အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်မြို့လယ်ရှိ ဒေါ်လာသန်း ၇၀၀ ကျော်တန်စီမံကိန်း ပြန်စရန် ပြင်ဆင်နေ

အာဏာသိမ်းပြီးနောက် ရပ်နားထားသည့် ရန်ကုန်မြို့လယ်မှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်တန် ဟိုတယ်၊ ဈေးဝယ်စင်တာနှင့် အဆင့်မြင့်အိမ်ရာ တည်ဆောက်ရေးစီမံကိန်းကို မကြာမီ ပြန်လည် စတင်တော့မည်ဟု သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ မြန်မာ့မီးရထားရုံးချုပ်ဟောင်း မြေနေရာရှိ ထိုစီမံကိန်းကို နာမည်ကြီးလုပ်ငန်းရှင် ဦးသိမ်းဝေပိုင် Yoma Strategic Holdings ကုမ္ပဏီက အကောင်အထည်ဖော်နေခြင်းဖြစ်ကာ ယခုနှစ်အတွင်း လုပ်ငန်းပြန်စရန် ပြင်ဆင်နေသည်ဟု နီးစပ်သူတစ်ဦးက ဆိုသည်။

“ပြန်စဖို့ စီစဉ်နေတယ်။ ဇူလိုင်မဟုတ်ရင် နောက်တစ်လပေါ့။ အစက ခြောက်လပိုင်း ပြန်လုပ်ဖို့ ပြင်ထားတယ်။ စီမံကိန်းက တော်တော်များများပြီးနေပြီ” ဟု ၎င်းက ယနေ့ (မေ ၂၆) တွင် Myanmar Now ကို ပြောသည်။

စီမံကိန်းတွင် ကမ္ဘာ့ဘဏ်၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော International Finance Corporation (IFC) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့က ၅ ရာခိုင်နှုန်းစီ ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။ ထိုအဖွဲ့အစည်းများထံမှ ချေးငွေကိစ္စ ပြန်လည်ပြင်ဆင်ပြီးနောက် ဆောက်လုပ်ရေးပြန်စမည်ဖြစ်ကြောင်း Yoma Strategic Holdings ကုမ္ပဏီ၏ မတ်လအတွင်းက အစည်းအဝေးမှတ်တမ်းတွင်လည်း ဖော်ပြသည်။

ရန်ကုန်မြို့လယ်မှ အထင်ကရ ထိုစီမံကိန်းကြီးကို ထိပ်သီးလုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးသိမ်းဝေ ပိုင်ဆိုင်သည့် ကုမ္ပဏီများက ၂၀၁၆ ခုနှစ်တွင် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကာ ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် ရနေစဉ် တစ်ကျော့ပြန်စစ်အာဏာသိမ်းမှုကြောင့် စီမံကိန်းကို တစ်နှစ်ကြာ ရပ်ဆိုင်းမည်ဟု ၂၀၂၁ ခုနှစ် မေလအတွင်း ကြေညာခဲ့သည်။

စီမံကိန်းတွင် အပိုင်းနှစ်ပိုင်းရှိပြီး ကိုလိုနီခေတ် မြန်မာ့မီးရထားရုံးချုပ်အဆောက်အအုံကို ပြုပြင်ကာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ဖွင့်ရေးစီမံကိန်းကို ဦးသိမ်းဝေ (ခ) Serge Pun ပိုင် FMI နှင့် ဟောင်ကောင်အခြေစိုက်ကုမ္ပဏီတို့ ပူးပေါင်းထားသည့် Peninsula Yangon ကုမ္ပဏီက တာဝန်ယူမည် ဖြစ်သည်။

စီမံကိန်းသဘောတူစာချုပ်အရ မီးရထားရုံးချုပ် ပြန်လည်ပြုပြင်ရေးစီမံကိန်းတွင် ဟောင်ကောင်ကုမ္ပဏီက ၇၀ ရာခိုင်နှုန်းနှင့် FMI က ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံပမာဏ ဒေါ်လာ ၁၄၄ သန်းရှိသည်။

ထိုမီးရထားဝင်းအတွင်း၌ပင် သီးခြားအကောင်အထည်ဖော်မည့် အဆင့်မြင့်ကုမ္ပဏီရုံးခန်း၊ ဈေးဝယ်စင်တာနှင့် အဆင့်မြင့်အိမ်ရာများ တည်ဆောက်ရေးစီမံကိန်းကို ဦးသိမ်းဝေပိုင် Yoma နှင့် FMI ကုမ္ပဏီတို့ကပင် ဦးဆောင်ရင်းနှီးမြှုပ်နှံထားသည်။

ထိုစီမံကိန်းတွင် Yoma နှင့် FMI ကုမ္ပဏီတို့က ၆၀ ရာခိုင်နှုန်း၊ ဂျပန်အစိုးရ၏ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (JOIN) နှင့် မီဆူဘီရှီကော်ပိုရေးရှင်းတို့ ပူးပေါင်းထားသည့် MMJ Yangon ဖွံ့ဖြိုးရေးကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊ IFC နှင့် ADB တို့က ၅ ရာခိုင်နှုန်းစီ ပါဝင်ထားကာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၅၇၄ ဒသမ ၁ သန်းရှိသည်။

ရုံးခန်း၊ ဈေးဝယ်စင်တာနှင့် အဆင့်မြင့်အိမ်ရာများ ပါဝင်မည့် အထပ်မြင့်တာဝါလေးခု တည်ဆောက်ရေးကို အထက်ပါ ကုမ္ပဏီများ စုပေါင်းဖွဲ့စည်းထားသည့် Meeyahta Development Limited (MDL) အမည်ရကုမ္ပဏီက တာဝန်ယူမည်ဖြစ်သည်။

စီမံကိန်း ပြန်လည်စတင်ရေး IFC နှင့် ADB တို့ထံမှ သဘောတူညီမှု ရရှိထားပြီးဖြစ်သည်ဟု Yoma ကုမ္ပဏီ၏ အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြသည်။ 

အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် စီမံကိန်းပြန်လည်စတင်မည့်အပေါ် IFC နှင့် ဂျပန်အစိုးရ၏ JOIN ကော်ပိုရေးရှင်းတို့ထံ အီးမေးပို့ မေးမြန်းသော်လည်း အကြောင်းပြန်ခြင်း မရှိပေ။ ADB ကမူ အခြေအနေ စောင့်ကြည့်နေဆဲဖြစ်သည်ဟု တုံ့ပြန်သည်။

ကမ္ဘာ့ဘဏ်လက်ခွဲ IFC က ဦးသိမ်းဝေပိုင် ရိုးမဘဏ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားသည့် ရှယ်ယာများကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ရိုးမဘဏ် (FMI) သို့ ပြန်လည်ရောင်းချခဲ့သည်။ သို့သော် မီးရထားရုံးချုပ်မြေနေရာ၌ အကောင်အထည်ဖော်နေသည့် Yoma Central စီမံကိန်းတွင် ဆက်လက်ပါဝင်နေဆဲ ဖြစ်သည်။

စီမံကိန်းအတွက် ပို့ဆောင်ရေးဝန်ကြီးဌာနှင့် သက်ဆိုင်ရာကုမ္ပဏီများ ၂၀၁၆ ခုနှစ်တွင် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကာ လုပ်ကိုင်ခွင့်အားဖြင့် ၃၂ သက်တမ်းရှိပြီး တည်ဆောက်ရေးကာလ လေးနှစ်ဖြစ်သည်။

နှစ်စဉ်မြေငှားရမ်းခ ဒေါ်လာ ၆ သိန်း တစ်သောင်းကျော်နှင့် မြေအသုံးချမှု ပရီမီယံကြေး ဒေါ်လာ ၉ သန်းကို သက်ဆိုင်ရာ ကုမ္ပဏီများက သုံးကြိမ်အရစ်ကျ ပေးသွင်းရမည်ဖြစ်သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီထံ မြေငှားရမ်းခနှင့် ပရီမီယံကြေး ပေးသွင်းခဲ့ခြင်း ရှိမရှိကိုမူ မသိရပေ။

စစ်ကောင်စီထံ ငွေကြေးအမြောက်အမြား စီးဝင်နိုင်သည့်အတွက် Yoma Central စီမံကိန်းပြန်လည် စတင်မည့်သတင်းမှာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း မြန်မာစစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

“အာဏာသိမ်းပြီး စီမံကိန်းကို ရပ်တန့်လိုက်ခြင်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး စီမံကိန်းမှာ ပါဝင်နေတဲ့ Yoma Strategic၊ ADB, IFC နဲ့ အခြားရင်းနှီးမြုပ်နှံထားတဲ့သူတွေအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းနဲ့အညီ လုပ်ဆောင်ဖို့လိုအပ်ပါတယ်” ဟု မရတနာမောင်က ပြောသည်။

“စီမံကိန်းကနေ မြေငှားရမ်းခ၊ အခွန်ပေးချေမှုတွေအားလုံး မြန်မာစစ်တပ်လက်ထဲ မရောက်ရှိစေဖို့အတွက်လည်း လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းပါတယ်”

FMI ၏ ၂၀၁၆ နှစ်လယ်ပိုင်း သတင်းထုတ်ပြန်ချက်တွင် စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်မကုန်မီ အဆုံးသတ်နိုင်မည်ဟု ဖော်ပြထားသည်။

ရထားရုံးချုပ် အဆောက်အအုံဟောင်းကို အထပ်မြင့်အဆောက်အအုံကြီး ၄ ခု ဝန်းရံထားပုံ သရုပ်ဖော်ထားသည့် ပုံစံကြမ်းကိုလည်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ရထားလမ်းဘေးတွင် ရှိသော ရုံးချုပ်အဆောက်အအုံဟောင်းသည် ရထားဖြတ်မောင်းသွားတိုင်း မြေတုန်ခါမှုနှင့် နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသဖြင့် ရန်ကုန်ရှိ အခြားသော ရှေးဟောင်းအဆောက်အအုံများထက် ကြံ့ခိုင်ရေး အားနည်းခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button