သတင်း

မန္တလေးတိုင်း ရွှေလုပ်ကွက်ဧကရာချီကို ဦးပိုင် ရရှိ

တပ်မတော်က တည်ထောင်ခဲ့သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို မန္တလေးတိုင်းရှိ ရွှေလုပ်ကွက်ဧက ၄၆၀ ကျော် တူးဖော်လုပ်ကိုင်ခွင့် ၁၁ နှစ် ချထားပေးကြောင်း သတ္တုတွင်းဦးစီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

၂၀၂၀ အတွင်း ခွင့်ပြုပေးခဲ့သော သတ္တုတူးဖော်ရေးလုပ်ကွက်များအနက် သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးဒေသ၌ အလတ်စားရွှေလုပ်ကွက်အဖြစ် မြေ ၄၆၄ ဒသမ ၇ ဧကရှိသော ရွှေလုပ်ကွက်၂၅ ကွက်ကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အမည်ဖြင့် တူးဖော်ခွင့်ပြုထားကြောင်း ဖော်ပြထားသည်။ 

ဧက ၂၀ အကျယ်ရှိ လုပ်ကွက်ပေါင်း ၂၀ နှင့် အခြားလုပ်ကွက် ၅ ခုကို ၂၀၂၀ နှစ်လယ်မှ ၂၀၃၁ ခုနှစ်အထိ တူးဖော်ခွင့်ရရှိမည်ဖြစ်သည်။ 

ယင်းအနက် ၂၂ ကွက်သည် ဧရိယာတစ်ဆက်တည်းရှိသော မြေနေရာများ ဖြစ်ပြီး ဧက ၄၀၀ ကျော် အကျယ်အဝန်းရှိသည်။ 

မြန်မာ့သတ္တုတွင်းဥပဒေအရ အလတ်စားရွှေလုပ်ကွက်တစ်ကွက်လျှင် အနည်းဆုံး ၄ ဧကမှ ၂၄၇ ဧက အထိ သတ်မှတ်ထားသောကြောင့် ဦးပိုင်ရရှိထားသော တစ်ဆက်တည်းလုပ်ကွက်ဧရိယာသည် အကြီးစားရွှေလုပ်ကွက်တစ်ခုစာ ဖြစ်နေကြောင်း သယံဇာတတူးဖော်ရေးကဏ္ဍလေ့လာစောင့်ကြည့်သော အရပ်ဘက်အဖွဲ့အစည်းအချို့က ထောက်ပြကြသည်။ 

“ဒီလောက်မြေအကျယ်မှာ ဘာလို့ သူက အကြီးစားလုပ်ကွက်အဖြစ် စာရင်းမဝင်တာလဲ။ ချမပေးဘူးဆိုရင်ရော ဘယ်လိုပေါ်လစီတွေကြောင့်လဲဆိုတာ မေးခွန်းထုတ်စရာပါ” ဟု သယံဇာတတူးဖော်မှုစောင့်ကြည့်လေ့လာသော ရန်ကုန်အခြေစိုက် အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် Citizens Action for Transparency ၏ ဒါရိုက်တာဒေါ်မိုးမိုးထွန်းက ပြောသည်။ 

ယခင် မြန်မာ့သတ္တုတွင်းနည်းဥပဒေဟောင်း၌ သတ္တုတူးဖော်ရေးလုပ်ကွက်များ တစ်ဆက်တစ်စပ်တည်း ချထားခြင်း ခွင့်မပြုခဲ့ပေ။ 

အသစ်ပြင်ဆင်ပြဋ္ဌာန်းလိုက်သော၂၀၁၈ ခုနှစ် မြန်မာ့သတ္တုတွင်းနည်းဥပဒေ ပုဒ်မ ၇၆ အရ တစ်ဆက်တစ်စပ်တည်း ဧရိယာ (သို့မဟုတ်) အနီးအနားဧရိယာများတွင် ဓာတ်သတ္တုထုတ်လုပ်ရန် ခွင့်ပြုမိန့်ရရှိသူများ၏ ထုတ်လုပ်မှုလုပ်ငန်းများ အားလုံး (သို့မဟုတ်) အချို့ကို ပေါင်းစပ်ပေးခြင်းအားဖြင့် ဓာတ်သတ္တုထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် အကျိုးရှိမည်ဟု ဝန်ကြီးဌာနက ယူဆပါက ယင်းတို့အား သတ်မှတ်သည့်အချိန်တွင် ပေါင်းစပ်လုပ်ကိုင်ရန် ညွှန်ကြားနိုင်သည်ဟု ပါရှိထားသည်။ 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၏ ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်က “အကြီးစားကို လုပ်မယ်ဆိုရင် ကျွန်တော်တို့က ပိုပြီး Appreciate ဖြစ် (သဘောကျ)တာပေါ့ဗျာ။ ဒါပေမဲ့ မြေပြင်မှာ သူတို့ လုပ်နေတဲ့ သဘောသဘာဝတွေနဲ့ ကိုက်ညီအောင် ယူတယ်လို့ ထင်တယ်။ ဒါကြောင့် သက်ဆိုင်ရာကုမ္ပဏီက လုပ်ကွက်လျှောက်လာတဲ့ပုံစံအတိုင်းပဲ ခွင့်ပြုပေးတာပါ” ဟု  Myanmar Now ကို ပြောသည်။ 

အလတ်စားလုပ်ကွက် ၂၅ ကွက်အတွက် တစ်ကွက်ချင်းစီအလိုက် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးအစီအမံ (Environmental Management Plan-EMP) များ ထားရှိရမည်ဖြစ်ပြီး လက်ရှိသတ္တုတွင်းဥပဒေအရ လုပ်ကွက်ချထားပေးခြင်းများသည် အားနည်းချက်များ ရှိနေသည်ဟု သယံဇာတတူးဖော်ရေးကဏ္ဍလေ့လာစောင့်ကြည့်သော အရပ်ဘက်အဖွဲ့အစည်းအချို့က ဆိုသည်။  

လုပ်ကွက်လျှောက်ထားချိန်တွင်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အတည်ပြုပြီး EMP ဟု ခေါ်ကြသော သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးအစီအမံနှင့်အတူ တင်ပြမှသာ လုပ်ကိုင်ခွင့်ပြုခြင်းဖြစ်သည်ဟု သတ္တုတွင်း ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်က ပြောသည်။ 

လုပ်ကွက်များ၏ ရွှေထုတ်လုပ်မှုအခြေအနေကို ပြည်ထောင်စုအဆင့်က စစ်ဆေးခြင်းမပြုဘဲ  အမှတ် (၂) သတ္တုတွင်းလုပ်ငန်းက သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ခံများထားရှိ၍ ရွှေထုတ်လုပ်မှုအပါအဝင် ယမ်း၊ ဆိုင်ယာနိုက်၊ ပြဒါးသုံးစွဲမှုတို့ကို စစ်ဆေးခြင်း ဖြစ်သည်။

ဗဟိုအစိုးရ၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပုဂ္ဂလိကသို့ အလတ်စားနှင့် အကြီးစားရွှေတူးဖော်ရေးလုပ်ကွက်များကိုလည်းကောင်း၊ တိုင်း/ ပြည်နယ်အစိုးရတို့က အသေးစားနှင့် လက်လုပ်လက်စားရွှေတူးဖော်ရေးလုပ်ကွက်များကိုလည်းကောင်း လုပ်ကိုင်ခွင့်ချထားပေးလျက်ရှိသည်။ 

ဦးပိုင်က ၎င်းတို့လုပ်ပိုင်ခွင့်ရရှိသော ရွှေလုပ်ကွက်အများစုကို ပုဂ္ဂလိကရွှေတူးဖော်ရေးကုမ္ပဏီများအား တူးဖော်ခွင့် တစ်ဆင့်အငှားချသည်ဟု ဒေသခံများက ဆိုသည်။ 

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ တာဝန်ရှိသူတစ်ဦးဖြစ်သော အထွေထွေမန်နေဂျာ ဦးလှမျိုးကမူ ၎င်းတို့အနေဖြင့် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ခြင်းမရှိဟု ဆိုသည်။

“စီးပွားရေးဦးပိုင်က ရွှေလုပ်တာ မရှိပါဘူး။ လက်အောက်ခံကုမ္ပဏီအနေနဲ့ပဲ ရတာ နေမှာပါ။ စီးပွားရေးဦးပိုင်အနေနဲ့ မရပါဘူး။ ရုံးချုပ်ကလုပ်ရင် ကျွန်တော်မသိစရာ မရှိပါဘူး” ဟု ဦးလှမျိုးက ဇန်နဝါရီ ၇ တွင် Myanmar Now ကို ပြောသည်။ 

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သည် အထွေထွေအုပ်ချုပ်ရေးရာဌာနကြီး၊ ကုန်သွယ်မှုလုပ်ငန်းများဌာနကြီး၊ ဝန်ဆောင်မှုလုပ်ငန်းများဌာနကြီးနှင့် ထုတ်လုပ်မှုလုပ်ငန်းများဌာနကြီးတို့ဖြင့် ဖွဲ့စည်းထားပြီး ကုန်သွယ်မှုလုပ်ငန်းများဌာနကြီး၌ ရွှေ၊ ကျောက်မျက်၊ ခဲမဖြူနှင့် ဂေါ်ဒန်ကျောက်တူးဖော် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများ လုပ်ဆောင်နေသော လုပ်ငန်းဖြစ်ကြောင်း မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်း၌ ရွှေထုတ်လုပ်မှုသည် ၁၆၈၁ ထရိုင်အောင်စ ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

ကမ္ဘာ့ရွှေဈေးမှာ ဇန်နဝါရီ ၈ အထိ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၀၀ ကျော် ဝန်းကျင်ရှိနေပြီး ထိုပမာဏသည် ယနေ့ပေါက်စျေးအရဆိုလျှင် ဒေါ်လာ သန်း ၃၀ ဝန်းကျင်တန်ကြေးရှိသည့် ပမာဏဖြစ်သည်။

တပ်မတော်က ၁၉၉၀ တွင်ထူထောင်ခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်သည် သွင်းကုန်ပို့ကုန်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ကျောက်မျက်ရတနာ၊ သတ္တုရှာဖွေရေး လုပ်ငန်းများအပြင် အရက်ဘီယာနှင့် စီးကရက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနယ်ပယ်အများအပြား လုပ်ကိုင်နေပြီး ရှယ်ယာများကို အငြိမ်းစားနှင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိကြီးများ၊ အရာရှိများ၊ တပ်မတော်သားများက ပိုင်ဆိုင်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီး ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်အစိုးရထံမှ အာဏာလွှဲပြောင်းယူသည့် ၂၀၁၆ ဧပြီကာလတွင် တပ်မတော်ခေါင်းဆောင်များက ကုမ္ပဏီနာမည်တွင် “ပြည်ထောင်စု” စာသားကိုဖြုတ်ကာ ‘မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အများပိုင်ကုမ္ပဏီ’ ဟု ပြောင်းလဲထူထောင်သည်။ 

ယခင်က ဦးပိုင်လီမိတက်တွင် ရှယ်ယာနှစ်မျိုးရှိခဲ့သည့်အနက် ‘က’ ရှယ်ယာကို ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်ပြီး ‘ခ’ ရှယ်ယာများကို တပ်မတော်အရာရှိများ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် အငြိမ်းစားတပ်မတော်သားများ၊ ရဲဘော်ဟောင်းအဖွဲ့အစည်းများက ပိုင်ဆိုင်သည်။ သို့သော် အများပိုင်ကုမ္ပဏီအဖြစ်မပြောင်းမီ ‘က’ ရှယ်ယာများကို ‘ခ’ ရှယ်ယာအဖြစ် လွှဲပြောင်းသွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ လွှဲပြောင်းခဲ့ခြင်းကြောင့် ဦးပိုင်လီမိတက်၏ အကျိုးအမြတ်အားလုံးသည် အခွန်ဆောင်ရသည်မှလွဲလျှင် နိုင်ငံတော်ဘတ်ဂျက်ဝင်ရန် တာဝန်မရှိတော့ပေ။

စစ်အစိုးရမှ အရပ်သားအစိုးရသို့ အသွင်ကူးပြောင်းသည့် ၂၀၀၉-၂၀၁၂ ဝန်းကျင်ကာလအတွင်း နိုင်ငံပိုင်မြေနေရာနှင့် အဆောက်အအုံ၊ လုပ်ငန်းအများအပြားကို ပုဂ္ဂလိကပိုင်ပြုခဲ့ရာ ဦးပိုင်က “ဝယ်ယူခဲ့သည့်” လုပ်ငန်းအများအပြားအနက် ဗိုလ်အောင်ကျော်ဆိပ်ကမ်းနှင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းတို့လည်း ပါဝင်သည်။

Show More

Related Articles

Back to top button