
ယာယီအပစ်ရပ်ထားကြသည့် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ် (MNDAA) တို့ ယမန်နေ့ (ဇွန် ၂၃) နံနက်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အရှေ့ဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောကြသည်။
နံနက် ၈ နာရီခန့်တွင် လားရှိုးမြို့အရှေ့ဘက် ၁၀ မိုင်ကျော်အကွာ ပိန်းခမ်းကျေးရွာအနီး MNDAA တပ်ဖွဲ့ လှုပ်ရှားသည့်နေရာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သောကြောင့် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။
လားရှိုးမြို့နှင့် မိုင်းယော်တိုက်နယ်အကြားရှိ ထိုကျေးရွာအနီး စစ်ကြောင်းထိုးလာသူများမှာ ကျေက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၁၁၅ မှ တပ်သားများဖြစ်သည်ဟု အထက်ပါ အမျိုးသားက ဆိုသည်။
“စစ်ကောင်စီက စစ်ကြောင်းထိုးလို့ဖြစ်တာ။ ရွာထဲတော့ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး ရွာအပြင်ဘက်မှာ ဖြစ်ကြတာ။ ဒီနေ့မနက်အထိ ပြန်ငြိမ်နေတယ်” ဟု ထိုသူက ပြောသည်။
ယခုတိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သတ်ပြီး MNDAA က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို MNDAA ၏ ပြောရေးဆိုခွင့်ရှိသူနှင့် အဆက်သွယ်မရသေးပေ။
ယခုနှစ်ဆန်းက တရုတ်၏ ကြားဝင်မှုဖြင့် ရှမ်းမြောက်တွင် ယခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့က စတင်ပြီး ယာယီအပစ်ရပ်ထားကြသည့် MNDAA နှင့် စစ်တပ်တို့ ရှမ်းပြည်နယ် လားရှိုးမြို့အနီး တိုက်ပွဲဖြစ်ပွားမှုသည် ယခု ဒုတိယအကြိမ်ဖြစ်သည်။
ယခုနှစ် မတ်လ နောက်ဆုံးပတ် မတ် ၂၆ ရက်က လားရှိုးမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ပိန်းကိုင်ရွာနှင့် လုံမွန်းရွာတို့အကြား MNDAA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားထားသည်။
စစ်ကောင်စီထိန်းချုပ်သော နယ်စပ်ထွက်ပေါက် လားရှိုးမြို့အနီး ယခုလအတွင်း မြောက်ပိုင်းအဖွဲ့ဝင်တပ်များ ရောက်ရှိနေသည်ဟု သတင်းများထွက်လာပြီး စစ်ကောင်စီကလည်း မြို့အနီးတွင် စစ်ရေးပြင်ဆင်နေသည်။
စစ်ကောင်စီသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့ကို ကာကွယ်ရန် မြို့အနီး တပ်စခန်းသစ်များ၊ လက်နက်ကြီးပစ်ကွင်းများ၊ ဒရုန်းတပ်ဖွဲ့များနှင့် အင်အားဖြည့်တင်းထားပြီး ဇွန်လလယ်မှ စတင်၍ မြို့အဝင်အထွက် ပိတ်ထားသည်။

လားရှိုးမြို့မှအပ ကျန်နီးစပ်ရာမြို့များကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ယခုနှစ်ဆန်းတည်းက သိမ်းပိုက်ထားပြီး ဖြစ်သည်။
လားရှိုးမြို့ အနောက်ဘက်တွင် TNLA သိမ်းပိုက်ထားသည့် နမ္မတူမြို့ရှိပြီး တောင်ဘက်တွင် MNDAA သိမ်းထားသည့် သိန္နီမြို့ တည်ရှိသည်။ TNLA သည် မြို့အရှေ့ဘက် မိုင်းယော်တိုက်နယ်ကို ထိန်းချုပ်သည့် မိုင်းကျက်တပ်စခန်းနှင့် မြောက်ဘက်ရှိ သီပေါမြို့အသွား လမ်းမကြီးကို ထိန်းချုပ်ထားသည်။
စစ်ကောင်စီသည် မြောက်ပိုင်းအဖွဲ့ဝင် MNDAA နှင့် တိုက်ပွဲဖြစ်ပွားမှု ၂ ကြိမ်သာရှိသေးသော်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းတပ် (TNLA) ၊ ရခိုင်တပ် (AA) တို့နှင့် တိုက်ပွဲများ ရှမ်းပြည်နယ်ပြင်ပတွင် ဆက်တိုက် ဖြစ်ပွားနေသည်။
မန္တလေးတိုင်းအတွင်း တိုက်ပွဲဖြစ်လာ
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ထိစပ်နေသည့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် ဇွန် ၂၂ ရက် နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်နှင့် TNLA တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု သိရသည်။
မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ အောက်ပိန်းပြစ်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များက TNLA တည်ရှိရာ အထက်ပိန်းပြစ်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သောကြောင့် နာရီဝက်ခန့် တိုက်ပွဲဖြစ်ခဲ့သည်ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောသည်။
“စစ်ကောင်စီက တပ်ပြန်ဆုတ်လိုက်တော့ တိုက်ပွဲက ငြိမ်သွားတာ။ မိုးကုတ်မှာက စစ်တပ်ရဲ့ ကင်းထောက်ဒရုန်းတွေ မကြာခဏ ပျံနေတယ်။ တစ်ခါတလေ တိုက်လေယာဉ်တွေလည်း ပျံနေတာပဲ”
တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က အတည်ပြုထားပြီး ထိုနေ့ မွန်းလွဲ ၃ နာရီခွဲတွင် စစ်ကောင်စီတပ်က အထက်ပိန်းပြစ်ရွာကို ဒရုန်းဖြင့် ဗုံးသီးချခဲ့သောကြောင့် ကျေးရွာဘုန်းကြီးကျောင်းမှ ကျောင်းဆောင်တစ်ခု ထိခိုက်ပျက်စီးခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။
ပိန်းပြစ်ရွာသည် မိုးကုတ်မြို့ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်သည့်နေရာဖြစ်သလို မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တို့ ထိစပ်နေသည့် အချက်အချာကျရာနေရာလည်း ဖြစ်သည်။

ထိုနေရာများအနီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မိုးကုတ်ခရိုင်တပ်ရင်းများ၊ MDY PDF ဟု လူသိများသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ဖွဲ့ဝင်များလည်း အခြေချလှုပ်ရှားနေသည်။
ဇွန် ၂၀ ရက်တွင် မိုးကုတ်မြို့အောက်ဘက် ကျောက်မဲမြို့နယ်အတွင်းရှိ ဟိုဝိတ်ကျေးရွာကိုလည်း လေတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်တစ်အိမ် ထိခိုက်ခဲ့ပြီး ရွာခံတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA ဘက်က ဆိုသည်။
ယခုလအတွင်း မန္တေလးတိုင်းနှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှု ဆယ်ချီ လုပ်ခဲ့သလို နောင်ချို-မိုးကုတ် လမ်းပိုင်းပေါ်ရှိ ဆမ္မဆယ်ရွာအနီးရှိ TNLA တပ်စခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။
ထိုတပ်စခန်း တိုက်ခိုက်ခံရမှုများအတွင်း ၎င်းတို့ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့ကြောင်း TNLA ဘက်က အတည်ပြုထားပြီး ဒေသခံ အနည်းဆုံး ၅ ဦး ဒဏ်ရာရခဲ့သည်။
တရုတ်၏ကြားဝင်မှုကြောင့် ဟိုင်ဂင်သဘောတူညီချက်ဖြင့် ၆ လနီးပါး ယာယီအပစ်ရပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA ရရှိသွားသော မြို့များကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်နေသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး အပစ်ရပ်သဘောတူညီချက်ကို စစ်ကောင်စီက ချိုးဖောက်နေသည်ဟု TNLA က တုံ့ပြန်ထားသည်။
လတ်တလောတွင် TNLA သိမ်းပိုက်ထားသည့် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့အပါအဝင် လားရှိုးမြို့အနီးရှိ နမ္မတူ၊ နမ့်ဆန်မြို့တို့တွင် စစ်ကောင်စီတပ် ကင်းထောက်ဒရုန်းများ နေ့စဉ်ပျံသန်းနေကြောင်း ဒေသခံများက ဆိုကြသည်။