
နာမည်ဆိုးဖြင့် ကျော်ကြားသော အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှင့် ကာစီနိုလုပ်ငန်းများကြောင့် ထိုင်းဆင်းကတ်များကို ကရင်ပြည်နယ် မြဝတီမြို့တွင် အသုံးမပြုနိုင်စေရန် ထိုင်းဘက်က ဖြတ်တောက်လိုက်သည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။
ယခင်က မြဝတီတွင် နယ်စပ်နှင့် ၅ ကီလိုမီတာ အကွာအဝေးအတွင်း နေထိုင်သူများ၊ သောင်းရင်းမြစ်ကမ်းဘေး ခိုလှုံနေသော မြန်မာစစ်ဘေးရှောင်များသည် ထိုင်းဖုန်းလိုင်းများနှင့် ချိတ်ဆက်ကာ အင်တာနက်အသုံးပြုနိုင်သည်ဟု ဒေသခံတို့က ဆိုသည်။
မြန်မာဖုန်းလိုင်းများကိုလည်း စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်နေ၍ ဒေသခံတို့မှာ အင်တာနက်အခက်အခဲဖြစ်နေသည်ဟု ထိုင်း-မြန်မာနယ်စပ် စစ်ဘေးရှောင်များကို ကူညီနေသည့် ဒေသခံတစ်ဦးက ပြောသည်။
“အခုက မြဝတီ-မဲဆောက် ကမ်းနားတစ်လျှောက်၊ တံတား ၁ နဲ့ ၂ ဘေးပတ်ဝန်းကျင်တွေအထိ အင်တာနက်က လုံးဝကို မမိတော့ဘူး။ ဖုန်းကတော့ နယ်စပ်နားမှာဆိုရင် နည်းနည်းပါးပါး ခေါ်လို့တော့ ရသေးတယ်” ဟု သူက ပြောသည်။
မြဝတီတွင် မြို့ပေါ်ရပ်ကွက်များနှင့် ရွှေကုက္ကို၊ ကျောက်ခက်၊ မယ်ထော်သလေး ကျေးရွာများတွင် နေရာအများစုမှာ ထိုင်းဖုန်းလိုင်း၊ အင်တာနက်လိုင်းများ မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။
ကျားဖြန့် ရာဇဝတ်မှုလုပ်ငန်းသည် အင်တာနက်ဆက်သွယ်မှု၊ လက်နက်ကိုင်အဖွဲ့တစ်ခုခု၏ အကာအကွယ်ပေးမှုရှိသည့် နယ်စပ်ဒေသများတွင် ကြီးထွားလာလေ့ရှိသည်။
ကရင်ပြည်နယ် မြဝတီခရိုင်၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများရှိရာ ရွှေကုက္ကိုနှင့် KK Park စီမံကိန်းများကို တရားမဝင်ဆက်သွယ်ပေးထားသော အင်တာနက်လိုင်းပေါင်း ၆၉ လိုင်းကို ၁၅ ရက်အတွင်း ဖြတ်တောက်ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အမျိုးသားအသံလွှင့်ဌာနနှင့် ဆက်သွယ်ရေးကော်မရှင် (National Broadcasting and Telecommunication Commission) က မေလ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရွှေကုက္ကိုစီမံကိန်းကို ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက ဦးဆောင်လုပ်ကိုင်နေသည်။
ကျားဖြန့်ဂိုဏ်းများခိုအောင်းရာဟု နာမည်ဆိုးဖြင့် ကျော်ကြားသည့် KK Park Project က အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားပြီး အကြီးအကျယ် လိမ်လည်လှည့်ဖြားနေသည်၊ BGF ဗိုလ်မှူးတင်ဝင်းသည် Huanya Project တွင် KNLA တပ်မဟာ (၇) အဆင့်မြင့်အရာရှိ စောရော်ဂျာခင်နှင့်အတူ ပါဝင်ပတ်သက်နေသည်ဟု အမေရိကန်အဖွဲ့အစည်းတစ်ခုဖြစ်သည့် USIP က ၂၀၂၄ ဧပြီ ၂၂ ထုတ်အစီရင်ခံစာတစ်စောင်တွင် ရေးသားထားသည်။
ထိုင်းအစိုးရသည် ၂၀၂၃ ခုနှစ် ဇွန်လကတည်းက မြဝတီရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများ အသုံးပြုနိုင်သည့် အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ဖူးသော်လည်း ထိုလုပ်ငန်းများသည် မြန်မာဘက်က အင်တာနက်လိုင်းများ၊ ထိုင်းနိုင်ငံဘက်က တရားမဝင်ချိတ်ဆက်ထားသော အင်တာနက်လိုင်းများ၊ Starlink ဂြိုဟ်တုအင်တာနက်တို့ဖြင့် လုပ်ငန်း ဆက်လက် လည်ပတ်နေခဲ့ကြောင်း သိရသည်။
ထို့ပြင် မြဝတီမြို့ မြောက်ဘက်ရှိ ရွှေကုက္ကိုဒေသ၊ မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်နှင့် အင်ကြင်းမြိုင်ဒေသတို့ကို ထိုင်းဘက်က လျှပ်စစ်မီးဖြတ်တောက်လိုက်စဉ်ကလည်း ထိုဒေသရှိ ကာစီနိုနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် မီးစက်၊ ဆိုလာစွမ်းအင်တို့ဖြင့် လုပ်ငန်းများဆက်လုပ်ကိုင်ခဲ့သည်။
ယခုတွင်လည်း အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် ထိုင်းနိုင်ငံဘက်က ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်သည့်တိုင် မြန်မာဘက်က အင်တာနက်လိုင်းများဖြင့် ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သလို လုပ်ငန်းများပင် တိုးချဲ့နေကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
“အဲဒီစီမံကိန်းတွေက ညဘက်ဆို မီးတွေ ထိန်ထိန်လင်းလို့၊ အခုလို မိုးတွင်းကြီးထဲတောင် အဆောက်အအုံသစ်တွေကို ထပ်ဆောက်နေသေးတယ်” ဟု သူက ပြောသည်။
BGF ကမူ မေ ၁ ရက်မှ စက်တင်ဘာ ၃၁ ရက်အတွင်း ရွှေကုက္ကိုမြို့သစ်တစ်ဝိုက်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသားများ၊ တရားမဝင်နယ်စပ်ဖြတ်ကျော် ရောက်ရှိလာသူများလည်း ထိုဒေသမှ ထွက်ခွာရန်နှင့် မထွက်လျှင် ထိရောက်စွာအရေးယူမည်ဟု မေ ၃ ရက်တွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။
စာထုတ်ပြန်ခဲ့သည့်တိုင် ကျားဖြန့်လုပ်ငန်းများ ပုံမှန်လည်ပတ်နေဆဲဖြစ်သည်။
သို့သော်လည်း မြ၀တီဒေသမှ လုပ်ငန်းတချို့သည် တိုက်ပွဲများနှင့် ထိုင်း-မြန်မာနှစ်နိုင်ငံ ဖိအားပေးမှုများကြောင့် တရားဥပဒေစိုးမိုးမှု အားနည်းပြီး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ရာဇဝတ်ဂိုဏ်းများ ပေါသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ ရွှေတြိဂံဒေသ လာအိုနယ်စပ်ဒေသများသို့ ပြောင်းရွှေ့မှုများရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နယ်စပ်ဖြတ်ကျော်လူကုန်ကူးမှုတားဆီးရေး လုပ်ငန်းများလုပ်ကိုင်နေသည့် Alliance Anti-Trafic (AAT) မှ တာဝန်ရှိသူ ကိုစိုင်းက Myanmar Now ကို ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ဖြိုခွင်းခံရသော ရှမ်းပြည်နယ်မြောက်ပိုင်း ကျားဖြန့်လုပ်ငန်းတချို့သည်လည်း ရှမ်းပြည်တောင်ပိုင်းရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ ထိန်းချုပ်ရာ ဒေသတချို့တွင် ပြန်လည်ထူထောင်လျက်ရှိသည်ဟု သူက ဆက်ပြောသည်။
“အခု မြဝတီက ပြောင်းရွှေ့ချတာကလည်း နည်းနည်းသေးတဲ့ လုပ်ငန်းတွေပေါ့၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကျောထောက်နောက်ခံသေချာပေးထားတဲ့ လုပ်ငန်းတွေကတော့ မပြောင်းရွှေ့ကြပါဘူး” ဟု ကိုစိုင်းက ပြောသည်။
ထောင်နှင့်ချီသည့် ငွေလိမ်လုပ်ငန်းများတည်ရှိရာ ရွှေကုက္ကိုစီမံကိန်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၉၂ သန်း BGF က ရရှိပြီး ထိုငွေ ထက်ဝက် ၅၀ ရာခိုင်နှုန်းကို မြန်မာစစ်တပ်က ရရှိနေသည်ဟု အမေရိကန်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးအင်စတီကျု (USIP) က ပြီးခဲ့သည့် ဧပြီ ၂၂ ရက်က ဖော်ထုတ်ရေးသားခဲ့သည်။
ဇွန် ၁၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထိုင်းအစိုးရတာဝန်ရှိသူတို့က ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ အသုံးပြုမည့် Starlink ဂြိုဟ်တုဆက်သွယ်ရေးစက် ၅၈ ခုကို ဖမ်းဆီးရမိကြောင်း ပြောဆိုခဲ့သည်။
ချန်သာဘူရီပြည်နယ် ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းတစ်ခုတွင် ဖမ်းမိသော ဆက်သွယ်ရေးစက်များမှာ မြန်မာနယ်စပ်သို့ အဆင့်ဆင့် ပေးပို့ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အဆိုပါ စက်ပစ္စည်းများမှာ ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းခွင့်ပြုမထားသော ပစ္စည်းအမျိုးအစားဖြစ်သည်ဟု ဆိုသည်။
ယခင်ကလည်း ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် Starlink ၂၁ လုံး ဖမ်းဆီးရမိခဲ့သည်၊ ကျားဖြန့်ဂိုဏ်းနှင့် ဆက်စပ်မှု သံသယဖြင့် ဆက်လက်စုံစမ်းကာ အဆောက်အအုံတချို့ကို ဝင်ရောက် စီးနင်းခဲ့သည်ဟု Khaosod သတင်းဌာန၏ မေ ၃၁ ရက်နေ့ သတင်းတစ်ပုဒ်တွင် ရေးထားသည်။
ထိုစဉ်က မြန်မာပြည်သား အများအပြားနေထိုင်သော ချင်းမိုင်မြို့တွင်လည်း နေအိမ်များ စီးနင်းရှာဖွေခံရသည်။ ချင်းမိုင်တွင် အဖမ်းအဆီးတချို့ ရှိခဲ့ပြီး ဆက်သွယ်ရေးစက်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု အထက်ပါ သတင်းတွင် ဖော်ပြထားသည်။