
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲရလဒ်ထက် ပိုမိုဂုဏ်သိက္ခာရှိသည့် အနိုင်ရလဒ်နှင့် လွဲချော်ခဲ့ပြီးနောက် လာမည့် ဩဂုတ်လတွင် ပါတီညီလာခံခေါ်ယူ၍ ခေါင်းဆောင်များ၏ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုလိုက်သည်။
“၂၀၁၅ ရလဒ်ထက်ပိုပြီး ဂုဏ်သိက္ခာရှိတဲ့ ရလဒ်တစ်ခုရမယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ ကျွန်တော်တို့ကြိုးစားခဲ့တာ” ဟု နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးချုပ်၌ ဇန်နဝါရီ ၁၁ တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာနန္ဒာလှမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီသည် အစိုးရဖွဲ့နိုင်ရေးအတွက် အရေးပါသည့် ပြည်ထောင်စုလွှတ်တော်နေရာများအနက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၄၁ နေရာ အနိုင်ရခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ၃၃ နေရာသာ အနိုင်ရခဲ့သည်။
ထိုကဲ့သို့သောအခြေအနေကြောင့် ပါတီတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရန်ရှိမရှိ သတင်းထောက်များက မေးမြန်းသည့်အခါ လက်ရှိ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ငါးနှစ်သက်တမ်းမှာ လာမည့် ဩဂုတ်လတွင် ပြည့်မည်ဖြစ်၍ တတိယအကြိမ် ပါတီညီလာခံခေါ်ယူ၍ ပါတီဦးဆောင်သူများ၏ အခန်းကဏ္ဍကို ပြန်လည်ဆုံးဖြတ်ရန်ရှိကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောကြားခဲ့သည်။
“မကြာခင်မှာ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်နဲ့ တိုင်း၊ ပြီးရင် ဗဟိုညီလာခံလာမယ်” ဟု ၎င်းက ဆိုသော်လည်း လုပ်ငန်းစဉ်အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မပြုသေးပေ။
ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယအကြိမ်ညီလာခံကို ၂၀၁၆ ဩဂုတ်လအတွင်း ကျင်းပခဲ့ပြီး ပါတီဥက္ကဋ္ဌတာဝန်ကို ဦးသန်းဌေးက သမ္မတဟောင်းဦးသိန်းစိန်ထံမှ လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။
ဦးသန်းဌေး ပြည်ခိုင်ဖြိုးဥက္ကဋ္ဌဖြစ်လာပြီး ပထမဆုံးအကြိမ်ပြုလုပ်သည့် ၂၀၁၆ ခုနှစ် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ထိုက်သင့်သည့် အောင်မြင်မှုရရန် ကြိုးစားသွားမည်ဟု ဦးသန်းဌေးက ကတိပေးပြောကြားခဲ့ဖူးသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နေပြည်တော် ဇေယျာသီရိမဲဆန္ဒနယ်တွင် အနိုင်ရခဲ့သော်လည်း ပါတီတစ်ခုလုံးအနေဖြင့် နေရာအနည်းငယ်သာ အနိုင်ရရှိခဲ့သည့်အတွက် ပါတီဥက္ကဋ္ဌတစ်ဦးအနေဖြင့် တာဝန်ယူရမည်ဖြစ်ကြောင်း ၂၀၂၀ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၀ တွင် ပြည်ခိုင်ဖြိုး၏ Facebook စာမျက်နှာတွင် လွှင့်တင်သည့် ဗီဒီယိုဖိုင်တွင် ဦးသန်းဌေးက ပြောဆိုခဲ့သည်။
“ဘယ်လိုပဲဖြစ်ပါစေ၊ ပါတီခေါင်းဆောင်တစ်ယောက်အနေနဲ့တော့ နောက်ဆုံးထွက်ပေါ်လာတဲ့ ရလဒ်အတွက် တာဝန်ယူရမှာဖြစ်ပါတယ်။ မိမိတို့မျှော်မှန်းတဲ့အဆင့်ထိ အောင်မြင်မှုရခြင်း မရခြင်းအပေါ်မှာ ပါတီခေါင်းဆောင်အနေနဲ့ တာဝန်ရှိတယ်လို့ပဲ ခံယူပါတယ်” ဟု ဦးသန်းဌေးက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၈ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး မဲဆန္ဒနယ်စုစုပေါင်း ၁,၁၁၇ နေရာအနက် လက်ရှိ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရရှိခဲ့သည်။