သတင်း

လားရှိုးတွင် လက်နက်ကြီးကျည်ကျ၍ သေဆုံးသူ ၁၃ ဦးအထိရှိလာ

လားရှိုးတိုက်ပွဲတွင် ၂ ရက်အတွင်း အရပ်သား ၁၃ ဦး သေဆုံးသွားသည်၊ တော်လှန်ရေးအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ထားသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ နှစ်ရက်အတွင်း အရပ်သားသေဆုံးမှု ၁၃ ဦးအထိ ရှိလာသည်။

ယနေ့ (ဇူလိုင် ၄) နံနက် ၇ နာရီခန့်တွင် အမှတ် (၉) ရပ်ကွက်အတွင်း သားအမိနှစ်ဦး သေဆုံးသွားကြောင်း၊ နံနက် ၁၁ နာရီကျော်တွင် အမှတ် (၁၁) ရပ်ကွက် ပညာရေးကောလိပ်အနောက်ဘက်တွင် အမျိုးသား ၃ ဦး သေဆုံးသွားကြောင်း သိရသည်။

ယနေ့ သေဆုံးသူများ၏ အချက်အလက်အသေးစိတ် မသိရသေးပေ။

ယမန်နေ့ နံနက် ၇ နာရီက အမှတ် (၁) ရပ်ကွက်တွင် ၆ ဦး၊ ညနေ ၅ နာရီခန့်ကလည်း အမှတ် (၅) ရပ်ကွက်ရှိ ပန်အုပ်ဘုန်းတော်ကြီးကျောင်းတွင် ၃ ဦး သေဆုံးခဲ့သည်။

ပန်အုပ်ဘုန်းကြီးကျောင်းတွင် သေဆုံးသူတို့မှာ အသက် ၁၃ နှစ်ခန့်အရွယ် ကလေးတစ်ဦးနှင့် အမျိုးသားငယ်နှစ်ဦးဖြစ်သည်ဟု ထိုနေရာမှ အလောင်းများကောက်ယူခဲ့သော လူမှုကူညီရေးအသင်းတစ်ခုမှ အမျိုးသားတစ်ဦးက ပြောသည်။

“ပန်အုပ် ဘုန်းတော်ကြီးစာသင်ကျောင်းမှာ လက်နက်ကျလို့ ၃ ယောက်သေတယ်။ ဘုန်းကြီးကျောင်းထဲမှာ ၂ ယောက်သေတယ်။ ဘုန်းကြီးကျောင်း အပြင်နားမှာ ၁ ယောက်သေတယ်” ဟု ထိုသူက ပြောသည်။

“ဒဏ်ရာရတဲ့သူက ၄ ယောက်ရှိတယ်။ ကိုရင်တစ်ပါး ဦးဇင်းတစ်ပါးနဲ့ အမျိုးသမီး ၂ ဦး”

ထို့ကြောင့် ၂ ရက်တာအတွင်း မြို့ပေါ် အမှတ် ( ၁၊ ၅၊ ၇၊ ၉၊ ၁၀၊ ၁၁၊ ၁၂ ) ရပ်ကွက်တို့တွင် လက်နက်ကြီး ၁၀ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဆယ်ကျော်သက်များအပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း မြို့ခံများက ပြောသည်။

ဇူလိုင် ၃ ရက်နေ့ သေဆုံးမှုများမှာ တော်လှန်ရေးအဖွဲ့များက ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု စစ်ကောင်စီက ထိုနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ ထိုအဖွဲ့များက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဇူလိုင် ၂ ညသန်းခေါင်ယံတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့က လားရှိုးမြို့ဝန်းကျင် ၁၀ မိုင်ခန့်အကွာရှိ စစ်ကောင်စီတပ်စခန်း ၄ ခုထက်မနည်းကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယနေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

ပန်အုပ်ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျ၍ မီးလောင်နေသောကားတစ်စီးကို ငြှိမ်းသတ်နေကြစဉ်။ (ဓာတ်ပုံ-Sai Tiger Tai)

လားရှိုးမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ပြီး စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များရှိသော်လည်း မြို့ဝန်းကျင် နေရာအများစုကို မြောက်ပိုင်းမဟာမိတ်တပ်များက ယခုနှစ်ဆန်းကတည်းက “၁၀၂၇” စစ်ဆင်ရေးကာလတွင် သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်သည်။

ရမခတည်ရှိရာ လားရှိုးမြို့ကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီကလည်း ကြိုတင်ပြင်ဆင်ထားရာ ပြီးခဲ့သည့် ဇွန်လကတည်းက စစ်ရေးတင်းမာနေသည်။

တိုက်ပွဲဖြစ်ရာနေရာသို့ ပစ်ကူပေးနေသည့် မြို့ပေါ် အခြေစိုက်ထားသည့် စစ်ကောင်စီအမြောက်တပ်များ ပစ်ခတ်ရာတွင် မြို့တွင်းလည်း ကျရောက်ပေါက်ကွဲနိုင်သောကြောင့် စိုးရိမ်ရကြောင်း မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“တစ်မြို့လုံးကို ပတ်ချာလည်ပြီး လက်နက်ကြီး ပစ်ကူနေတာလေ။ ဘယ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးက ဘယ်အကွာအဝေးကျမလဲ ဘယ်သူ့မှ မပြောနိုင်ဘူး။ လက်နက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် မြို့ထဲကို ကျနေလို့ အချိန်မရွေး ကိုယ့်ပေါ်လည်း ကျရောက်နိုင်တယ် သတိထားနေရတယ်။ တစ်မြို့လုံးက စိုးရိမ်နေတာပဲ” ဟု သူက ပြောသည်။

မြို့ခံများ ထွက်ပြေးရန် အခွင့်မသာ

မြို့အနီး တိုက်ပွဲများပြင်းထန်နေသော်လည်း စစ်ကောင်စီက ပိတ်ဆို့ထားသောကြောင့် မြို့တွင်းမှ ထွက်ခွာတိမ်းရှောင်ရန် အခက်ခဲဖြစ်နေကြောင်း မြို့ခံများက ဆိုသည်။

မြို့ကို စွန့်ခွာထွက်ပြေးမည့် ဒေသခံများသည် လားရှိုး-မိုင်းရယ်နှင့် လားရှိုး-သီပေါ လမ်း ၂ ခုသာ ကျန်ရှိနေပြီး ထိုလမ်းများတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လမ်းများကို ပိတ်ဆို့ထားသည်။

စစ်ကောင်စီက မြို့အထွက်ကို ခွင့်ပြုပေးသော်လည်း တိုက်ပွဲကြောင့် နောက်ပြန်ဆုတ်လာသည့် စစ်ရှောင်များကို မြို့တွင်းသို့ ပြန်ဝင်ခွင့်မပေးကြောင်း မြို့ခံ အမျိုးသမီး နောက်တစ်ဦးက ဆိုသည်။

“မြို့အထွက်ပဲရတယ်၊ ကျော်သွားရင် ကိုယ့်ဖြစ်ကိုယ့်ခံပဲဆိုတဲ့ သဘော။ မြို့ထဲ ပြန်ဝင်လာလို့ မရတော့ဘူး။ လမ်းမှာ ပိတ်မိနေတဲ့ မိတ်ဆွေတွေရှိတယ်” ဟု ၎င်းက ပြောသည်။

“လမ်းမှာလည်း တိုက်ပွဲတွေဖြစ်နေတော့ မြို့က ထွက်သွားပြီး အဆက်အသွယ်တွေ မရတော့တာမျိုးလည်း ရှိနေတယ်။ အားလုံးကတော့ မြို့ထဲကနေ တိမ်းရှောင်လို့ရတဲ့ အခြေအနေပဲ စောင့်နေကြတာ”

မြို့ခံတချို့ကမူ လားရှိုး-သီပေါလမ်းအတိုင်း စဉ့်အင်ဖောင်ဆိပ်မှတစ်ဆင့် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းနေကြသည်များလည်း ရှိသည်။

စဉ့်အင်ဖောင်ဆိပ်တွင် ကမ်းကူးရန် စောင့်ဆိုင်းနေသော ယာဉ်တချို့ကို ယမန်နေ့ ဇူလိုင် ၃ နံနက်က တွေ့ရ စဉ်။ (ဓာတ်ပုံ- Nya Myo)

လားရှိုးလေယာဉ်ခရီးစဉ်များကိုလည်း ဇူလိုင် ၃ ရက်ကတည်းက ရပ်ဆိုင်းထားသည်။

လားရှိုး-မိုင်းရယ် လမ်းမပေါ်မှ နမ့်ပေါင်တိုက်နယ်နှင့် လားရှိုး-သီပေါ လမ်းမပေါ်က မန်စံ၊ နောင်မွန်ကျေးရွာတို့တွင် ယနေ့ မွန်းလွဲတွင် တိုက်ပွဲများ ပြင်းထန်နေပြီး နမ့်ပေါင်တိုက်နယ်ဆေးရုံ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

မြို့ပေါ် ရမခဌာနချုပ်ရှိ အမြောက်တပ်၊ ဆင်တောင်၊ ခလရ (၄၁) တပ် ၊ ခလရ (၆၈)၊ ခလရ (၃၅၄) နှင့် ဆက်သွယ်ရေးတပ်စခန်းတို့က မြို့အနီးဝန်းကျင်ကို မိနစ်အနည်းငယ်သာ ခြားပြီး လက်နက်ကြီးများဖြင့် တစ်နေကုန် ပစ်ခတ်နေသည်ဟု မြို့ခံများက ဆိုကြသည်။

လားရှိုးမြို့မစျေးကြီး ယနေ့ ဖွင့်လှစ်ခဲ့ခြင်းမရှိဘဲ မြို့ပေါ်ရှိ စျေးဆိုင်ခန်း အနည်းငယ်က ဖွင့်လှစ်ကာ ဒေသခံများ မြို့တွင်း သွားလာလှုပ်ရှားမှု အနည်းငယ်သာရှိသည်ဟု သိရသည်။

လားရှိုးမြို့ခံတချို့ကလည်း လက်နက်ကြီးနှင့် လေကြောင်းရန်ကြောင့် ဗုံးခိုကျင်းများ ပြင်ဆင်နေကြပြီး နေအိမ်များအတွင်း အကာအကွယ်အနေဖြင့် သဲအိတ်များဖြင့် ပြင်ဆင်နေကြကြောင်း သိရသည်။

ရမခ ဌာနချုပ်စခန်းမှ စစ်ကားများသည် မြို့အနီးရှိ တပ်စခန်းများတွင် အင်အားဖြည့်တင်းနေပြီး Y-12 ထောက်ပို့လေယာဉ်များဖြင့်လည်း အမှတ် (၉) ရပ်ကွက်ရှိ ဆင်တောင်တပ်စခန်းအနီး လေထီးဖြင့် လက်နက်ရိက္ခာများ ပို့ဆောင်ပေးနေသည်။

တိုက်ပွဲအခြေနေများနှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ မဟာမိတ်အဖွဲ့တို့က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

သို့ရာတွင် MNDAA လည်း လားရှိုးမြို့တိုက်ပွဲတွင် ပါဝင်နေကြောင်း မဟာမိတ်ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါက်တာစိုးသူရဇော်က Myanmar Now ကို ယမန်နေ့က အတည်ပြုသည်။

“ဒီတစ်ကြိမ် ၁၀၂၇ ရဲ့ ဒုတိယလှိုင်းမှာ မဟာမိတ် TNLA အပါအဝင် ကျွန်တော်တို့ ကိုးကန့်တပ်လို့ ခေါ်ကြတဲ့ MNDAA ကလည်း လားရှိုးမှာ ထိုးစစ်ဆင်နေပြီပေါ့” ဟု သူက ဆိုသည်။

လားရှိုးမြို့အနီး ပြင်းထန်နေသော တိုက်ပွဲများကြောင့် MNDAA, TNLA တို့ ထိန်းချုပ် သိမ်းပိုက်ထားသည့် မြို့နယ်များတွင် လေကြောင်းရန်ကြောင့် မြို့ပေါ်စာသင်ကျောင်းများ ယာယီပိတ်ထားကြောင်း မြို့ခံများထံမှ သိရသည်။

ယမန်နေ့ ညသန်းခေါင်ယံတွင် MNDAA ထိန်းချုပ်သိမ်းပိုက်ထားသည့် သိန္နီမြို့ပေါ် ရဲစခန်းအနီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး နေအိမ် ၁၀ လုံးထက်မနည်း ထိမှန်ပျက်စီးခဲ့သည်။

Show More

Related Articles

Back to top button