သတင်း

သံတွဲမြို့ကို အပြီးသတ်သိမ်းပိုက်ရန် AA ပြင်ဆင်နေ

လေဆိပ်အပါအဝင် တပ်ရင်းနှစ်ရင်းကို ထိန်းချုပ်ပြီးဖြစ်သဖြင့် စစ်ကောင်စီအပါအဝင် ဆက်စပ်သူများ၏ အကျိုးစီးပွားရှိနေသည့် သံတွဲမြို့နယ်သည် AA လက်ထဲ မကြာခင်ရောက်တော့မည်ဟု ဒေသခံများက ယူဆနေကြသည်။

နာမည်ကျော် ငပလီကမ်းခြေတည်ရှိရာ သံတွဲမြို့နယ်ရှိ နေရာအများစုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး မြို့ကို သိမ်းယူနိုင်ရေး မကြာနိုင်တော့ကြောင်း သံတွဲဒေသခံများက ခန့်မှန်းကြသည်။

လက်ရှိတွင် AA သည် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းများဖြစ်ကြသည့် ခမရ ၅၆၆ ၊ ခလရ (၅၅) နှင့် သံတွဲ (ငပလီ) လေဆိပ်တို့ကို ထိန်းချုပ်ထားသည်။

ခလရ ၅၅ မှ စစ်သားများသည် ငပလီမြို့ ဂျိတ္တောရပ်ကွက်ဘက်သို့ ဇူလိုင် ၉ ရက်နေ့တွင် ဆုတ်ခွာထွက်ပြေးသွားကြသည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

“တိုက်ပွဲဖြစ်သံတော့ မကြားပါဘူး။ သံတွဲမြို့အနီးဝန်းကျင်ထိ (AA) ထိန်းထားနိုင်ပြီ။ မြို့ထဲကစပြီး ရန်ကုန်ဘက် အထွက်ကို မရသေးပါဘူး” ဟု ၎င်းက ဆိုသည်။

သံတွဲမြို့နယ်တွင် ခမရ ၅၆၆၊ ခလရ ၅၅ နှင့် မောင်ရွှေလေးရေတပ်စခန်းတို့ရှိပြီး AA က ထိုစခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်လျှင် သံတွဲမြို့ကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

AA သည် လေဆိပ်အပါအဝင် တပ်ရင်းနှစ်ရင်းကို ဗျုဟာမြောက်ထိန်းချုပ်ပြီးဖြစ်၍ သံတွဲမြို့နယ်သည် AA လက်ထဲသို့ မကြာခင် ကျရောက်နိုင်သည်ဟု သံတွဲဒေသခံ နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

“(သံတွဲကို AA သိမ်းပိုက်ရရှိဖို့) မကြာပါဘူး။ ဘယ်ကြာပါ့မလဲ။ ဒီနေ့ညနေတောင်မှ သိမ်းချင်သိမ်းသွားနိုင်တဲ့ သဘောပဲ” ဟု ၎င်းက ဆိုသည်။

ယနေ့တွင် လက်နက်ငယ်သံများမကြားရသော်လည်း မြို့ထဲရှိ အကျဉ်းထောင်တွင် တပ်စွဲထားသည့် စစ်သားများက လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိရာ လူနေရပ်ကွက်၊ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲလျက်ရှိသည်ဟု အခြားဒေသခံတစ်ဦးကလည်း ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သား ၁၀၀ ခန့်မှာ သံတွဲအကျဉ်းထောင်နှင့် သာသနာ့ဗိမာန်တို့တွင် တပ်စွဲနေရာယူထားကြပြီး မြို့တွင်းနေလူထုကို မြို့ပြင်သို့ ထွက်ခွင့်ပိတ်ပင်ထားသည်ဟု ဒေသခံများက ဆိုသည်။

ယမန်နှစ် နိုဝင်ဘာ ၁၃ မှ စတင်သော AA ၏ ထိုးစစ်သည် မောင်တောနှင့် စစ်တွေမှအပ ပြည်နယ်မြောက်ပိုင်းကို သိမ်းပိုက်ခဲ့ပြီး ပြည်နယ်တောင်ပိုင်းသို့ ရွေ့လျားလာရာ ဧပြီလ ဒုတိယပတ်ကတည်းက သံတွဲ-တောင်ကုတ် ကားလမ်းပေါ်ရှိ ရွှေလှေတိုက်နယ်ကျေးရွာများအနီး တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။

ထို့နောက် စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုများရှိရာ ငပလီကမ်းခြေအနီး တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

သံတွဲမြို့နယ်၊ ရေစင်ကျေးရွာနှင့် ဂွေ့ချောင်းကျေးရွာကြားတွင် ဧပြီ ၁၃ ရက်က ခလရ ၅၅ နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာမှ သံတွဲမြို့သိမ်းတိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။

အစောပိုင်းတွင် ကြိုးကြားကြိုးကြားတိုက်ပွဲများမှ မေ၊ ဇွန်လများတွင် နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ နေ့တိုင်းနီးပါး ပြင်းထန်နေခဲ့သည်။ ဇွန်လအတွင်းနှင့် ဇူလိုင်လ ပထမအပတ်အတွင်း တိုက်ပွဲအရှိန်သည် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးအချိန်ဖြစ်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

AA ၏ ထိုးစစ်ကို ကြည်း၊ ရေ၊ လေဖြင့် ခုခံနေသည့် စစ်ကောင်စီသည် ဇွန် ၄ နှင့် ၅ ရက်တို့က သံတွဲမြို့နယ်ထဲမှ အိမ်ခြေ ၁၀၀၀ ခန့်ရှိသည့် ဆင်ခေါင်းဟု အမည်ရသည့် တံငါရွာကြီးကို နှစ်ရက်ဆက်တိုက် လေတပ်က ဗုံးကြဲခဲ့ရာ လူ ၆၄ ဦးထက်မနည်း သေဆုံးခဲ့သည်။

စစ်ကောင်စီနှင့် စစ်ကောင်စီ၏အကျိုးစီးပွားရှိရာ သံတွဲသည် စစ်ကောင်စီနှင့် AA အတွက် အလွန်အရေးပါကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။

“သံတွဲမှာ ငပလီလို ထင်ရှားတဲ့နေရာတွေရှိတယ်။ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ ခရိုနီအသိုင်းအဝိုင်းစီးပွားရေးအတွက်လည်း အရေးပါတော့ ပြိုင်ဆိုင်မှုရှိတဲ့နေရာလည်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

“နိုင်ငံတကာရဲ့အပန်းဖြေခရီးစဉ်တွေအတွက် နာမည်ကျော်တဲ့ အထင်ကရနေရာတစ်ခု။ တစ်ကမ္ဘာလုံးက ဒီနေရာကို အသိအမှတ်ပြုထားတဲ့နေရာတစ်ခုလည်းဖြစ်တယ်။ အဲလိုနေရာတစ်ခုကို AA က သိမ်းယူလိုက်တယ်ဆိုရင် ပထမဆုံးလေယာဉ်ကွင်းကို ထိန်းချုပ်နိုင်တဲ့အပြင် ငပလီကမ်းခြေကိုလည်း ထိန်းချုပ်ပြီးသားဖြစ်သွားမယ်။ ဒါက ရခိုင်တောင်ပိုင်းရဲ့အဓိကနေရာလည်းဖြစ်တာကြောင့် AA အတွက်လည်း အရေးကြီးသလို စစ်ကောင်စီအတွက်လည်း အဲဒါတွေကို စွန့်လွှတ်ရတာကြောင့် ကြီးမားတဲ့ကျဆုံးမှုဖြစ်တယ်လို့ ယူဆလို့ ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ငပလီကမ်းခြေတွင် စစ်ဗိုလ်ချုပ်များနှင့် စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ခရိုနီများပိုင်ဆိုင်သော ဟိုတယ်အများအပြားရှိပြီး စစ်ကောင်စီတပ်သားများအတွက် အပန်းဖြေရာနေရာတစ်ခုလည်း ဖြစ်သည်။

စစ်ကောင်စီသည် ဝါဒဖြန့်ရန်အတွက် နိုင်ငံအနှံ့ရှိ ရှေ့တန်းစစ်မျက်နှာတွင် ထိခိုက်ဒဏ်ရာရခဲ့သည့် စစ်သားများကို ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ငပလီကမ်းခြေသို့ အပန်းဖြေရန်အတွက် သံတွဲလေဆိပ်မှတစ်ဆင့် ပို့ဆောင်ခဲ့သည်။

ထိုစဉ်က ဧရာဝတီတိုင်း ချောင်းသာကမ်းခြေသို့လည်း ပို့ဆောင်ပေးခဲ့ကြောင်း စစ်ကောင်စီမီဒီယာများက ဓာတ်ပုံများဖြင့် ဖော်ပြထားကြသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများတွင် ခံစစ်ဖြင့်သာ ခုခံနေရပြီး တပ်ရင်းအများအပြား ကျရှုံးနေသဖြင့် စစ်ကောင်စီတပ်သားများလည်း စိတ်ဓာတ်ကျမှုရှိနေသောကြောင့် AA သည် ၂၀၂၄ နှစ်မကုန်ခင် ရခိုင်ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ဦးဖေသန်းက ခန့်မှန်းသည်။

“စစ်ကောင်စီဟာ မြောက်မှ တောင်အထိ ခံစစ်နဲ့ ခုခံလာတယ်။ တပ်ရင်းတစ်ရင်းပြီးတစ်ရင်း ကျဆုံးလာတယ်။ သူတို့မှာ နောက်ထပ်စစ်ကူအင်အားတွေလည်း ULA ဘက်က ဖြတ်တောက်ထားလို့ လာဖို့မလွယ်။ အဲလိုအခြေအနေမှာ သူတို့အင်အားထောင်ချီပြီး တိုက်ရင်တောင်မှ ကျဆုံးမှုတွေကို တွေ့ရတယ်။ ဆိုတော့ သူတို့ရဲ့ စိတ်ဓာတ်ခွန်အားပေါ့” ဟု ၎င်းက ဆိုသည်။

“စစ်ကောင်စီတပ်သားတွေရဲ့စိတ်ဓာတ်နဲ့ AA တပ်သားတွေရဲ့စိတ်ဓာတ်က မတူဘူး။ AA ဘက်ကတော့ အပင်ပန်းခံနိုင်မှု၊ ပထဝီအနေအထားကျွမ်းကျင်မှု၊ ပြည်သူတွေရဲ့ထောက်ခံမှုဟာ အပြတ်အသတ် တစ်ဖက်စောင်းနင်းဖြစ်တယ်။ အားသာချက်ရှိတယ်”

လက်ရှိတွင် AA သည် မောင်တောမြို့နယ်ရှိ နခခ ၅ (မြို့သူကြီး) နယ်ခြားစောင့်စခန်းနှင့် လက်ကျန်တပ်စခန်းအနည်းငယ်ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသလို အမ်းမြို့သိမ်းတိုက်ပွဲလည်း ပြင်းထန်နေသည်။

ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်များ အကြီးအကျယ်ရှုံးနိမ့်နေကာ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့ကို လက်လွှတ်ထားရသည်။

လက်ရှိတွင် အမ်း၊ မောင်တော၊ သံတွဲရှိ စစ်စခန်းများကို ထပ်မံတိုက်နေသည်။ ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုရှိလာကာ စစ်တွေကိုလည်း AA က ဝိုင်းရံပိတ်ဆို့ထားသဖြင့် မြို့သိမ်းတိုက်ပွဲ အချိန်မရွေး ဖြစ်လာနိုင်သည်။

Show More

Related Articles

Back to top button