အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပလက်ဝမှ တပ်မိသားစုဝင်တစ်ဦး မိုင်းထိ ဒဏ်ရာရ

ချင်းပြည်နယ် ပလက်ဝမြို့နယ် ခလရ ၂၈၉ ခြေလျင်တပ်ရင်းမှ တပ်မိသားစုဝင် အမျိုးသမီးတစ်ဦးသည် ယနေ့ (ဇန်နဝါရီ ၁၂) မွန်းလွဲပိုင်းတွင် မိုင်းနင်းမိ၍ ခြေတစ်ဖက် ပြတ်တောက်သွားခဲ့ကြောင်း ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ 

ညာခြေထောက်ပြတ်တောက်ဒဏ်ရာရရှိသွားသူမှာ ခလရ ၂၈၉ တပ်ရင်းမှ တပ်သားထွန်းမင်းကျော်၏ဇနီး ၃၈ နှစ်အရွယ် ဒေါ်တိုးတိုးဝင်းဖြစ်ပြီး ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် မောင်မောင်ကျေးရွာဘက်သို့ ဝါးခုတ်ရန် သွားရောက်စဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက Myanmar Now ကို ပြောသည်။ 

“(တပ်က) မောင်‌မောင်ရွာဘက်ကို မသွားဖို့တားတော့ ကျွန်တော်တို့ဆီကလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ဒီဘက်ကို မသွားဖို့မှာတယ်။ ပြီးရင် မြို့ပေါ်မှာစစ်ရှောင်တွေရှိတာကိုး၊ သူတို့က အဲဒီဘက်ကို ဖားရှာငါးရှာသွားကြတာရှိတယ်။ သူတို့ကိုလည်း အဲဒီဘက်ကို မသွားဖို့မှာတယ်။ မှာတော့လည်း သွားတဲ့လူကတော့ သွားနေကြတာပဲလေ” ဟု ၎င်းက ပြောသည်။

မောင်မောင်ကျေးရွာသည် ခလရ ၂၈၉ တပ်ရင်း၏မြောက်ဘက်ရှိ တပ်နယ်မြေအတွင်း တည်ရှိပြီး ဥယျာဉ်ခင်းလုပ်ကိုင်သည့် ခူမီးလူမျိုးများနေထိုင်ရာ အိမ်ခြေ ၁၀ လုံးခန့်သာရှိသော ရွာငယ်လေးတစ်ရွာဖြစ်သည်ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မိုင်းပေါက်တာက (ခလရ)၂၈၉ ဧရိယာအဝိုင်းမှာ ပေါက်တာပါ။ သူက ဝါးခုတ်ဖို့သွားတာ၊ အဲဒီမှာပေါက်တာ။ ဒဏ်ရာရတဲ့ သူကလည်း စစ်သား (တပ်မတော်သား) မိန်းမ ဖြစ်တယ်။ ရခိုင်သူမတစ်ယောက်ပါ” ဟု အဆိုပါဒေသခံက ပြောသည်။

၂၀၁၉ ဧပြီနှင့် မေလအတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်စဉ်က ကျန်ရှိနေသည့် မြေမြှုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်ကြောင်း ပလက်ဝမြို့မရဲစခန်းမှူး ဦးဝင်းလွင်က ပြောသည်။

“ညာဘက်ခြေထောက် တော်တော်ပြတ်သွားတယ်လို့ ကြားတယ်။ တပ်နယ်မြေထဲမှာ ဖြစ်တာဆိုတော့ တပ်ကဆရာဝန်နဲ့ ကုနေတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး” ဟု ဦးဝင်းလွင်က ပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ခပေါ်ကျေးရွာနေ အမျိုးသမီးတစ်ဦးမှာလည်း ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီ ၄ တွင် တောင်ပေါ်သို့ ထင်းခုတ်ရန်သွားစဉ် မိုင်းနင်းမိ၍ မျက်စိတစ်ဖက်နှင့် ခြေထောက်တစ်ဖက် ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထို့အပြင် မင်းပြားမြို့နယ် စပါးထားကျေးရွာ၌ ဇန်နဝါရီ ၁၀ တွင် လူငယ်တစ်ဦး ကောက်ရလာသည့် စစ်ကျန် ဗုံးသီးတစ်လုံးကို ထုခွဲကြည့်ရာ ပေါက်ကွဲမှုဖြစ်၍ တစ်ဦးသေကာ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ရခိုင်ပြည်နယ်အတွင်း စစ်ကျန်လက်နက်များ၊ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ဒေသခံပြည်သူ ၃၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၆ ဦးအထိ ရှိသည်ဟု စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။

စစ်ဘေးရှောင်များ အန္တရာယ်ကင်းစွာ နေရပ်ပြန်နိုင်ရေး ရခိုင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းခြင်း ပြုလုပ်ပေးရန် ယနေ့ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်း၍ အစိုးရကို တိုက်တွန်းခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button