ရန်ကုန်၊ မင်းဓမ္မလမ်းရှိ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းတွင် လုံခြုံရေးဝန်ထမ်းအဖြစ် နှစ်အတန်ကြာ လုပ်ကိုင်နေသည့် ကိုပေါက်သည် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်ရင်း နှစ်သစ်ကူးကာလကို ဖြတ်သန်းခဲ့ရသည်။
နှစ်ကူးတော့မည့်အချိန်တွင် ကိုပေါက်နှင့် သူ့လုပ်ဖော်ကိုင်ဖက်များသည် သိုလှောင်ရုံအတွင်း ရေခဲမှတ်အောက် အအေးဒဏ်ကို အန်တုရင်း ဆေးပုလင်းများကို အပူတပြင်းရေတွက်နေကြခြင်းမှာ သိုလှောင်ရုံအတွင်းမှ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ၅၈၁၀၊ အသည်းရောင်အသားဝါ B ကာကွယ်ဆေး ၄၈၀၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး ၇၀၀ လျော့နည်းနေခြင်းကြောင့်ပင်။
ဆေးများလျော့နည်းနေခြင်းမှာ ဆေးရုံတစ်ခုခုသို့ အရေအတွက် မှားယွင်းထည့်ပေးလိုက်မိခြင်းကြောင့် ဖြစ်သည်ဟု ကနဦးကောက်ချက်ချထားပြီး ဆေးအဝင်အထွက်စာရင်းများ အပြန်ပြန်အလှန်လှန် စစ်ဆေးကာ လက်ကျန်ဆေးအရေအတွက်ကို ထပ်မံ ရေတွက်သော်လည်း စာရင်းမကိုက်ချေ။
ဆေးသိုလှောင်ရုံမှာပင် ညအိပ်၊ ညနေ နေသူဖြစ်သောကြောင့် ဆေးပျောက်ဆုံးမှုအတွက် အပြစ်ပုံချခံရပြီး ထောင်ထဲသွားရမည်ကို စိုးရိမ်ခဲ့မိသည်ဟု ကိုပေါက်က ပြောပြသည်။
“ဘယ်သူယူသွားမှန်း မသိလို့ပေါ့ဗျာ။ သိရင် တစ်ခါတည်းပြောတာပေါ့။ ကျွန်တော်က အအေးခန်းထဲ အဝင်အထွက်များတော့ ကျွန်တော့်ကိုတောင် သံသယဖြစ်လာနိုင်တာ” ဟု ကိုပေါက်က မကျေမချမ်းပြောသည်။
ဗဟိုကာကွယ်ဆေးသိုလှောင်ရုံကို တစ်နေ့လျှင် အစောင့်နှစ်ယောက်စီ နေ့၊ ည အချိန်ပြည့် စောင့်ကြည့်နေသည့်ကြားမှပင် ဆေးပုလင်းများပျောက်သွားပုံကို မည်သူမျှ ရေရေရာရာမသိကြ။ အအေးခန်းထဲမှ ဆေးများကို သူခိုးက မည်သို့သယ်ထုတ်သွားသနည်း ဆိုသည်ကို ဝန်ထမ်းများ စဉ်းစား၍မရကြ။
ဗဟိုဆေးသိုလှောင်ရုံတွင် ယခင်က ဆေးဝါးများပျောက်ဆုံးဖူးသည့် သာဓကမရှိခဲ့ဟု သိရသည်။
နောက်ဆုံးတွင် ကျပ်သိန်း ၄၆၀ တန်ဖိုးရှိ ဆေးဝါးများပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ကျန်းမာရေးဌာနနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ သိုလှောင်ရုံဝန်ထမ်း ၁၄ ဦးကို စစ်ဆေးကြသည်။ ငယ်ရွယ်သောဝန်ထမ်းများအပါအဝင် သိုလှောင်ရုံတာဝန်ကျသူများကို တစ်ညနှင့် တစ်ရက် စစ်ဆေးအပြီးတွင်လည်း သဲလွန်စ မရခဲ့ကြဟု ကိုပေါက်က ဆိုသည်။
“နောက်ခံအချက်အလက်တွေ မေးတယ်။ ဒီအလုပ်မလုပ်ခင် ဘာလုပ်လဲဆိုတာတွေ မေးတာပေါ့။ ဆေးက ဘယ်နှလုံးပျောက်တယ်ဆိုတာ ကျွန်တော်အသိဆုံးလေ။ အခန်းထဲကို အမြဲတမ်းဝင်နေတာ။ ဘယ်သူယူပါတယ်ဆိုတာ သိရင် တစ်ခါတည်းပြောလိုက်မှာပေါ့။ အခုက ဘာမှ မသိတဲ့ကလေးတွေပါ ရဲစခန်းရောက်ကုန်တာ”ဟု ကိုပေါက်က ဆိုသည်။
လုံခြုံရေးတင်းကျပ်ထားသော ဆေးသိုလှောင်ရုံ၏ အအေးခန်းထဲမှ ရှားပါးဆေးများ အလုံးအရင်းပျောက်ဆုံးမှုတွင် အတွင်းလူပါ၀င်မည်ဟူသော သံသယဖြင့် ဝန်ထမ်းများကိုပါ စစ်ကြောခဲ့ခြင်း ဖြစ်သည်။
ဆေးဆိုင်မှ သဲလွန်စ
အရေးကြီးသောနေရာတွင် လုံခြုံရေးကင်မရာ တပ်ဆင်မထားသည့်အတွက် ဆေးထုတ်ယူသွားသူနောက်ကို ခြေရာခံရန် ခက်ခဲသလို ဖြစ်ခဲ့သည်။
ပျောက်ဆုံးသွားခဲ့ပြီး ၈ ရက်အကြာတွင် ဆေးများကို ရဲတပ်ဖွဲ့က ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ခိုးထုတ်သည်ဟု ယူဆရသူနှင့် ရောင်းချသူများကို ဖမ်းဆီးခဲ့သည်။
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပုလင်းတွင် ပါရှိသည့် ပစ္စည်းမှတ်ပုံတင်နံပါတ် Lot No – T013330 ပါရှိရာ ထိုနံပါတ်ပါသော ကာကွယ်ဆေးကို စျေးကွက်အတွင်း လိုက်လံရှာဖွေရာမှ ထိုသို့တွေ့ရှိပြီး သံသယတရားခံကို ခြေရာခံနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဆေးပျောက်ဆုံးမှုအကြောင်းကို ဒီဇင်ဘာလ ၂၈ရက်နေ့တွင် စတင်သိရှိခဲ့သည့် ကျန်းမာရေးဌာနတာဝန်ရှိသူများက ထိုနေ့ နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့ကို ချက်ချင်းအကြောင်းကြားသည်ဟု ဝန်ထမ်းများက ဆိုသည်။ အလားတူ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေ ရဲစခန်းမှာလည်း တိုင်ကြားခဲ့သည်။
ထိုနေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အထူးအမှုစစ်အဖွဲ့ ၆ ဖွဲ့ ဖွဲ့စည်းကာ ဆေးသိုလှောင်ရုံမှ ဆေးပျောက်ဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းကိုင်တွယ်ခဲ့သည်ဟု မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေရဲတပ်ဖွဲ့မှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သန့်ဇင်ဦးက Myanmar Now ကို ပြောသည်။
လုပ်ငန်းစဉ်များထဲတွင် ရန်ကုန်မြို့အတွင်းရှိ ဆေးဆိုင်များကို ပိုက်စိပ်တိုက်ရှာဖွေခြင်း၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးရောင်းသည့် နေရာများမှ ဆေးနမူနာ ဝယ်ယူစစ်ဆေးခြင်းတို့လည်း ပါ၀င်သည်။
ဈေးကွက်အတွင်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ရနိုင်သည့် ဆေးဆိုင်များကို တစ်ဆိုင်ချင်း သွားရောက်စုံစမ်းရသည်။ ဖုန်းဖြင့် ဆက်သွယ်စုံစမ်းရသည်။
ဒီဇင်ဘာ ၂၉ရက်က ပန်းဘဲတန်းမြို့နယ် ၂၇ လမ်းရှိ ဆေးဆိုင်တစ်ခုမှ နမူနာဝယ်ယူခဲ့သည့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးသည် ပျောက်ဆုံးနေသည့် ဆေးပုလင်းများနှင့် LOT နံပါတ် တူညီနေသည်ကို တွေ့ရသည်။
အဆိုပါဆေးဆိုင်ပိုင်ရှင် ဦးတင်အေး ခေါ် မိုဟာမတ်အီလီယက်၏ နေအိမ်ကို ရဲက ဝင်ရောက်ရှာဖွေရာတွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ၇၂ ပုလင်း တွေ့ရှိရာမှ ဆေးခိုးရောင်းချသူများကို ဆက်လက်ရှာဖွေရန် လမ်းစတွေ့ခဲ့ခြင်းဖြစ်သည်ဟု ဒုရဲအုပ်သန့်ဇင်ဦးက ဆိုသည်။
“အမှုစစ်အဖွဲ့တွေ ဆေးရောင်းတဲ့ နေရာတွေကို စုံစမ်းရတာ။ ဆေးက ဆိုင်ဖွင့်ပြီးရောင်းတာမဟုတ်ဘူး၊ ဖုန်းနဲ့ ဒီဆေးရှိတယ်၊ ယူမလားဆိုပြီးတော့ ဖြန့်တာပေါ့။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး လိုနေလို့ ဘယ်မှာရမလဲ မေးရင်းနဲ့ ပျောက်သွားတဲ့ဆေးတွေ တွေ့တာ”ဟု ဒုရဲအုပ်က ပြောသည်။
စလိုဒါဂျူးဆိုသူထံမှ ယူ၍ ရောင်းခြင်းဖြစ်သည်ဟု ဦးတင်အေးက ထွက်ချက်ပေးသည်ဟု ဆိုသည်။
စလိုဒါဂျူ ခေါ် စိုးမြင့်သည် သာကေတမြို့နယ် ရှုခင်းသာအိမ်ရာတွင် နေထိုင်သူဖြစ်သည်၊ ဆိုင်ဖွင့်ထားခြင်းမရှိသော်လည်း ဝယ်လက်များကို ဖုန်းဖြင့် ချိတ်ဆက်ရောင်းချပေးနေသူဖြစ်သည်ဟု ဒုရဲအုပ်သန့်ဇင်ဦးက ပြောသည်။
အတွင်းလူနှင့် အချိတ်အဆက်
စလိုဒါဂျူး၏ အိမ်သို့ ရဲတပ်ဖွဲ့က စီးနင်းရှာဖွေချိန်တွင် ဆေးပုံး ၄ ပုံး ဖမ်းမိခဲ့သလို ဆေးများ ပြင်ပသို့ ခိုးထုတ်ပေးခဲ့သူကိုပါ ခြေရာခံမိခဲ့သည်။ ဆေးထုတ်ပေးသူမှာ ဗဟိုဆေးသိုလှောင်ရုံ အငယ်တန်းစာရေး ဝဏ္ဏထွန်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ဒီဇင်ဘာလအတွင်း ဝဏ္ဏထွန်းသည် ဗဟိုဆေးသိုလှောင်ရုံမှ အစောင့်များ၊ ဝန်ထမ်းများ နေ့လယ်ပိုင်း ထမင်းစားနားသည့်အချိန်များတွင် နှစ်ကြိမ် ခိုးထုတ်သွားခဲ့ခြင်းဖြစ်ပြီး စလိုဒါဂျူးက အဓိက ဖြန့်ဖြူးရောင်းချခဲ့ခြင်းဖြစ်သည်ဟု စစ်ကြောသိရှိရကြောင်း ဒုရဲအုပ်သန့်ဇင်ဦးက ပြောသည်။
ဤသို့ဖြင့် ရဲတပ်ဖွဲ့က သံသယတရားခံ ၃ ဦးကို ထိန်းသိမ်းလိုက်သည်။
ဗဟိုဆေးသိုလှောင်ရုံမှ တိတ်တဆိတ် ထွက်ခွာသွားသော ကာကွယ်ဆေးများကို ရန်ကုန်ရှိ ဆေးစျေးကွက်တွင်သာမက မန္တလေးမြို့ကိုပါ ဖြန့်ရန် စီစဉ်ခဲ့သည်ဟု ရဲက စုံစမ်းသိရှိခဲ့ပြီး လက်ကျန် သံသယတရားခံများကို လိုက်လံဖမ်းဆီးခဲ့သည်။
ဇန်နဝါရီ ၄ရက်နေ့တွင်တော့ ရဲတပ်ဖွဲ့က အမှုကို အများသိအောင် ထုတ်ပြန်လိုက်သည်။ သတင်းထုတ်ပြန်ချက်တွင် သံသယတရားခံ ၆ ဦး ပါ၀င်ရာ ကျန် ၃ ဦးမှာ သန်းထွန်း ခေါ် အီမရမ်း ခေါ် စာကလေး၊ အောင်နေဦးနှင့် စလင်းတို့ ဖြစ်သည်။
ပျောက်ဆုံးသွားသော ဆေးများကို ပြန်လည်သိမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။ အသည်းရောင်အသားဝါ B နှင့် ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေးများကို အကုန်ပြန်ရခဲ့သည်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ၅၈၁၀ ထဲမှ ၅၅၁၃ လုံး ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။
အသက် ၉နှစ်မှ ၁၄နှစ်အရွယ် မိန်းကလေးများကို ကျန်းမာရေးဌာနက အခမဲ့ထိုးပေးမည့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးသည် မှောင်ခိုဈေးကွက်အတွင်း တစ်လုံး ကျပ် ၃၃၀၀၀ ပေါက်စျေးရှိပြီး ပြင်ပဆေးရုံဆေးခန်းတချို့တွင် ထိုးနှံမည်ဆိုပါက ဆေးဖိုးနှင့် ဝန်ဆောင်ခ တစ်သိန်းခွဲဝန်းကျင် ကျသင့်နိုင်သည်ဟု သိရကြောင်း ဒုရဲအုပ်သန့်ဇင်ဦးက ဆိုသည်။
“မှောင်ခိုလောက ဘယ်လောက်ကြီးလဲ ကျွန်တော်တို့လည်း မပြောတတ်ဖူး။ ကုတ်နံပါတ်ပါလို့သာ ကျွန်တော်တို့ မိတာပါ။ တစ်ခါမှ တိုင်တာ မရှိဖူးဘူး။ ဆေးပျောက်လို့ တိုင်ကြားတာကတော့ ဒါပထမဆုံးပဲ” ဟု ဒုရဲအုပ်က ပြောသည်။
ဖြောင့်ချက်
ဤအမှုနှင့် ပတ်သက်ပြီး ထိန်းသိမ်းထားသည့် သံသယတရားခံ ၆ ဦးကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆ (၁) ဖြင့် တရားစွဲရန် ရဲတပ်ဖွဲ့က စီစဉ်လျက်ရှိသည်။
ပြည်သူပိုင်ပစ္စည်းကို အခွင့်အာဏာမရဘဲ လက်ဝယ်ထားရှိခြင်း သို့မဟုတ် ခိုးယူခြင်း၊ အလွဲသုံးစားပြုခြင်း၊ အကျိုးဖျက်ဆီးမှုတစ်ခုခုကို ကျူးလွန်မိလျှင် ထောင်ဒဏ် ၇ နှစ် သို့မဟုတ် ကြိမ်ဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။
အဖြစ်များသော ရောဂါတစ်ခုဖြစ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် နောက်ဆက်တွဲဆိုးကျိုးများ ကာကွယ်ပေးသည့် ဆေးကို ခိုးယူ၍ အလွဲသုံးစားပြုလုပ်ခြင်းကြောင့် လူအများထိခိုက်နိုင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက ဝေဖန်သည်။
“ရောဂါဖြစ်ပွားရင် ကုသရမယ့်စရိတ်တွေ၊ ကလေးက ရောဂါဖြစ်လို့ မိဘတွေ စီးပွားမရှာနိုင်တော့ဘူး၊ မလုပ်နိုင်တော့ဘူး၊ ဒါဆိုရင် မိသားစုစားဝတ်နေရေး ခက်ခဲလာနိုင်တယ်။ ဒီလိုနောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ဖို့အတွက် ထိုးနှံပေးတာဖြစ်တယ်။ ထိုးနှံရမယ့်သူတွေဆီကို ထိုးနှံဖို့ အရေးကြီးပါတယ်၊ ကာကွယ်ဆေးတွေဟာ ပြည်သူတွေအကျိုးအတွက် ဖြစ်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။
ထိုဆေးများကို ကျန်းမာရေးဌာနက ပြည်နယ်၊ တိုင်းဒေသများသို့ မပို့ဆောင်ရသေးမီ ပျောက်ဆုံးမှု ပေါ်ပေါက်လာခြင်းပင်။
ပြင်ပသို့ ဆေးခိုးထုတ်သည်ဟု စွပ်စွဲခံထားရသည့် ဝဏ္ဏထွန်းသည် ဆေးများကို ဗဟိုဆေးသိုလှောင်ရုံမှ စွန့်ပစ်ရမည့်အမှိုက်များနှင့် ရောနှော၍ သယ်ယူသွားခြင်းဖြစ်သည်၊ သို့သော် ဆေးခိုးထုတ်ပြီး နောက်ပိုင်းတွင် သိုလှောင်ရုံမှ လုပ်ဖော်ကိုင်ဖက်များ သံသယမဖြစ်အောင် နေထိုင်နိုင်ရုံသာမက ရဲ၏ ကနဦးစုံစမ်းစစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့သည်ဟု ဆိုသည်။
ပျောက်ဆုံးမှုကြီးဖြစ်ပွားခဲ့သော ဆေးသိုလှောင်ရုံတွင်မူ ဝန်ထမ်းများ၏ စိုးရိမ်ပူပန်စိတ်တို့ ပြေပျောက်သွားပြီဖြစ်သည်။
ဝဏ္ဏထွန်းက ဖြောင့်ချက်ပေးလိုက်သည့်အတွက် ရင်တမမဇာတ်လမ်း ပြီးဆုံးသွားပြီး ကျန်ဝန်ထမ်းများ သက်သာရာရသွားကြသည်ဟု လုံခြုံရေးဝန်ထမ်း ကိုပေါက်က ဆိုသည်။
“သူက အအေးခန်းထဲ တစ်ခါမှ ဝင်ဖူးတာမဟုတ်ဘူး။ ထင်ခြင်းထင်ရင် ကျွန်တော်အထင်ခံရမှာ၊ ရုံးမှာ ၂၄ နာရီ နေတာ။ ရုံးက ကလေးတွေအတွက်လည်း စိတ်ပူတယ်။ ဝဏ္ဏကြီးသာ ဝန်မခံရင် ကျွန်တော်တို့ အကုန်လုံး ထောင်ရောက်ကုန်မှာ” ဟု ကိုပေါက်က ပြောလိုက်သည်။