သတင်း

ရိုးမဘဏ်သူဌေးကြီး ဦးသိမ်းဝေနှင့် သူ၏ကုမ္ပဏီအရာရှိများကို စစ်တပ်က နေပြည်တော်တွင် ဆက်လက်စစ်မေးနေ

ရိုးမဘဏ်နှင့် FMI အိမ်ခြံမြေသူဌေးကြီး ဦးသိမ်းဝေ (ခ) Serge Pun ကို စစ်ကောင်စီက နေပြည်တော်တွင် သီတင်းပတ်ပေါင်းများစွာ ခေါ်ယူစစ်ဆေးနေပြီး ယခုအချိန်အထိ နေအိမ်သို့ ပြန်ခွင့်မပေးသေးကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံ၏ အချမ်းသာဆုံးသန်းကြွယ်သူဌေးစာရင်းဝင် ရိုးမဘဏ်နှင့် FMI အိမ်ခြေမြေသူဌေးကြီး ဦးသိမ်းဝေ (ခ) Serge Pun ကို စစ်ကောင်စီက နေပြည်တော်တွင် သီတင်းပတ်ပေါင်းများစွာ ခေါ်ယူစစ်ဆေးနေပြီး ယခုအချိန်အထိ နေအိမ်သို့ ပြန်ခွင့်မပေးသေးကြောင်း စုံစမ်းသိရသည်။

အသက် ၇၁ နှစ်အရွယ် သန်းကြွယ်သူဌေးကြီးသည် ၎င်း၏ကုမ္ပဏီများဖြစ်သော Yoma Land နှင့် ရိုးမဘဏ်မှ ဒါရိုက်တာအဆင့်ရှိသူ ရှစ်ဦးနှင့်အတူ ဇွန်လဆန်းကတည်းက စစ်ကောင်စီ၏ ခေါ်ယူစစ်ဆေးခြင်းကို ခံနေရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

၎င်းတို့ကို အကျယ်ချုပ်သဘောဖြင့် စစ်ကောင်စီက နေပြည်တော်တွင် ထားရှိပြီး ခေါ်ယူစစ်ဆေးခံရသူများအနက် နှစ်ဦးသာအိမ်ပြန်ခွင့်ရခဲ့ကြောင်း၊ ကျန်သူများမှာ ဆက်လက်မေးမြန်းခံနေရဆဲဖြစ်သည်ဟု သိရှိရသည်။

ဦးသိမ်းဝေသည် နေပြည်တော်တွင် ဆက်လက်စစ်ဆေးခံနေရဆဲဖြစ်ကြောင်း Myanmar Now က အင်္ဂလိပ်ဘာသာဖြင့် ယမန်နေ့ (ဇူလိုင် ၉) တွင် သတင်းရေးသားခဲ့ပြီးနောက် ထိုသတင်းသည် မှန်ကန်ကြောင်း ဦးသိမ်းဝေ၏ နောက်ထပ်လုပ်ငန်းတစ်ခုဖြစ်သည့် Yoma Strategic Holdings Ltd က ဝန်ခံခဲ့သည်။

စင်ကာပူစတော့အိတ်ချိန်းတွင် Yoma Strategic Holdings Ltd ၏ ဇူလိုင် ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဦးသိမ်းဝေသည် နေပြည်တော်တွင် ရှိနေပြီး စစ်ကောင်စီနှင့် ဗဟိုဘဏ်တာဝန်ရှိသူများ၏ ခေါ်ယူမေးမြန်းမှုများကို ပူးပေါင်းဆောင်ရွက်နေသည်ဟု ပါရှိသည်။

သို့သော် တရားစွဲခံထားရခြင်းတော့ မရှိသေးဟု ဦးသိမ်းဝေ၏ သားဖြစ်သူ Melvyn Pun အမည်ဖြင့် ထုတ်ပြန်ထားသည့် ထိုထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဦးသိမ်းဝေ၏ ရိုးမဘဏ်သည် အိမ်ရာချေးငွေထုတ်ချေးရာတွင် စစ်ကောင်စီဗဟိုဘဏ် သတ်မှတ်ချက်ထက် ၁၁ ရာခိုင်နှုန်း ကျော်လွန်နေသည်ဟု ဇူလိုင် ၁ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

အိမ်ရာချေးငွေထုတ်ချေးငွေ သတ်မှတ်ချက်ကျော်လွန်ခဲ့သည့် အခြားဘဏ် ၆ ခုနှင့်အတူ ရိုးမဘဏ်ကိုလည်း ဒဏ်ရိုက်မည့်အပြင် ဘဏ်တာဝန်ရှိသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူမည်ဟု စစ်ကောင်စီ၏ကြေညာချက်တွင် ပါရှိသည်။

ဦးသိမ်းဝေသည် ရိုးမဘဏ်တွင် အမှုဆောင်ဥက္ကဋ္ဌရာထူး ရယူထားသူဖြစ်သည်။

စစ်ကောင်စီ၏ကြေညာချက်တွင် ဘဏ်ကို ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ (၁၅၄) အရ ထိရောက်သောဒဏ်ကြေးတောင်းမည်ဟု ဖော်ပြထားသော်လည်း ဘဏ်တာဝန်ရှိသူများကို မည်သည့်အတိုင်းအတာအထိ အရေးယူမည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း ပြောကြားထားခြင်းမရှိပါ။

စစ်ကောင်စီ၏စွပ်စွဲချက်နှင့်ပတ်သက်၍ ရိုးမဘဏ်နှင့် ဦးသိမ်းဝေတို့ဘက်က အသံတိတ်နေဆဲဖြစ်ပြီး တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးပါ။

ရိုးမဘဏ်၏ ဘဏ်ခွဲတစ်ခု (ဓာတ်ပုံ – ရိုးမဘဏ်)

ဦးသိမ်းဝေသည် သူ၏လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် Yoma Land ကုမ္ပဏီတွင်လည်း အမှုဆောင်ဥက္ကဋ္ဌရာထူးရယူထားသူဖြစ်ပြီး Yoma Land သည် ရန်ကုန်မြို့မှ ပန်းလှိုင်အိမ်ရာ၊ စတားစီးတီးအိမ်ရာ စသည်တို့ကို စီမံခန့်ခွဲနေသည့် ကုမ္ပဏီဖြစ်သည်။

စစ်ကောင်စီက မည်သည့်အတွက်ကြောင့် Yoma Land ကို စစ်မေးနေခြင်းဖြစ်ကြောင်းကို Myanmar Now ကရှင်းရှင်းလင်းလင်း မသိရသေးပါ။

ယခုဖြစ်ပေါ်နေသော အခြေအနေများကြောင့် ရိုးမကုမ္ပဏီ၏ စင်ကာပူစတော့ရှယ်ယာစျေးကွက်ရှိ စတော့ရှယ်ယာတန်ဖိုးများသည် ၂၂ ရာခိုင်နှုန်းထိုးကျသွားကြောင်း စီးပွားရေးသတင်းများဖော်ပြသည် Bloomberg သတင်းဌာနကလည်း ယနေ့မနက်တွင် ရေးသားလိုက်သည်။ 

ဇူလိုင် ၁၀ ရက်နေ့မနက်တွင် စင်ကာပူစတော့အိတ်ချိန်းရှိ ရိုးမ၏ ရှယ်ယာတန်ဖိုးများ ထိုးကျနေပုံ။

စစ်ကောင်စီသည် နိုင်ငံတကာအိမ်ခြံမြေစျေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများနှင့် ရောင်းချသူများကို စောင့်ကြည့်နေပြီး ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။

ထိုင်းအပါအဝင် နိုင်ငံတကာမှ ကွန်ဒိုတိုက်ခန်းများကို ရောင်းဝယ်သည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးအရေးယူမည်ဟု ဇွန်လ ၃ ရက်နေ့က ကြေညာခဲ့ပြီး အနည်းဆုံး လူငါးဦးကိုလည်း ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူမှုဖြင့် ဖမ်းဆီးခဲ့သည်။

စစ်တပ်၏ထိုကြေညာချက်ထွက်လာပြီး နှစ်ရက်အကြာတွင် ထိုင်းနိုင်ငံမှ အိမ်ခြံမြေရောင်းဝယ်သည့် လုပ်ငန်းများတွင် ၎င်းတို့ပါဝင်ပတ်သက်ခြင်းမရှိကြောင်း Yoma Land ဘက်က ရှင်းလင်းချက်ထုတ်ခဲ့သည်။

Yoma Land သည် မေလ ၂၅ နှင့် ၂၆ ရက်နေ့များက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ‘Yoma Land Myanmar Properties Fair in Thailand’ ခေါင်းစဉ်ဖြင့် အိမ်ရာအရောင်းပြပွဲတစ်ခုပြုလုပ်ခဲ့သည်။

ထိုပြပွဲသည် မြန်မာနိုင်ငံရှိ အိမ်ခြံမြေစျေးကွက်တွင် ရင်းနှီးမြှုပ်နှံလိုသူ ထိုင်းရောက်မြန်မာများကို ရည်ရွယ်ခြင်းသာဖြစ်ကြောင်း Yoma Land ဘက်က သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်ဇာတိ ဦးသိမ်းဝေသည် ဗမာ-တရုတ်နွယ်ဖွားဖြစ်ပြီး စိန်ပေါလ်ကျောင်းဟု အများခေါ်သည့် အ.ထ.က (၆) ဗိုလ်တထောင်တွင် တက်ရောက် ပညာသင်ကြားခဲ့သည်။

၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းပြီးနောက် နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းသည့်အချိန် ၁၉၆၅ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ၎င်းတို့မိသားစု ပြောင်းရွှေ့နေထိုင်ခဲ့သည်။

၁၉၇၃ နောက်ပိုင်းတွင် ၎င်းသည် ဟောင်ကောင်အိမ်ခြံမြေသို့ ဝင်ရောက် စီးပွားရေးလုပ်ငန်းစတင်ခဲ့သည်။

ဦးသိမ်းဝေသည် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး မော်တော်ကားထုတ်လုပ်ရေး၊ ငွေကြေးဝန်ဆောင်မှုများ၊ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာ၊ ဆောက်လုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် ကဏ္ဍများစွာကို လွှမ်းခြုံထားသည့် Serge Pun & Associates ကို တည်ထောင်လုပ်ဆောင်သည်။

၎င်းသည် အများပိုင်ကုမ္ပဏီဖြစ်သော First Myanmar Investment Co Ltd (FMI) ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင်တည်ထောင်သည်။ ၁၉၉၃ ခုနှစ်တွင် ဦးသိမ်းဝေသည် ဘဏ်လုပ်ငန်းလိုင်စင်ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဒုတိယမြောက်ပုဂ္ဂလိကဘဏ်ဖြစ်သော ရိုးမဘဏ်ကို ဖွင့်လှစ်ခဲ့သည်။

စစ်ကောင်စီက သီရိပျံချီဘွဲ့ ပေးထားသော ဦးသိမ်းဝေသည် ပြည်တွင်း၌ အိမ်ခြံမြေလုပ်ငန်း၊ ရိုးမဘဏ်၊ ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်း Wave Money၊ ပန်းလှိုင်ဆေးရုံ၊ Star City အိမ်ရာစီမံကိန်း၊ အစားအသောက်လုပ်ငန်းများဖြစ်သော KFC နှင့် YKKO အစရှိသည့် လုပ်ငန်းများအပြင် ၎င်း၏ FMI ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း လူမှုကွန်ရက်ပေါ်သို့ ပြန်နှံ့လာသော ရုပ်သံဖိုင်တစ်ခုတွင် ဦးသိမ်းဝေက လတ်တလောဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခနှင့် တော်လှန်ရေးအင်အားစုနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ များ နေပြည်တော်အထိ မတိုက်ခိုက်လျှင် ကျေနပ်ပြီဟု ပြောဆိုထားသည်။

Show More

Related Articles

Back to top button