အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီက ထိန်းသိမ်းထားသော FMI ဥက္ကဋ္ဌ ဦးသိမ်းဝေ ရာထူးမှ အနားယူကြောင်း ကြေညာ

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသော ဦးသိမ်းဝေသည် ၎င်းရယူထားသည့် FMI ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌအဖြစ်မှ ယမန်နေ့ (ဩဂုတ် ၅) မှစတင်ပြီး အနားယူလိုက်ကြောင်း FMI ကုမ္ပဏီက ထုတ်ပြန်သည်။

ရိုးမဘဏ်လုပ်ငန်း၊ FMI အိမ်ရာ၊ သန်လျင်စတားစီးတီး အိမ်ရာစီမံကိန်းများ အပါအဝင် လုပ်ငန်းကဏ္ဍမျိုးစုံတွင် လုပ်ငန်းလုပ်ကိုင်နေသော သူဌေးကြီး Serge Pun ခေါ် ဦးသိမ်းဝေကို စစ်ကောင်စီက လွန်ခဲ့သည့် မေလတတိယပတ်ကတည်းက နေပြည်တော်တွင် ခေါ်ယူစစ်ဆေးနေပြီး ပြည်ပထွက်ခွာခွင့် အပါအဝင် အဆက်သွယ်လုပ်ခွင့်များ ကန့်သတ်ခံထားရသည်။

ဦးသိမ်းဝေသည် FMI ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ ရာထူးကို ၂၀၀၄ ခုနှစ်မှ တာဝန်ယူထားခဲ့သူဖြစ်ပြီး ကုမ္ပဏီ၏ ခေါင်းဆောင်ဆက်ခံဆောင်ရွက်မှု အစီအစဉ်များအရ ရာထူးမှ အနားယူခဲ့ခြင်းဖြစ်သည်ဟု FMI ကုမ္ပဏီက ဆိုသည်။

FMI ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် နှင့် အမှုဆောင်ဒါရိုက်တာ ရာထူးကိုမူ ယခင်က CFO (Chief financial officer) ဖြစ်သူ ဦးထွန်းထွန်းက ဆက်လက်တာဝန်ယူမည်ဟု ကုမ္ပဏီက ထုတ်ပြန်သည်။

နေပြည်တော်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် သူဌေးကြီး Serge Pun ခေါ် ဦးသိမ်းဝေ၏ အခြေအနေသည် မသေချာမရောမှုများ ဖြစ်နေ၍ ၎င်းရှယ်ယာအများစုပိုင်ဆိုင်သည့် စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings လုပ်ငန်းစုအပါအဝင် အခြားသောကုမ္ပဏီ၏ လုပ်ငန်းခွဲများအားလုံးတွင် ရာထူးများမှ နုတ်ထွက်မည်ဟု ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့ကတည်းက ကြေညာထားသည်။

ဦးသိမ်းဝေသည် စင်ကာပူဒေါ်လာ သန်း ၂၇၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေလုပ်ငန်း Yoma Strategic Holdings တွင် အမှုဆောင်ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ နေရာယူခဲ့ပြီး၊ ၎င်းနေရာတွင် သားဖြစ်သူ Melvin Pun က တာဝန်လွှဲပြောင်းထမ်းဆောင်မည်ဖြစ်သည်။

ဦးသိမ်းဝေ ပိုင်ဆိုင်သော ရိုးမဘဏ်ကို စစ်ကောင်စီက အိမ်ရာချေးငွေထုတ်ချေးထားမှုသည် ဗဟိုဘဏ်သတ်မှတ်ချက်ထက် ၁၁ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထား၍ အရေးယူမှုပြုလုပ်သွားမည်ဟု ဇူလိုင် ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ကြေညာချက်တွင် ဘဏ်ကို ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ (၁၅၄) အရ ထိရောက်သောဒဏ်ကြေးတောင်းမည်ဟု ဖော်ပြထားသည်။ သို့သော် ဘဏ်တာဝန်ရှိသူများကို မည်သည့်အတိုင်းအတာအထိ အရေးယူမည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း ပြောကြားထားခြင်းမရှိပါ။

စစ်ကောင်စီက သီရိပျံချီဘွဲ့ ပေးထားသော ဦးသိမ်းဝေသည် ပြည်တွင်း၌ အိမ်ခြံမြေလုပ်ငန်း၊ ရိုးမဘဏ်၊ ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်း Wave Money၊ ပန်းလှိုင်ဆေးရုံ၊ Star City အိမ်ရာစီမံကိန်း၊ အစားအသောက်လုပ်ငန်းများဖြစ်သော KFC နှင့် YKKO အစရှိသည့် လုပ်ငန်းများအပြင် ၎င်း၏ FMI ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button