သတင်း

လားရှိုးမြို့အနီးရှိ စခန်း ၄ ခုကို မြောက်ပိုင်းတပ်များ တစ်ပြိုင်နက်ဝင်တိုက်

လားရှိုးမြို့တွင် MNDAA, TNLA ဦးဆောင်သော မြောက်ပိုင်းတပ်များ ထိုးစစ်ဆင်သဖြင့် တိုက်ပွဲပြင်းထန်နေသည်၊ ရပ်ကွက်အတွင်း လက်နက်ကြီးကျည်ကျသဖြင့် အရပ်သား ၆ ဦး သေဆုံးသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးရှိ စစ်စခန်း ၄ ခုကို ယမန်နေ့ (ဇူလိုင် ၂) ညတွင် မြောက်ပိုင်းမဟာမိတ်တပ်များက တစ်ပြိုင်နက်ထိုးစစ်ဆင်နေရာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မြို့နှင့် ၁၀ မိုင်ခန့် အကွာ လားရှိုး-မိုင်းယော်လမ်း မိုင်းတင်တပ်စခန်း၊ လားရှိုး-သီပေါလမ်း မန်စံရေကျ တပ်စခန်း၊ လားရှိုး-မိုင်းရယ်လမ်း နမ့်ပေါင်တပ်စခန်း၊ လားရှိုး-နမ္မတူလမ်း ညောင်ကုန်းတပ်စခန်းတို့ကို ည ၁၁ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြို့ပေါ်ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိ အမြောက်တပ်၊ ဆင်တောင်၊ ခလရ (၄၁) တပ်၊ ခလရ (၆၈) တပ်စခန်းတို့က တိုက်ပွဲဖြစ်ပွားသည့် နေရာကို ယနေ့ နံနက် ၁၁ နာရီအထိ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ကူနေသည်ဟု လားရှိုးမြို့ခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“မနေ့ညကနေ အခုထိ လက်နက်ကြီး ပစ်ကူနေတာ။ ရမခတိုင်းရုံးမှာလည်း ဟက်စကီး အတက်အဆင်းလုပ်နေတယ်။ တိုက်လေယာဉ်နဲ့လည်း ပစ်ကူနေတယ် ကြားတယ်။ မြို့ပေါ်မှာလည်း လက်နက်ကြီးတွေ ကျတယ်၊ စကစ ပစ်တာလား၊ မဟာမိတ်တွေလား မသိရဘူး” ဟု သူက ဆိုသည်။

စစ်ကောင်စီတပ်စခန်းနှင့် နီးသည့် မြို့ပေါ်နေရာတချို့တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ၊ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုများရှိနေပြီး အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း ထိုအမျိုးသားက ဆိုသည်။

ယနေ့နံနက် ၇ နာရီခန့်က မြို့ပေါ် အမှတ် (၁) ရပ်ကွက်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့၍ ဒေသခံ အရပ်သား ၆ ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း မြို့ခံများက ဆိုသည်။

သေဆုံးသူများမှာ ၁၄ နှစ်အရွယ် မောင်ဇယ်ဇောင်း၊ အသက် ၁၅ နှစ်အရွယ်များဖြစ်သော မောင်ဒွဲအောင်နှင့် မဇယ်ညွယ်၊ အသက် ၃၀ ဝန်းကျင်များဖြစ်သော ဦးဆိုင်းခွမ်၊ မမေရီနှင့် အသက် ၇၀ အရွယ် ဒေါ်မာဂျီဆိုသူတို့ ဖြစ်သည်။

လားရှိုးမြို့ပေါ်ရှိ စျေးဆိုင်ခန်းများနှင့် မြို့မစျေးကြီးတွင် ဆိုင်ခန်းအနည်းငယ်သာ ဖွင့်လှစ်ကြပြီး ဒေသခံ သွားလာလှုပ်ရှားမှု အနည်းငယ်သာရှိနေသည်။

မြို့လယ်ခန်းမတွင် တပ်စွဲထားသည့် အမြောက်တင့်ကားများ၊ မြို့ပေါ်ရှိ ပြည်သူ့စစ်တပ်ဖွဲ့များ မြို့အဝင်အထွက်တပ်စခန်းများသို့ ပြောင်းရွှေ့ထားသည်ဟု သိရသည်။

စစ်ကောင်စီတပ်က မြို့အဝင်အထွက်ကို နံနက် ၈ နာရီကျော်ကတည်းက ပိတ်ဆို့လိုက်သဖြင့် မြို့တွင်းမှ ထွက်ခွာတိမ်းရှောင်မည့် ဒေသခံအများအပြားပိတ်မိနေကြောင်း၊ လားရှိုးလေဆိပ်ရှိ လေယာဉ်ခရီးစဉ်များလည်း ရပ်ဆိုင်းထားကြောင်း မြို့ခံတချို့က ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ နမ့်ပေါင်၊ မန်စံရေကျနှင့် ညောင်ကုန်းတပ်စခန်းများအနီး နယ်မြေတို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) လှုပ်ရှားရာ နယ်မြေများဖြစ်ပြီး မိုင်းတင်တပ်စခန်းအနီးဝန်းကျင်သည် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) အဓိကလှုပ်ရှားရာ နယ်မြေတို့ဖြစ်ကြောင်း၊ ထိုနှစ်ဖွဲ့က ယခုထိုးစစ်ကို ဦးဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

ထိုစခန်းများသည် လားရှိုးမြို့ကို ဝင်ရောက်နိုင်သည့် အရေးပါသည့်လမ်းကြောင်းတွင် တည်ရှိပြီး စစ်ကောင်စီကလည်း ရှေ့တန်းခုခံစစ်အတွက် ပြင်ဆင်ထားသည့် တပ်စခန်းများ ဖြစ်သည်။

တိုက်ပွဲအခြေနေများနှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ မဟာမိတ်အဖွဲ့တို့က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယနေ့ နံနက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာနှင့် မိုင်းရယ်မြို့အကြားရှိ နမ္မဗောဒကျေးရွာက ကွန်ကရစ်တံတားကို MNDAA က ထိန်းချုပ်လိုက်နိုင်ပြီး စစ်ကောင်စီတပ်နှင့် MNDAA တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသအခြေစိုက် ရွှေဖီမြေသတင်းတွင် ဖော်ပြထားသည်။

ဇွန် ၂၅ ရက်တွင် စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ တွင် TNLA ဦးဆောင်သည့် ပူးပေါင်းတပ်များက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်နေရာ MNDAA တပ်ဖွဲ့က ပါဝင်နေကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော်လည်း လားရှိုးထိုးစစ်တွင် MNDAA ပါဝင်နေသည်ဟု ဒေသခံများက ပြောသည်။

မြောက်ပိုင်းမဟာမိတ်တပ်များနှင့် စစ်ကောင်စီတို့ ရှမ်းမြောက်ဒေသတွင် အပစ်ရပ်ထားစဉ် ဇွန်လဆန်းက TNLA တပ်စခန်းတချို့ တိုက်ခိုက်ခံရပြီးနောက် စစ်ရေး ပြန်လည်တင်းမာလာကာ မြောက်ပိုင်းမဟာမိတ်တပ်များက လားရှိုးမြို့အနီးသို့ ဝင်ရောက်လာသည်ဟု သတင်းများထွက်လာသေးသည်။

စစ်ကောင်စီက ထိုစဉ်ကတည်းက စစ်ရေးပြင်ဆင်ကာ မြို့အဝင်အထွက်ပိတ်ထားခဲ့ပြီး အစစ်အဆေးတင်းကျပ်ခဲ့သဖြင့် ဒေသခံအများစု ထွက်ခွာရန် အခွင့်မသာခဲ့ပေ။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် ယခုနှစ်ဆန်းတည်းက လားရှိုးမြို့မှအပ ကျန်နီးစပ်ရာမြို့များကို သိမ်းပိုက်ထားပြီးဖြစ်သည်။

လားရှိုးမြို့ အနောက်ဘက်တွင် TNLA သိမ်းပိုက်ထားသည့် နမ္မတူမြို့ရှိပြီး တောင်ဘက်တွင် MNDAA သိမ်းထားသည့် သိန္နီမြို့ တည်ရှိသည်။ TNLA သည် မြို့အရှေ့ဘက် မိုင်းယော်တိုက်နယ်ကို ထိန်းချုပ်သည့် မိုင်းကျက်တပ်စခန်းနှင့် မြောက်ဘက်ရှိ သီပေါမြို့အသွား လမ်းမကြီးကို ထိန်းချုပ်ထားသည်။

ထိုကဲ့သို့ စစ်ရေးတင်းမာနေစဉ်အတောအတွင်း စစ်ကောင်စီသည် ဆက်သွယ်ထားသည့် တံတားငါးစင်းကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း TNLA က ဇွန် ၂၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ဇွန် ၂၅ ရက်တွင် မန်ပွဲရွာတံတား၊ ဆွတ်လန်းတံတား၊ မန်စံရေကျတံတား၊ ဇွန် ၂၇ ရက်တွင် လားရှိုး – မန်စံနှင့် လားရှိုး – မန်ပွဲကို ဆက်သွယ်ထားသော တံတား ၂ စင်းတို့ကို ဖျက်ခဲ့သည်ဟု ဆိုသည်။

ထိုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိပေ။

ဇွန် ၂၉ ရက်ကလည်း လားရှိုးမြို့အနီး MNDAA တပ်စွဲသည့်နေရာ ဝင်ရောက်တိုက်ခိုက်ခံရသဖြင့် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့သည်ဟု MNDAA ၏ စစ်ရေးသတင်းများအမြဲဖော်ပြလေ့ရှိသော The Kokang ၏ Facebook Page တွင် သတင်းထုတ်ပြန်ထားသည်။

ယင်းနေ့ နံနက် ၈ နာရီခန့်တွင် ခြေမြန်တပ်ရင်း (၅၇၉) က ဝင်ရောက်တိုက်ခိုက်ရာ မဟာမိတ်တပ်များက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ ဇွန် ၂၃ ရက် နံနက်ကလည်း လားရှိုးမြို့အရှေ့ဘက် ၁၀ မိုင်ကျော်အကွာ ပိန်းခမ်းကျေးရွာအနီး MNDAA တပ်ဖွဲ့ လှုပ်ရှားသည့်နေရာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သောကြောင့် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောကြသည်။

ယခုနှစ်ဆန်းက တရုတ်၏ ကြားဝင်မှုဖြင့် ရှမ်းမြောက်တွင် ယခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့က စတင်ပြီး ယာယီအပစ်ရပ်ထားကြသော်လည်း ယခု တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားနေကာ TNLA ဦးဆောင်၍ “၁၀၂၇စစ်ဆင်ရေး” ဒုတိယပိုင်းအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းနယ်စပ် ၄ မြို့နယ်တွင် ထိုးစစ်များ ရှိလာသည်။

မန္တလေးတိုင်း မိုးကုတ်အနောက်ခြမ်း၊ ရှမ်းပြည်နယ် မိုးမိတ်၊ နောင်ချို၊ ကျောက်မဲမြို့နယ်တို့ တွင် တိုက်ပွဲများပြင်းထန်နေသလို ပူးပေါင်းတပ်ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ကလည်း မန္တလေးမြို့မြောက်ဘက် မတ္တရာမြို့နယ်တွင် စခန်းသိမ်းတိုက်ပွဲများ တစ်ပြိုင်နက် ပြုလုပ်နေသည်။

Show More

Related Articles

Back to top button