
ဦးဝီရသူအား ရုံးထုတ်စစ်ဆေးပေးရန် အင်းစိန်ထောင်ရှေ့ ဆန္ဒဖော်ထုတ်ရာ၌ ရဲတပ်ဖွဲ့ဝင်များကို ထိုးနှက်ခဲ့သူ အမျိုးသားရေးသမားဆိုသူကို ရာဇဝတ်ကျင့်ထုံးဥပဒေအရ အာမခံပေးထားသည်ဟု အင်းစိန်မြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးတင်လတ်က ပြောသည်။
ဇန်နဝါရီ ၁၆ ရက်က ရန်ကုန် အင်းစိန်ထောင်ရှေ့တွင် ခွင့်ပြုချက်မဲ့ဆန္ဒပြသော အမျိုးသားရေးသမားများကို သွားရောက်တားဆီးရာတွင် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီးနောက် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
အဆိုပါ အမျိုးသားအပါအဝင် ဆန္ဒပြပွဲဦးဆောင် သံဃာတော်နှစ်ပါးနဲ့ လူပုဂ္ဂိုလ်နှစ်ဦးကို ဝတ္တရားနှောင့်ယှက်မှု၊ ငြိမ်းစုစီပုဒ်မများဖြင့် တရားစွဲဆိုရန် ရဲတပ်ဖွဲ့က စီစဉ်လျက်ရှိပြီး လက်ရှိတွင် ရာဇဝတ်ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၇၀ (၁)အရ အာမခံပေးထားကြောင်း ဒုရဲမှူးတင်လတ်က ပြောသည်။
“အင်းစိန်ထောင်ရှေ့မှာ ဖမ်းမိတဲ့သူနဲ့ သက်မျိုးဦး( ဦးဆောင်သူ)ကို အာမခံပေးထားတယ်။ ဆရာတော်နှစ်ပါးကိုတော့ စစ်ဆေးနေပါတယ်။ ဖမ်းတာ၊ ဆီးတာတော့ မရှိဘူး။ လက်ရှိကျူးလွန်တဲ့သူတွေက အာမခံပေးလို့ရတဲ့ ပုဒ်မတွေကို ကျူးလွန်ထားတာဖြစ်တယ်။ ခံဝန်ပေးထားတယ်။ တရားစွဲတဲ့အခါကျ သူတို့ကို ပြန်ခေါ်မှာပါ”ဟု ဒုရဲမှူးတင်လတ်က ပြောသည်။
ဦးဝီရသူအား ရုံးထုတ်စစ်ဆေးပေးရေးအတွက် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ ဦးပညာဝံသဦးဆောင်သည့် အမျိုးသားရေးသမား ၅၀ ခန့်က အင်းစိန်ထောင်ရှေ့၌ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ အဆိုပါဆန္ဒပြပွဲကို ခွင့်ပြုချက်မပေးထားသောကြောင့် ရဲတပ်ဖွဲ့က သွားရောက်တားဆီးစဉ် ရဲတပ်ဖွဲ့ဝင်များကို အမျိုးသားရေးသမားများက စတင်တိုက်ခိုက်ခဲ့ပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။
ဦးဝီရသူအား ရုံးထုတ်စစ်ဆေးပေးရန် သံဃာတော် ၂၀ ကျော်က ဆိုင်းဘုတ်များကိုင်၍ တောင်းဆိုခြင်းဖြစ်သော်လည်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားချိန်တွင် အမျိုးသားရေးသမား အများအပြားရောက်လာခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များကို ထိုးနှက်တိုက်ခိုက်သူ ဦးဝင်းထွေးကို ရဲတပ်ဖွဲ့က ဖမ်းဆီး၍ လူစုလူဝေးကို ဖြိုခွင်းလိုက်ရသည်။
အင်းစိန်ထောင်ရှေ့တွင် ဖမ်းဆီးရမိသည့် ဦးဝင်းထွေးကို ဝတ္တရားနှောင့်ယှက်မှုပုဒ်မ ၃၅၃၊ ၃၅၂နှင့် ငြိမ်းစုစီပုဒ်မများဖြင့် တရားစွဲရန် ရဲတပ်ဖွဲ့က ပြင်ဆင်လျက်ရှိသည်။ ထို့အတူ ဆန္ဒပြပွဲဦးဆောင်သူ ရဟန်းနှစ်ပါးနှင့် အခြားလူတစ်ဦးကိုလည်း ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မများဖြင့် တရားစွဲသွားရန်ရှိသည်ဟု ဒုရဲမှူးတင်လတ်က ဆိုသည်။
ဦးဝင်းထွေးကို ဖမ်းဆီးရမိသည့် ဇန်နဝါရီ ၁၆ ရက်တွင် အာမခံပေးခဲ့ပြီး ဆန္ဒဖော်ပြပွဲဦးဆောင်သူ သက်မျိုးဦးကိုလည်း ဇန်နဝါရီ ၁၇ ရက်တွင် ရဲတပ်ဖွဲ့က အာမခံပေးခဲ့သည်။
ထို့အပြင် ဆန္ဒပြပွဲဦးဆောင်သော ဆရာတော်ဦးပညာဝံသနှင့် ဝန်းရံသူ အရှင်အဂ္ဂဓဇတို့ကိုလည်း ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲဆိုရန် စစ်ဆေးနေပြီး ၎င်းတို့လေးဦးအား လာမည့် နှစ်ပတ်အတွင်း အင်းစိန်မြို့နယ်တရားရုံး၌ တရားစွဲဆိုနိုင်ရန် စီစဉ်လျက်ရှိသည်ဟု ဒုရဲမှူးတင်လတ်က ဆိုသည်။
ရဲတပ်ဖွဲ့က ဆရာတော်များကို ကိုယ်ထိလက်ရောက်ပြုမူသည့်အတွက် ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်များကို ထိုးကြိတ်သဖြင့် ဖမ်းဆီးခံရသော ဦးဝင်းထွေးက ရုပ်သံမှတ်တမ်းတစ်ခုတွင် ဖြေကြားထားသည်။
“ကျွန်တော့်ကို ၅ ယောက်၊ ၆ ယောက်လောက် ဖမ်းပြီး ကားပေါ်ကို ပြစ်တင်လိုက်တယ်။ (ထောင်)ဘူးဝရှေ့မှာ ကျွန်တော့်ကို မလုပ်ဘူး။ လုပ်လို့ရှိရင်လည်း ဆူပူအုံကြွမှုဖြစ်သွားမှာ ကြောက်လို့။ အဖွဲ့နဲ့ဝေးတဲ့နေရာရောက်မှ ခြေထောက်နဲ့ကန်တာတို့၊ နံပါတ်တုတ်နဲ့ရိုက်တာတို့၊ ခေါင်းတွေဖိပြီး လက်ထိတ်ခတ်တာတို့၊ ဒူးနဲ့ဖိတာတို့ လုပ်တယ်။ ကျွန်တော် ဘာမှလုပ်ပိုင်ခွင့်မရှိဘူး။ ရုန်းပိုင်ခွင့်မရှိဘူး” ဟု ဦးဝင်းထွေးက ဆိုသည်။
ထိုဆန္ဒပြပွဲဖြစ်ပွားသည့် ဇန်နဝါရီ ၁၆ ရက်နေ့တွင် ဦးဝင်းထွေးအား ချုပ်နှောင်ထားသည့် ကားနောက်သို့ အမျိုးသားရေးသမားအများစု ပြေးလိုက်ကြသောကြောင့် ကားကို ခပ်သွက်သွက်မောင်းထွက်ခဲ့ရသလို ဖမ်းဆီးမခံရချိန်က ဦးဝင်းထွေးထံမှ အရက်နံ့များထွက်ပေါ်နေသည်ကို Myanmar Now က တွေ့ရှိခဲ့သည်။
ဦးဝင်းထွေးသည် အာမခံရပြီး တစ်ရက်အကြာ ဇန်နဝရီ ၁၇ ရက်တွင် မဘသ ဦးဆောင်ရဟန်းတစ်ပါးဖြစ်ခဲ့ဖူးသည့် မကွေးကျောင်းဆရာတော် ဦးပါမောက္ခထံ သွားရောက်တွေ့ဆုံခဲ့သည်။
အင်းစိန်ထောင်ရှေ့ ဆန္ဒပြပွဲဖြိုခွင်းခံရခြင်းနှင့် ပတ်သက်၍ ဦးပါမောက္ခက “ဒီနေရာ(အင်းစိန်ထောင်ရှေ့)ကို ပထမက ခွင့်ပြုချက်တင်တယ်။ ဒေသန္တရအမိန့်နဲ့ပယ်ချပြီးတော့ ဆန္ဒပြမှ ဖမ်းတယ်ဆိုတာ ဒီမိုကရေစီမဟုတ်ဘဲ အာဏာရှင်ဘက်ကို ယိမ်းယိုင်နေတယ်လို့ပဲ ပြောချင်တယ်။ အကြမ်းဖက်ပြီးတော့ ဖမ်းဆီးတာတွေဟာ ဒီမိုကရေစီအရပ်သားအစိုးရလက်ထက်မှာ မဖြစ်သင့်ဘူး” ဟု မိန့်သည်။
ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးနှိပ်စက်မှုကြောင့် ဦးဝင်းထွေး၏ လက်နှင့် ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သဖြင့် လမ်းမလျှောက်နိုင်ကြောင်း၊ ၎င်းဆေးကုသရေးအတွက် ငွေကျပ် ၃၀၀၀ ထောက်ပံ့ခဲ့သည်ဟုလည်း ဦးပါမောက္ခက ဆိုသည်။
ထိုဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းကာ ဖမ်းဆီးနှိပ်စက်လျက်ရှိသည်ဟု အမျိုးသားရေးသမားများက ပြောဆိုသည့်နည်းတူ အမျိုးသားရေးသမားများ၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။