်လုပ်ငန်းရှင်များ၊ နာယကများ၊ ဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
စင်ကာပူဒေါ်လာသန်းပေါင်း ၂၇၀ ကျော် တန်ကြေးပေါက်သော အိမ်ခြံမြေလုပ်ငန်းအဓိကလုပ်ကိုင်သော Yoma Strategic Holdings တွင် ဦးသိမ်းဝေက ရှယ်ယာပမာဏ၏ ၂၇ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားသည်၊ ဦးသိမ်းဝေပိုင် ရိုးမဘဏ်တွင်မူ စင်ကာပူအစိုးရနှင့် နော်ဝေအစိုးရတို့၏ ရင်းနှီးမြုပ်နှံမှုများလည်း ပါရှိသည်။
လာမည့် ဇူလိုင် ၃၀ ရက်နေ့တွင် စင်ကာပူနိုင်ငံတွင် Yoma Strategic Holdings ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပမည်ဖြစ်သည်။
ထိုအစည်းအဝေးတွင် ကုမ္ပဏီ၏ ဖွဲ့စည်းပုံစည်းမျဉ်းအများအရ ဦးသိမ်းဝေသည် အမှုဆောင်ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ပြီး ပြန်လည်အရွေးချယ်ခံရမည်ဖြစ်သည်ဟု ကုမ္ပဏီ၏ ကြေညာထားချက်အရ သိရသည်။
မြန်မာနိုင်ငံ၏ အချမ်းသာဆုံး သန်းကြွယ်သူဌေးစာရင်းဝင် ဦးသိမ်းဝေကို ရိုးမဘဏ်မှ ဒါရိုက်တာအဆင့်ရှိသူ ၈ ဦးနှင့်အတူ ဇွန်လဆန်းတွင် စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေခြင်းဖြစ်သည်။
ဦးသိမ်းဝေ ဖမ်းဆီးထိန်းသိမ်းခံနေရသော သတင်းကို Myanmar Now က ရေးသားခဲ့သည့် ဇူလိုင်လအစပိုင်းတွင် Yoma Strategic Holdings ၏ စင်ကာပူစတော့အိတ်ချိန်းမှ ရှယ်ယာစျေးနှုန်းများသည် ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။
ရှယ်ယာစျေးနှုန်းများကျဆင်းမှုသည် ၃ နှစ်အတွင်း အများဆုံး စျေးနှုန်းကျဆင်းမှုဖြစ်ပြီး ယခုတွင် ကုမ္ပဏီ၏ ရှယ်ယာတစ်စောင်စျေးနှုန်းသည် အမေရိကန်ဒေါ်လာ ၀.၁၂၂ သာ ရှိတော့သည်။
ဦးသိမ်းဝေ ပိုင်ဆိုင်သော ရိုးမဘဏ်ကို စစ်ကောင်စီက အိမ်ရာချေးငွေထုတ်ချေးထားမှုသည် ဗဟိုဘဏ်သတ်မှတ်ချက်ထက် ၁၁ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထား၍ အရေးယူမှုပြုလုပ်သွားမည်ဟု ဇူလိုင် ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ကြေညာချက်တွင် ဘဏ်ကို ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ (၁၅၄) အရ ထိရောက်သောဒဏ်ကြေးတောင်းမည်ဟု ဖော်ပြထားသည်။ သို့သော် ဘဏ်တာဝန်ရှိသူများကို မည်သည့်အတိုင်းအတာအထိ အရေးယူမည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း ပြောကြားထားခြင်းမရှိပါ။
စစ်ကောင်စီက သီရိပျံချီဘွဲ့ ပေးထားသော ဦးသိမ်းဝေသည် ပြည်တွင်း၌ အိမ်ခြံမြေလုပ်ငန်း၊ ရိုးမဘဏ်၊ ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်း Wave Money၊ ပန်းလှိုင်ဆေးရုံ၊ Star City အိမ်ရာစီမံကိန်း၊ အစားအသောက်လုပ်ငန်းများဖြစ်သော KFC နှင့် YKKO အစရှိသည့် လုပ်ငန်းများအပြင် ၎င်း၏ FMI ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီဖြစ်သည်။