မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ လူငယ်သင်တန်းကျောင်းမှ ထွက်ပြေးပြီး ပြန်လည်ထိန်းသိမ်းခံရသူများအနက်မှ နှစ်ဦးကို ပုသိမ်ကြီးမြို့နယ်ရှိ သင်တန်းကျောင်းအသစ်သို့ ပို့ဆောင်ထားသည်ဟု ၎င်းတို့၏ မိဘများက ပြောသည်။
၎င်းတို့ထွက်ပြေးပြီးနောက် ဖြစ်ပေါ်လာသည့် အမှုအခင်းနှင့် အကျိုးဆက်များအတွက် သင်တန်းကျောင်းရှိ ကျောင်းသားများက ရန်ငြိုးထား တိုက်ခိုက်ကြမည်ကို စိုးရိမ်သဖြင့် ကျောင်းအုပ်က နေရာရွှေ့လိုက်ခြင်းဖြစ်သည်ဟု လူငယ်တစ်ဦး၏ မိခင်က Myanmar Now ကို ပြောသည်။
ယင်းသို့ ပြောင်းရွှေ့ပေးလိုက်ခြင်းကို သားဖြစ်သူနှင့် ဩဂုတ်လအတွင်း နောက်ဆုံးအဆက်အသွယ်ရခဲ့စဉ်က သိခဲ့ရခြင်းဖြစ်သည်ဟုလည်း ကိုအောင်မျိုးမင်း၏မိခင် ဒေါ်လေးကြည်ခိုင်က ဆိုသည်။
“ကလေးတွေကို ရန်ငြိုးထားမှာစိုးလို့ ရွှေ့ပေးတယ်လို့တော့ ကျောင်းကဆရာမက ပြောတာပဲ။ သားနဲ့တော့ ကိုဗစ်နဲ့ဆိုတော့ သွားတွေ့လို့ မရသေးဘူး” ဟု ၎င်းက ပြောသည်။
လုယက်မှုဖြင့် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံရကာ လူငယ်သင်တန်းကျောင်းသို့ ရောက်လာခဲ့သည့် ၇ ဦးအနက် ၅ ဦးသည် ၂၀၂၀ ဇူလိုင်လကုန်ပိုင်းတွင် ကျောင်းမှ ထွက်ပြေးရန် ကြိုးစားခဲ့ကြသည်။ ၎င်းတို့ကို ကျောင်းတာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့ပြီးနောက် လူငယ် ၂ ဦးသည် ဒဏ်ရာအသီးသီးဖြင့် ဩဂုတ်လဆန်းပိုင်းတွင် ရက်ခြား သေဆုံးခဲ့သည်။
အောင်မြေသာစံရှိ လူငယ်သင်တန်းကျောင်း၌ သင်တန်းသားနှစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ ဌာနတွင်းစစ်ဆေးရေးအဖွဲ့များ၊ တိုင်းနှင့် ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့များအပြင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း ကျော်စောသတင်းကြောင့် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျောင်းသားနှစ်ဦး သေဆုံးရခြင်းမှာ လိုက်လံဖမ်းဆီးသည့် ကျောင်းသားများက ပြင်းပြင်းထန်ထန် ရိုက်နှက်မှုကြောင့်ဖြစ်ပြီး ကျောင်း၌လည်း ထားရှိနိုင်သည့် လူဦးရေပမာဏထက် နှစ်ဆကျော်များပြားနေကြောင်း လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ဆိုခဲ့သည်။
ကျန် သင်တန်းသား ၃ ဦးအနက် ၂ ဦးကို သင်တန်းကျောင်းအသစ်သို့ ပြောင်းရွှေ့ထားသော်လည်း ကျန်တစ်ဦးကိုမူ မူလသင်တန်းကျောင်းတွင်ပင် ထိန်းသိမ်းထားသည်ဟု ပြောင်းရွှေ့ခံရသည့်ကျောင်းသားများ၏ မိခင်များက ပြောသည်။
ကျောင်းမှထွက်ပြေးသည့် ရာဇဝင်ရှိသည့် လူငယ်နှစ်ဦးကို တိုးချဲ့ကျောင်းသို့ ပြောင်းရွှေ့လိုက်ခြင်းမှာ သင်တန်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု မရှိစေရန် လုပ်ဆောင်ခြင်း ဖြစ်နိုင်သော်လည်း အသေးစိတ်ကိုမူ မသိရှိဟု ကျောင်းသားများသေဆုံးမှုနှင့် ပတ်သက်၍ ကိုင်တွယ်နေသော တိုင်းအဆင့်စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ မန္တလေးတိုင်း သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ဆိုသည်။
အောင်မြေသာစံသင်တန်းကျောင်း၌ အခင်းဖြစ်ပွားခဲ့ပြီး လပိုင်းအကြာတွင် တိုးချဲ့ထားသော ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း၌ ကျောင်းသားဦးရေ ၂၁၁ ဦး ရှိပြီး ဝန်ထမ်း ၁၆ ဦးက ကြီးကြပ် စောင့်ရှောက်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၄ တွင် သတင်းထုတ်ပြန်ခဲ့သည်။
လူငယ်နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ ကျောင်းအုပ်ဖြစ်သူ ဦးနေအောင်ကျော်ကို ဌာနတွင်း စုံစမ်းစစ်ဆေးပြီး ပြောင်းရွှေ့တာဝန်ချထားခဲ့သည့်အပြင် သင်တန်းကျောင်းဝန်ထမ်း ၅ ဦးနှင့် အခြားသင်တန်းသား ၆ ဦးတို့ကို လူသတ်မှု၊ အပြင်းအထန်နာကျင်စေမှုတို့ဖြင့် အောင်မြေသာစံမြို့နယ် တရားရုံး၌ ရဲတပ်ဖွဲ့က အမှုဖွင့် တရားစွဲဆိုထားသည်။
လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့သည့် မန္တလေးလူငယ်သင်တန်းကျောင်း၏ နောက်ဆက်တွဲအခြေအနေများကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းကို Myanmar Now က သွားရောက်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဦးဇော်မင်းက အထက်သို့ ခွင့်ပြုချက်တောင်းပြီးမှသာ လက်ခံဖြေဆိုပေးမည်ဟု ပြောကြားခဲ့သည်။