
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးနိုင်နိုင်ဝင်းက တမူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ရွေးကောက်တင်မြှောက်ခံရသူအဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခံထားရသဖြင့် အမှုကို ရင်ဆိုင်သွားမည်ဟု ပြောသည်။
တမူးမြို့နယ်၏ လက်ရှိ ပြည်သူ့လွှတ်တော်အမတ်လည်း ဖြစ်သော ဦးနိုင်နိုင်ဝင်းက ဒီဇင်ဘာ ၂၁ တွင် တိုင်ကြားခံရကြောင်း၊ တိုင်ကြားသူ မည်သူမည်၀ါဖြစ်သည်ကို သိရှိကြောင်း ပြောသည်။
“အဲဒီတုန်းက (ရွေးကောက်ပွဲ)တုန်းက ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေပေါ့နော်။ ဒါတွေကို ကျွန်တော်က ပါဝင်ပတ်သက်တယ်လို့ ယုံကြည်ရတယ်ဆိုပြီး ကန့်ကွက်တာပေါ့နော်။ ဘာတွေလဲဆိုတာတော့ လောလောဆယ်တော့ မဖြေပါရစေနဲ့ဦး။ အမှုက အခုမှ စရင်ဆိုင်ရမှာမို့ပါ”ဟု ဦးနိုင်နိုင်ဝင်းက ပြောသည်။
ဖေဖော်ဝါရီ ၁ တွင် အမှုရင်ဆိုင်ဖြေရှင်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခုံရုံးက ချိန်းဆိုထားရာ ၎င်းအနေဖြင့် ထုချေလွှာတင်သွားမည်ဖြစ်ကြောင်း ဆက်ပြောသည်။
ခိုင်လုံမဲ ခြောက်သောင်းကျော် ရှိခဲ့သည့် ၎င်းမဲဆန္ဒနယ်တွင် ဦးနိုင်နိုင်ဝင်းက မဲအရေအတွက် သုံးသောင်းကျော် ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမတ်လောင်းက နှစ်သောင်းကျော် ရရှိခဲ့သည်။
ဤကန့်ကွက်မှုတွင် ဦးနိုင်နိုင်ဝင်းရှုံးနိမ့်လျှင် ထောက်ခံမဲ ဒုတိယအများဆုံးရခဲ့သူက လွှတ်တော်တက်ရမည် ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလေးနိုင်က အဆိုပါ တိုင်ကြားမှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးစရာ များစွာမရှိသေးဟု ပြောသည်။
“သူ (တိုင်ကြားသူ)က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာပဲ တိုက်ရိုက်တင်တာ။ ဘာကြောင့်ဆိုတာ အသေးစိတ်တော့ မသိရသေးဘူး။ ပြည်ထောင်စုကော်မရှင်က ခုံရုံးအမှုတွဲ ဖွင့်လိုက်ပြီဆိုရင် ကျွန်တော်တို့ တိုင်းကော်မရှင်ကို သက်ဆိုင်ရာ သက်သေတွေ၊ အကြောင်းအချက်တွေနဲ့ ချိတ်ဆက်ရမှာမို့ အကြောင်းကြားလာမှာပါ”ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးလေးနိုင်က ဆိုသည်။
ဒေသတွင်း မဲရလဒ်အငြင်းပွားမှုများရှိနေပြီး အနိုင်ရကိုယ်စားလှယ်အချို့ ကန့်ကွက်ခံထားရကာ အသေးစိတ်အချက်အလက်များကို ပြည်ထောင်စုအဆင့်ကော်မရှင်က ပေးပို့လာခြင်း မရှိသေးကြောင်း စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူထံမှ သိရသည်။
ရွေးကောက်ခံကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးရန် ရွေးကောက်ပွဲအပြီး ၄၅ရက်အတွင်း တိုင်ကြားနိုင်ပြီး သက်သေအထောက်အထားခိုင်လုံပါက ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည် ဖြစ်သည်။
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ထိုနယ်မြေမှ မဲပေးသူများ၊ ရွေးကောက်ခံသူများသည် ဥပဒေအတိုင်း ကန့်ကွက်နိုင်သည်ဟု NLD ၏ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
“ခုလိုတိုင်ကြားစာတွေကတော့လေ တပ်ကလည်း တိုင်မှာပဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးကလည်း တိုင်မှာပဲ။ တခြားပါတီတချို့ကလည်း တိုင်မှာပဲ။ ဒီကာလကတော့ တိုင်ကြမှာပဲ။ ကိုယ့်ဘက်ကလည်း ဖြေရှင်းလို့ရတယ်လေ။ ဒီဟာနဲ့ ပတ်သက်လို့ကတော့ ဖြစ်ရိုးဖြစ်စဉ်လို့ပဲ ပြောချင်ပါတယ်” ဟု မုံရွာအောင်ရှင်က ပြောသည်။
တမူးမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အမတ်လောင်း စုစုပေါင်း ၅ ဦး ယှဉ်ပြိုင်ခဲ့သည်။