ရွေးကောက်ပွဲ

ရခိုင်နှင့်ရှမ်းတွင် ရွေးကောက်ပွဲ အမြန်ကျင်းပဖို့ တပ်က ထပ်တောင်းဆို

နို၀င်ဘာလက ရွေးကောက်ပွဲ မဖြစ်မြောက်ခဲ့သည့် ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်ရှိ မြို့နယ်များတွင် ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပပေးရန် တပ်မတော်က ယမန်နေ့ (ဇန်နဝါရီ ၇) တွင် တောင်းဆိုလိုက်သည်။ 

နိုင်ငံသားများ၏ ဒီမိုကရေစီနှင့် လွှတ်တော်အမတ်များမှတစ်ဆင့် ဖော်ဆောင်ပေးမည့် ဒီမိုကရေစီအခွင့်အရေးများ မဆုံးရှုံးစေရန် ရခိုင်ပြည်နယ်ရှိ ၉ မြို့နယ်နှင့် ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်တို့တွင် ရွေးကောက်ပွဲ ပြန်ကျင်းပပေးရန် သက်ဆိုင်ရာအဖွဲ့အစည်းများကို တပ်မတော်က တိုက်တွန်းခဲ့သည်။

“ပါတီစုံဒီမိုကရေစီစနစ်၌ လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်း၊ မိမိဒေသနှင့် ဒေသခံလူထုကို ကိုယ်စားပြုသည့် ကိုယ်စားလှယ် ရွေးကောက်ပွဲမှတဆင့် ရွေးရွယ်နိုင်ခြင်းတို့သည် နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ ဒီမိုကရေစီအခွင့်အရေးပင်ဖြစ်ပါသည်”ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၈ က ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား ၊ ပုဏ္ဏားကျွန်း ၊ မြေပုံ၊ ပေါက်တော ၊ ရသေ့တောင်၊  ဘူးသီးတောင် ၊ မောင်တောနှင့် မြို့နယ်အချို့ရှိ မဲဆန္ဒနယ်များတွင် လုံခြုံရေးအရ ဆိုကာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေး နိုဝင်ဘာ ၁၂ တွင် ထုတ်ပြန်ချက်ထုတ်ခဲ့ပြီး တပ်မတော်ကလည်း ကြိုဆိုခဲ့ကာ ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရေး တိုက်တွန်းခဲ့သည်ဟု တပ်၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ကိုယ်စားလှယ်လောင်းသုံးဦးကို AA က ဖမ်းဆီးထားသောကြောင့် ရခိုင်ပြည်နယ်အတွင်း လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိသောကြောင့် တပ်မတော်က AA နှင့် ဆွေးနွေးခဲ့ပြီး ထိုသုံးဦး ပြန်လွတ်မြောက်ခဲ့ကြောင်း ဖော်ပြထားသည်။ 

ဥပဒေအရ ဆိုလျှင် ကြားဖြတ်ရွေးကောက်ပွဲကို လွှတ်တော်သက်တမ်း၏ ပထမနှစ်တွင် ကျင်းပနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ရခိုင်နှင့်ရှမ်းတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက လာမည့် ၂၀၂၂ တွင်သာ ကျင်းပနိုင်မည် ဖြစ်သည်။ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂၊ ၂၀၁၇ နှင့် ၂၀၁၈ တို့တွင် ကျင်းပခဲ့သည်။ 

တပ်နှင့် AA  တောင်းဆိုနေသည့် ရွေးကောက်ပွဲ အရေးပေါ်ပြုလုပ်ရေး အလားအလာနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် NLD ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်က ကြားဖြတ်ရွေးကောက်ပွဲသာ ကျင်းပနိုင်မည်ဟု ဆိုသည်။ 

“ရွေးကောက်ပွဲဥပဒေမှာ အထွေထွေရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲပဲ ရှိပါတယ်။ သူတို့ တောင်းဆိုနေတဲ့ နောက်ဆက်တွဲရွေးကောက်ပွဲသဘောမျိုး မရှိပါဘူး။ သူတို့တောင်းဆိုနေတာ ဥပဒေပါတဲ့ အချက်အလက်တစ်ခုကို မှားယွင်းအဓိပ္ပာယ်ကောက်နေတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။ 

ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် လုံခြုံရေးအကြောင်းကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်စေ မဲပေးခြင်း ရပ်တန့်ပါက ရွေးကောက်ပွဲ ထပ်မံကျင်းပ၍ရပြီး ရွေးကောက်ပွဲမကျင်းပရန် ပယ်ဖျက်ပြီးဖြစ်ပါက ကြားဖြတ်ရွေးကောက်ပွဲသာ ပြန်ကျင်းပခွင့်ရှိကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။

ရွေးကောက်ပွဲဥပဒေ၊ အခန်း ၁၁၊ ကော်မရှင်၏ လုပ်ပိုင်ခွင့်များတွင် ” မဲဆန္ဒနယ်တစ်နယ်၌ ရွေးကောက်ပွဲကျင်းပရေးအတွက် မဲစာရင်းပြုစုရန်သော်လည်းကောင်း၊ ဆန္ဒမဲပေးရန်သော်လည်းကောင်း လုံခြုံမှုအခြေအနေ မရှိလျှင် ယင်းမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်သည်” ဟု ပါရှိပြီး “ကော်မရှင်သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သလိုဆောင်ရွက်နိုင်သည်” ဟု ပါရှိသည်။ 

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိစ္စရပ်များအတွက် ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်ကလည်း ရွေးကောက်ပွဲပြန်ကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုက်တွန်းခဲ့သည်။ 

သို့သော်လည်း ရခိုင်ပြည်နယ် ၉ မြို့နယ်နှင့်ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရေးကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲပြန်ကျင်းပနိုင်ရေးအတွက် လတ်တလောတွင် ခက်ခဲသည့်အခြေအနေများ ရှိနေကြောင်း ဇန်နဝါရီ ၈ ရက်နေ့ သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ထည့်သွင်းပြောခဲ့သည်။ 

” အထူးသဖြင့် လုံခြုံရေးဆိုင်ရာ အာမခံချက်မရလို့ ကျန်ခဲ့တာ ဖြစ်တယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်ဖို့က ဒီလုံခြုံရေးဆိုင်ရာ အာမခံချက်လည်း လိုပါတယ်” ဟု ၎င်းက ပြောသည်။ 

” သက်ဆိုင်တဲ့ UEC (ရွေးကောက်ပွဲကော်မရှင်) ကို ဒီဒေသ၊ ဒီဒေသတွေကတော့ လုံခြုံရေးအာမခံတယ် ဆိုတာမျိုး၊ ပေးထားတာမျိုး မရှိဘူး။ ဒီကြေညာတဲ့အပိုင်းမှာ တပ်မတော်ဘက်က ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တွေနဲ့ ကျွန်တော်တို့ကို ပြောပြတာ ရှိပါတယ်။ (တပ်မတော် နှင့် AA) ဆွေးနွေးညှိနှိုင်းတယ်ဆိုတဲ့အပိုင်းက မပြီးသေးဘူး။ ခဏတာနားလည်မှုနဲ့ (တိုက်ပွဲ) ရပ်နေတာ” ဟု ဦးဇော်ဌေးက ပြောသည်။ 

ရွေးကောက်ပွဲ ကျင်းပရေးကိစ္စအပါအဝင် ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးရန်အတွက် ရက္ခိုင့်တပ်တော် (AA) အပါအဝင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် ဇန်နဝါရီ ဒုတိယအပတ်တွင်တွေ့ဆုံရန် အစိုးရဘက်က အဆိုပြုထားကြောင်း ဦးဇော်ဌေးက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA တို့ နိုဝင်ဘာလဆန်းမှစ၍ တိုက်ပွဲများ ရပ်တန့်နေခဲ့ပြီး ရွေးကောက်ပွဲများ ပြန်ကျင်းပရန် တောင်းဆိုနေကြခြင်းဖြစ်ကာ ဒေသခံအများစုနှင့် ရခိုင်ပါတီများကလည်း ၎င်းနယ်မြေများတွင် ရွေးကောက်ပွဲ ပြန်ကျင်းပပေးစေလိုကြသည်။ 

တပ်၏ တောင်းဆိုချက်မှာ လက်ရှိလိုအပ်နေသည့် နိုင်ငံရေးအခင်းအကျင်းနှင့် အံဝင်ခွင်ကျဖြစ်ပြီး ကော်မရှင်က နောက်ဆက်တွဲရွေးကောက်ပွဲ မြန်မြန်ဆန်ဆန်လုပ်ပေးလျှင် ကောင်းသည်ဟု ရခိုင်အမျိုးသားပါတီ (ANP)၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောသည်။

“အစိုးရရဲ့သဘောထားမှတ်ချက်က သူတို့ (NLD ပြောခွင့်ရပုဂ္ဂိုလ်တွေ) ပြောနေတာကြားလို့ ကြားဖြတ်ရွေးကောက်ပွဲပဲ အားသာနေပုံရတယ်။ နောက်ဆက်တွဲရွေးကောက်ပွဲကို သူတို့ လက်ခံချင်ပုံမရ။ အဲဒီလို တောင်းဆိုရင်း အချိန်လည်း ဇန်နဝါရီလဖြစ်လာပြီ။ ဒါပေမယ့် တပ်မတော်က နောက်ထပ်ကြိုးစားမှု ၊ ခြေလှမ်းတစ်ခုလို့ မြင်တယ်။ မျှော်လင့်ချက်ကတော့ သိပ်မထားတော့ဘူး”ဟု ဦးဖေသန်းက ဆိုသည်။

ရခိုင်ပြည်နယ်မြို့နယ်အများစုတွင် ရွေးကောက်ပွဲမကျင်းပနိုင်ပါက လူထုကို ကိုယ်စားပြုမှု လျော့နည်းသွားမည်ဖြစ်ပြီး အားနည်းသည့် လွှတ်တော်၊ အစိုးရသာ ပေါ်ပေါက်လာမည်ဟုဆိုသည်။

ရခိုင်အမျိုးသားပါတီ (ANP) သည် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် နေရာအများစုအနိုင်ရခဲ့ပြီး ပြည်နယ်လွှတ်တော်ကို ဦးဆောင်ခွင့်ရခဲ့ကာ NLD အစိုးရဝန်ကြီးတစ်ဦးကိုလည်း စွပ်စွဲအပြစ်တင်ကာ ဖြုတ်ချနိုင်ခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်မြို့နယ်အများစုတွင် ရွေးကောက်ပွဲမလုပ်ခဲ့သော်လည်း ANP ပါတီသည် ပြည်ထောင်စုလွှတ်တော် ၁၃ နေရာအနက် ၈ နေရာ အနိုင်ရခဲ့ကာ ကျန် ၅ နေရာကို NLD က  ၃ နေရာ၊ ပြည်ခိုင်ဖြိုး (USDP) နှင့် ရခိုင့်ဦးဆောင်ပါတီ (AFP) တို့က ၁ နေရာစီ ရရှိခဲ့သည်။

Show More

Related Articles

Back to top button