မြောက်ပိုင်းမဟာမိတ်တပ်များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများသည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး မြို့ပေါ် ရပ်ကွက်များသို့ ကူးစက်လာသောကြောင့် ဒေသခံ ထောင်ချီ ထွက်ခွာနေကြရာ လားရှိုး-သီပေါ အထွက် လမ်းတွင် ပိတ်မိနေကြသည်ဟု သိရသည်။
ယနေ့ (ဇူလိုင် ၈)တွင် လားရှိုး -သီပေါ အထွက်လမ်းတွင် မြို့ကို စွန့်ခွာတိမ်းရှောင်နေသည့် စစ်ရှောင်ကား အစီးရေ တစ်ထောင်ကျော်သည် ပိတ်မိနေကြခြင်း ဖြစ်သည်။
ယမန်နေ့ ညပိုင်းတွင် မြို့ပေါ် အမှတ်(၅) ရပ်ကွက်အနီးရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း အမှတ်(၅၀၇) တပ်ရင်း ဌာနချုပ် သိမ်းပိုက်ခံရပြီးနောက် မြောက်ပိုင်းညီနောင်မဟာမိတ်တို့၏ ထိုးစစ်သည် မြို့ ဝန်းကျင်ရှိ ရပ်ကွက်များ အနီးအထိ ရောက်ရှိလာရာ တိုက်ပွဲများ ပြင်းထန်နေသည်ဟု မြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြော သည်။
“ ဒီနေ့ မနက်တော့ မြို့ ပတ်လည်က ရပ်ကွက်အနီးတွေအထိကို တိုက်ပွဲက ရောက်လာပြီ။ မနေ့ညက ၅၀၇ တပ် ကျသွားပြီဆိုပြီး သတင်းတွေဖလှယ်ကြတာ အဲ့နောက်ပဲ ဂျက်ဖိုက်တာနဲ့ တစ်ညလုံး လာပစ်သွားတယ်။ မနေ့ည က အပြင်းထန်ဆုံးပဲ” ဟု ဆိုသည်။
ယနေ့ နံနက်တွင် ခမရ-၅၀၇ တပ်ရင်းနေရာကို စစ်ကောင်စီဘက်မှ ပြန်လည်ထိုးစစ်ဆင်နေပြီး ပြန်ရရှိသွား သည် ဟု သတင်းများထွက်ပေါ်နေရာ စစ်ကောင်စီက မြို့အနီးဝန်းကျင်တွင် လေကြောင်း၊ လက်နက်ကြီး ပစ်ကူများ ပစ်ခတ်နေကြောင်း ၎င်းက ဆိုသည်။
ထို ခမရ (၅၀၇) တပ်ရင်း ကျသွားမှသာ လားရှိုးမြို့ပေါ်သို့ မဟာမိတ်တပ်များ ဝင်ရောက်နိုင်မည်ဖြစ်ပြီး လားရှိုး လေဆိပ်အနီးရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်မည် ဖြစ်သည်။
လားရှိုးမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ နမ့်ပေါင်တိုက်နယ်ရှိ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ -၂၉၁ တပ်ရင်းဌာနချုပ်ကိုလည်း မဟာမိတ်တပ်များက ဇူလိုင် ၆ ရက်တွင် သိမ်းပိုက်နိုင်ကြောင်း မြို့ခံများက ဆို ကြသည်။
လားရှိုးမြို့အနီးရှိ တိုက်ပွဲများနှင့် ပတ်သက်ပြီး မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များက ယနေ့အချိန်ထိ တစ်စုံ တစ်ရာထုတ်ပြန်ခြင်းမရှိသေးပေ။
မြို့အနီး ရောက်လာသည့် တိုက်ပွဲများကြောင့် ရပ်ကွက်အများစုတွင် နှစ်ဖက်လက်နက်ကိုင်တပ်များ၏ လက် နက်ကြီး ကျရောက်ပေါက်ကွဲမှု အများအပြားရှိနေပြီး အရပ်သားဒေသခံ ၂၀ ဦးကျော် သေဆုံးခဲ့ရကာ စာရင်း အတိအကျ ရရန် ခက်ခဲနေဆဲဖြစ်သည်။
ဇူလိုင် ၄ ရက်အထိ Myanmar Now ၏ စာရင်းများအရ သေဆုံးသူ ၁၃ ဦး ရှိလာကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။
စစ်ကောင်စီက လားရှိုးမြို့အတွင်း Drop ဗုံးများ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရ၍ ကလေးများအပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ တချို့ ဒဏ်ရာရကြောင်း ဇူလိုင် ၄ ရက်တွင် ၎င်းလက်အောက်ခံ မီဒီယာများမှတဆင့် ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် မြို့အနီးရှိထိုးစစ်များကို ခုခံနေရသလို လားရှိုး-သီပေါလမ်း မြို့နှင့် ၁၇ မိုင်အကွာရှိ နောင်မွန် ကျေးရွာတွင်လည်း မဟာမိတ်တပ်များ၏ ထိုးစစ်ကို ခုခံနေရသောကြောင့် ထိုလမ်းကို အသုံးပြုနေသည့် စစ် ရှောင်ကား အစီးရေ တစ်ထောင်ကျော် ယနေ့ ပိတ်မိနေသည်။
လားရှိုး မြို့လယ်အဝိုင်းပတ်မှ စစ်ရှောင်ကားတန်းရှည်သည် မြို့နှင့် ၁၇ မိုင်အကွာက နောင်မွန်ကျေးရွာ အနီးထိ ရောက်ရှိနေပြီး တိုက်ပွဲအခြေနေအား စောင့်ဆိုင်းနေကြကြောင်း လမ်းတွင်ပိတ်မိနေသည့် စစ်ရှောင်အမျိုးသား တစ်ဦးကလည်း ပြောသည်။
“ မနက် ၆ နာရီကတည်းက ရှောင်တာ မြို့ပြင်တောင် မရောက်နိုင်သေးဘူး။ မြို့ထဲ ဘယ်လိုမှ နေလို့ မရတော့ ဘူးလေ။ မနေ့ညတောင် ကျွန်တော့အိမ်နားမှာ လက်နက်ကြီးကျလို့ လူနှစ်ယောက် ပွဲချင်းပြီးသေသွားတာ။ လမ်းမှာလည်း တိုက်ပွဲဖြစ်နေတော့ မတတ်နိုင်ဘူး စောင့်နေရတာပဲ” ဟု ဆိုသည်။
လားရှိုးမြို့ကို စွန့်ခွာသူများသည် လားရှိုး-စဉ့်အင်ဖောင်ဆိပ်-သီပေါ ၉ မိုင်လမ်းခွဲ- နမ့်လန်မှ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့သို့ ဦးတည်တိမ်းရှောင်နေကြပြီး ထိုလမ်းတစ်ခုသာ ကျန်ရှိနေကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။
မြို့ပေါ်တွင် ဒေသအခြေစိုက် အကူညီပေးရေးအဖွဲ့ တစ်ချို့နှင့် တိမ်းရှောင်ရန် ငွေကြေးချို့တဲ့သည့် ဒေသခံအ များစုသာ ကျန်ရှိနေပြီး မြို့ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် သိမ်းရှောင်နေကြပြီဟု မြို့ခံများက ဆိုကြ သည်။
လတ်တလော မြို့ပေါ်ရှိ စက်သုံးဓာတ်ဆီအရောင်းဆိုင်များတွင် ကျပ်ငွေ ငါးသောင်းဖိုးသာ အကန့်အသတ်ဖြင့် ရောင်းချနေကြောင်းနှင့် စျေးဆိုင်ခန်း အများစု ပိတ်သိမ်းထားကြောင်း သိရသည်။
လားရှိုးမြို့အနီးရှိ တိုက်ပွဲများနှင့် ပတ်သက်ပြီး မြောက်ပိုင်းညီနောင်မဟာမိတ်ဖြစ်သည့် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့က တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘဲ တိုက်ပွဲများတွင် ၎င်းနှစ်ဖွဲ့ ဦးဆောင် နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
ဇူလိုင် ၂ ရက် ညသန်းခေါင်ယံတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့က လားရှိုးမြို့ဝန်းကျင် ၁၀ မိုင်ခန့်အကွာရှိ စစ်ကောင်စီတပ်စခန်း ၄ ခုထက်မနည်းကို တစ်ပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ယနေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်း ဖြစ်သည်။
လားရှိုးနှင့်အနီးတစ်ဝိုက်မြို့များသည် ယခုနှစ်ဆန်းကတည်းက မြောက်ပိုင်းမဟာမိတ်တပ်များက ထိန်းချုပ် ထားရာ နယ်စပ်ထွက်ပေါက် လားရှိုးမြို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်ခွင့်ရခဲ့ခြင်း ဖြစ်သည်။



