အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်တော်မှ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာမှ အမျိုးသမီးတစ်ဦးသည် ယမန်နေ့ (ဇန်နဝါရီ ၄) က မိုင်းနင်းမိပြီး ခြေထောက်နှင့်မျက်နှာတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသောကြောင့် ဆေးကုသမှု ခံယူနေရသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အသက် ၄၃ နှစ်အရွယ် ဒေါ်ခိုင်စံမေသည် ရွာအနီးရှိ တောင်ပေါ်သို့ ထင်းခုတ်ရန် သွားစဉ် မိုင်းနင်းမိခြင်း ဖြစ်ပြီး မျက်နှာတွင် ဒဏ်ရာရရှိခဲ့ပြီး ခြေထောက်တစ်ဖက်လည်း ပြတ်ထွက်သွားကြောင်း ၎င်း၏ မောင်ဖြစ်သူ ဦးကျော်လှထွီးက ပြောသည်။

“သူက တစ်ရက်လုပ်၊ တစ်ရက်စားတာ ဖြစ်လို့ ထင်းခွေဖို့ သွားပါတယ်။ တောင်ဘေးမှာ မိုင်းနင်းမိတာ။ မိုင်းပေါက်ကွဲသံကို ရွာထဲကလည်း ကြားလိုက်တယ်။ သူ့မှာ မျက်စိတွေလည်း ထိခိုက်သွားတယ်။ ညာဘက်ခြေထောက်လည်း ပြတ်သွားပါတယ်”ဟု ၎င်းက ဆိုသည်။

ဒဏ်ရာရရှိသွားသည့် ဒေါ်ခိုင်မေစံတွင် သားသမီး သုံးဦးရှိပြီး ၎င်းမှာ ထင်းခုတ်ရောင်းချ၍ အသက်မွေးဝမ်းကျောင်းပြုနေရသူဖြစ်ကာ နေ့စဉ် တောတောင်များသို့ ထင်းခုတ်ရန် သွားရောက်ရလေ့ရှိသည်ဟုလည်း ၎င်း၏မောင်ဖြစ်သူထံမှ သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ အမျိုးသမီးကို ယမန်နေ့က ကျောက်တော်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် ယနေ့ နံနက်ပိုင်းတွင် စစ်တွေဆေးရုံကြီးသို့ ထပ်မံပို့ဆောင်လိုက်ရကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား နိုဝင်ဘာဒုတိယပတ်မှစ၍ တိုက်ပွဲများ ရပ်တန့်နေသော်လည်း မပေါက်ကွဲသေးသော လက်နက်ကြီးကျည်အန္တရာယ်များနှင့် မြေမြှုပ်မိုင်းအန္တရာယ်များကို ဒေသခံများ ရင်ဆိုင်နေရသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ လက်ရှိအချိန်အထိ စာရင်းများအရ ရခိုင်ပြည်နယ်အတွင်း မိုင်းကြောင့် သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရရှိသူ ၆၈  ဦး ရှိသည်။ 

မြန်မာနိုင်ငံတွင် ၂၀၁၁ မှ ၂၀၂၀ အထိ ကိုးနှစ်တာအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူနှင့် သေဆုံးသူ ၁၉၀၀ ဝန်းကျင်ခန့်ရှိကြောင်း မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့် ပတ်သက်၍ နိုဘယ်ဆုရရှိထားသည့် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Landmine and Cluster Munition Monitor အဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် တစ်နေ့လျှင် တစ်ယောက်နှုန်း အရပ်သားများ သေဆုံး သို့မဟုတ် ဒဏ်ရာ ရရှိနေသည်ဟုလည်း ၎င်းအဖွဲ့က ဆိုသည်။ 

၎င်းအဖွဲ့၏ စာရင်းများအရ ၂၀၁၉ ခုနှစ် တစ်နှစ်တည်း၌ပင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရသူ ၂၆၉ ဦး ရှိခဲ့ပြီး ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် အရေအတွက်အများဆုံးဖြစ်သည်။

ကမ္ဘာ့နိုင်ငံအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော် လက်မှတ်ရေးထိုးထားသည့် မြေမြှုပ်မိုင်းသုံးစွဲမှု တားမြစ်ပိတ်ပင်ရေးသဘောတူညီချက်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားခြင်း မရှိပေ။

လက်ရှိအချိန်တွင် တပ်မတော်က မိုင်းရှင်းလင်းရေးလုပ်ဆောင်မည်ဟု ပြောထားပြီး ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်ရွာတွင် ဒီဇင်ဘာတတိယပတ်က မိုင်းရှင်းလင်းရေးလုပ်ဆောင်ခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button