သတင်း

တယ်လီနောက Wave Money ရှယ်ယာကို ရိုးမထံ ရောင်းချမည်

အာဏာသိမ်းပြီးနောက် ပြည်တွင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည့် နော်ဝေအခြေစိုက် တယ်လီနောက Wave Money တွင် ပိုင်ဆိုင်ထားသည့် ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို Yoma Strategic Holding ကုမ္ပဏီကို ရောင်းမည်ဟု Nikkei Asia သတင်းဌာန၏ ဇန်နဝါရီ ၃ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် Wave Money တွင် မူလကပင် မိတ်ဖက်ဖြစ်သည့် အဆိုပါကုမ္ပဏီထံ ရောင်းချမည့် ရှယ်ယာများ၏ တန်ကြေးမှာ အမေရိကန်ဒေါ်လာ ၅၃ သန်းရှိကြောင်း သတင်းက ဆိုသည်။

လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group ကို ဆက်သွယ်ရေးလုပ်ငန်းရောင်းချ၍ ထွက်ခွာခွင့်ရရန် စစ်ကောင်စီထံမှ အတည်ပြုချက်စောင့်ဆိုင်းနေချိန်တွင် Wave Money ကိုပါ မကြာမီရက်ပိုင်းအတွင်း အပြီးသတ်ရောင်းချရန် တယ်လီနောက စီစဉ်နေခြင်းဖြစ်သည်။

ထိုရောင်းချမှု ဖြစ်မြောက်ပါက စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် နာမည်ကြီးလုပ်ငန်းရှင် ဦးသိမ်းဝေ(ခ) Serge Pun ၏ Yoma ကုမ္ပဏီက Wave Money ၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်လာမည်ဟု Nikkei Asia က ရေးသားထားသည်။

ထိုလုပ်ငန်းတစ်ခုလုံး တန်ကြေးသည် ဒေါ်လာ ၁၀၄ သန်းဖြစ်၍ ဆက်သွယ်ရေးလုပ်ငန်းကို ရောင်းချစဉ်ကရသည့် ဒေါ်လာ ၁၀၅ သန်းနှင့် ယှဉ်လျှင် Wave Money အတွက် တယ်လီနောရရှိသည့်နှုန်း မြင့်မားသည်ဟု အရောင်းအဝယ်ညှိနှိုင်းမှုနှင့် ရင်းနှီးကျွမ်းဝင်သူတို့ကို ကိုးကား၍ Nikkei Asia က သုံးသပ်ထားသည်။

“Wave က လုပ်ငန်းကောင်းတစ်ခုဖြစ်ပြီး Yoma အနေနဲ့ တယ်လီနောဆီက ဝယ်ဖို့လိုအပ်ပါတယ်။ ရှယ်ယာကို အခြားလုပ်ငန်းက ပိုင်တာ မလိုချင်ဘူးဆိုရင် ရွေးချယ်စရာသိပ်မရှိပါဘူး။ ရိုးမဘဏ်ရဲ့ လက်လီလုပ်ငန်းနယ်ပယ်ကို တိုးတက်အောင်လုပ်နေတဲ့ သူတို့အားထုတ်မှုနဲ့ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှု တိုးတက်လာတဲ့အခြေအနေနဲ့ ကိုက်ညီမှုလည်းရှိပါတယ်” ဟု ကျွမ်းကျင်သူတစ်ဦးက ထိုသတင်းတွင် သုံးသပ်ထားသည်။

လက်ရှိတွင် Wave Money ကို Yoma အုပ်စုက ရှယ်ယာ ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်း၊ အနာဂတ်တွင် Yoma က ၇၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရကာ ကျန် ၂၅ ရာခိုင်နှုန်းကို ၎င်းတို့ ရိုးမဦးဆောင်သော ကုမ္ပဏီရှိ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများက ပိုင်ဆိုင်ဖွယ်ရှိကြောင်း ထိုသတင်းက ဆိုသည်။

Yoma ကုမ္ပဏီသည့် တယ်လီနော၏ ရှယ်ယာများလွှဲပြောင်းယူရန် ၂၀၂၀ နှစ်လယ်တွင် သဘောတူညီထားသည်ဆိုသော ထိုရောင်းချမှုနှင့် ပတ်သက်၍ နှစ်ဖက်ကုမ္ပဏီများထံမှ မှတ်ချက်တောင်းခံနိုင်ခြင်း မရှိသေးပေ။

ဆက်သွယ်ရေးလုပ်ငန်းကို ၂၀၂၁  မေ ၄ ရက်တွင် M1 သို့ ရောင်းချစဉ်ကတည်းက Wave Money သည် တယ်လီနော(မြန်မာ)နှင့် သီးခြားဖြစ်ကြောင်း Wave Money က သတင်းထုတ်ပြန်ဖူးသည်။

Wave Money ၏ သန်းပေါင်းများစွာသော သုံးစွဲသူများအတွက် မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို ပုံမှန်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းပုံမှန်အတိုင်းလည်ပတ်လျက်ရှိကာ မြန်မာအပေါ်ထားသော ကတိကဝတ်များလည်း ဆက်လက်ခိုင်မြဲကြောင်း ထိုနှစ် ဇူလိုင်လအတွင်း ကြေညာသည့် ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စစ်အာဏာသိမ်းပြီးနောက် ဘဏ်လုပ်ငန်းများရပ်ဆိုင်းသွားသလို အင်တာနက်ဖြတ်တောက်လိုက်ခြင်းကြောင့် မိုဘိုင်ငွေကြေးဝန်ဆောင်မှုများအတွက် စိန်ခေါ်မှုများစွာရှိကြောင်း၊ ငွေသားရှားပါးမှုကြောင့် ငွေထုတ်ယူရာတွင် အပိုဆောင်းအခကြေးငွေပေး၍ ထုတ်ယူရမှုများရှိနေချိန်တွင် Wave Money ကိုပါ တယ်လီနော(မြန်မာ)က လက်လွှတ်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်။

ထို့ပြင် အမျိုးသားညီညွတ်‌ရေးအစိုးရ၏ နွေဦးထီနှင့် ငွေတိုက်စာချုပ်ဝယ်ယူမှုများ၊ CDM ဝန်ထမ်းများနှင့် နွေဦးတော်လှန်ရေးအင်အားစုများကို ထောက်ပံ့မှုများနှင့် ပတ်သက်၍ ငွေကြေးလွှဲပြောင်းမှုများ ရှိနေချိန်တွင် စစ်ကောင်စီက ငွေအဝင်အထွက်များသော အကောင့်များကို စောင့်ကြည့်ရန် စီစဉ်ထားသည်ဟု အများက ယူဆကြသည်။

သံသယဖြစ်ဖွယ်အကောင့်များကို ရပ်ဆိုင်းပြီး ဆက်လက်စစ်ဆေးရန် ဘဏ်များနှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ဖိအားပေးထားသည်ဟု သိရသည်။

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီကြီးများမှာ မြန်မာနိုင်ငံအခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပြီး နိုင်ငံတွင်းမှ အပြီးထွက်ခွာရန် ဆုံးဖြတ်ထားသူများထဲတွင် တယ်လီနော(မြန်မာ) သည်လည်း အပါအဝင်ဖြစ်သည်။

စစ်အာဏာသိမ်းမှု ခြောက်လအကြာတွင် မြန်မာနိုင်ငံမှ အပြီးထွက်ခွာရန် သို့မဟုတ် လုပ်ငန်းများ ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာကုမ္ပဏီကြီး ၁၁ ခုအထိရှိကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button