ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မြို့သစ် အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသားများ ၆ လအတွင်း ထွက်ခွာရန် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သော နယ်ခြားစောင့်တပ် (BGF) က သတိပေးစာ ထုတ်ထားသော်လည်း လုပ်ငန်းများ ပုံမှန်လည်ပတ်နေဆဲဖြစ်သည်ဟု သိရသည်။
မေ ၁ ရက်မှ စက်တင်ဘာ ၃၁ ရက်အတွင်း ရွှေကုက္ကိုလ်မြို့သစ်တစ်ဝိုက်ရှိ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသားများ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ရောက်ရှိလာသူများလည်း ထိုဒေသမှ ထွက်ခွာရန်နှင့် မထွက်လျှင် ထိရောက်စွာအရေးယူမည်ဟု BGF က မေ ၃ ရက်တွင် သတိပေးစာ ထုတ်ပြန်ထားသည်။
အဆိုပါသတိပေးစာများကို လိုက်လံကပ်ထားပြီး မြို့အဝင်အထွက် ဖွင့်ထားဆဲဖြစ်ကြောင်း၊ ရထိုက်ကုမ္ပဏီပိုင် ကားဖြင့် သွားလာနေဆဲဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်တစ်ခုကို ကိုးကား၍ Salween Press က မေ ၆ ရက်တွင် ရေးသားထားသည်။
ကျားဖြန့်လုပ်ငန်းများမှာလည်း ဆက်လက်လည်ပတ်နေဆဲဖြစ်သည်ဟု ထိုအသိုင်းအဝိုင်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
“(၉ လပိုင်းအကုန်) ၁၀ လပိုင်းအထိဆိုတော့ သူတို့အေးဆေးရှာလို့ရသေးတယ်။ ဘာမှမဖြစ်ကြဘူး။ အဝင်အထွက်ကတော့ ပုံမှန်ပဲ။ အလုပ်တွေလည်း ခေါ်နေသေးတယ်” ဟု ၎င်းက ဆိုသည်။
မြဝတီ၊ ရွှေကုက္ကိုလ်မြို့တွင် ရာနှင့်ချီသော ငွေလိမ်ဂိုဏ်များ၌ BGF ခေါင်းဆောင်များ တိုက်ရိုက်ပါဝင်ပတ်သက်ကာ အဓိကပံ့ပိုးပေးနေကြောင်း အမေရိကန်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးအင်စတီကျု (USIP) က ပြီးခဲ့သည့် ဧပြီ ၂၂ ရက်က ဖော်ထုတ်ရေးသားပြီး တစ်ပတ်ကျော်အကြာမှာ BGF ၏ သတိပေးစာထွက်လာခြင်းဖြစ်သည်။
ကရင်ပြည်နယ်အတွင်းရှိ ငွေလိမ်ဂိုဏ်းအများအပြားသည် စောချစ်သူဦးဆောင်သည့် BGF ထိန်းချုပ်နယ်မြေအတွင်း လည်ပတ်နေခြင်းဖြစ်သည်၊ အကျိုးအမြတ်များစွာရရန် အာရုံစိုက်လုပ်နေကြသည်ဟု အဆိုပါ USIP၏ ဆောင်းပါးတွင် ဖော်ပြထားသည်။
BGF တပ်နယ်-၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းက မြဝတီ၊ ရွှေကုက္ကိုလ်တစ်ဝိုက်ရှိ ငွေလိမ်ဂိုဏ်းများ၌ လုပ်ကိုင်နေသူများမှာအနေဖြင့် မေ ၁ ကစ၍ လာရာလမ်းကို ပြန်ရမှာဖြစ်ကြောင်း၊ ငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်သည့် နိုင်ငံခြားသား တစ်သောင်းခန့်ရှိသည်ဟု ဒေသအခြေစိုက် KIC သတင်းဌာနကို ပြောထားသည်။
သတိပေးစာထုတ်ပြန်ပြီးနောက်ပိုင်း တချို့မှာ မြို့ကို စတင်စွန့်ခွာနေပြီဟု ၎င်းက ဆိုသည်။ သို့ရာတွင် မိမိနိုင်ငံသို့ ပြန်လည်နေထိုင်ရန် အဆင်မပြေသည့် နိုင်ငံခြားသားများကိုမူ နီးစပ်ရာဒေသများတွင် နေထိုင်နိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း ၎င်းက ပြောထားသည်။
လက်တွေ့ မြေပြင်အခြေအနေတွင်မူ အဆိုပါ BGF အရာရှိပြောသလို မဟုတ်ဘဲ ငွေကြေးတိုးမြှင့်ကာ အလုပ်များပါ ခေါ်ယူနေကြောင်း အထက်ပါ အမျိုးသားကလည်း ပြောသည်။
ယခင်က မြန်မာတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀,၀၀၀ မှ ၁၅,၀၀၀ အကြား ပေးသော်လည်း ယခုအခါ ဘတ်ငွေ ၂၀,၀၀၀ အထိပါ တိုးပေးထားသည်ဟု ၎င်းက ဆက်ပြောသည်။
“လောလောဆယ်က ဘာမှမဖြစ်ဘူး။ ပြီးခဲ့တဲ့ ဧပြီတုန်းကလည်း သတင်းထွက်တယ်။ ဒီဇင်ဘာမှာ စပြီး သတင်းထွက်တာ။ ပြီးတော့ သူတို့အုပ်ချုပ်ရေးပိုင်းနဲ့ ကုမ္ပဏီတွေနဲ့ ညှိတယ်။ နောက်ဆုံးထား ထွက်ပေးပါ ဆိုပြီးတော့ ထွက်တာ။ ပြဿနာသဲ့သဲ့ကြားပြီးတော့ အဆောက်အအုံတောင် အသစ်ထပ်ဆောက်လိုက်တာ။ သူတို့က ဟန်ပြပဲ လုပ်မှာ”
နယ်စပ်ဒေသမှာ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေသည့် ကျားဖြန့်လုပ်ငန်းများအခြေစိုက်ရာ မြဝတီ၊ ရွှေကုက္ကိုလ်၊ ဝမ်ခ၊ မယ်ထော်သလေးဒေသအမည်များနှင့် လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်သည့် Telegram များတွင်မူ အလုပ်ခေါ်စာများဆက်တိုက်ခေါ်ယူနေသည်ကို တွေ့ရသည်။
ထိုဂရုတစ်ခုအတွင်း ဝင်ရောက်ကြည့်ရှု့စဉ် ၁၀ မိနစ်ကြာအတွင်းမှာပင် အလုပ်ခေါ်စာ ၁၅၀ ထက်မနည်း ဆက်တိုက်ခေါ်ယူနေသည်ကို တွေ့ရသည်။
မြဝတီအထိ လာကြိုပေးမည်ဖြစ်ကြောင်း၊ BGF ကို ပေးရလေ့ရှိသည့် ဘတ် ၁သောင်းကိုလည်း ပေးစရာမလိုကြောင်း အပါဝင် ရွှေကုက္ကိုလ်မြို့အဝင်ပိတ်ထားလည်း စိတ်ပူစရာမလိုကြောင်း မက်လုံးပေးထားသည်။
ကုမ္ပဏီအသစ်အတွက်ဟုဆိုကာ လစာငွေ ဘတ် သုံးသောင်းနှင့် နှစ်သောင်းကြား ပေးမည် ပြောဆိုခေါ်ယူနေသူများလည်းပါဝင်သည်။ ထို့ပြင် ဖိအားကင်းစွာလုပ်ကိုင်ရမည်ဖြစ်ကာ အလုပ်အချိန်တွင် ကိုယ်ပိုင်ဖုန်းအပ်စရာမလိုကြောင်း၊ အလုပ်ချိန်တွင် နားချိန်လည်း ရမည်ဖြစ်ကြောင်း ပါရှိသည်။
USIP ၏ BGF အကြောင်းဖော်ပြချက်
ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်နေသူများမှာ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းတို့ ဖြစ်သည်ဟု ဆိုသည်။
မြဝတီမြို့၊ ရွှေကုက္ကိုမြို့တစ်ဝိုက်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို လက်ခံနေရာချထားပေးခြင်း၊ လုံခြုံရေးယူပေးခြင်းအပြင် လုပ်ငန်းများလည်ပတ်နိုင်ရန် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးနှင့် အင်တာနက်ရရှိရေးအတွက် BGF ခေါင်းဆောင်တို့က စီစဉ်ပေးထားသည်ဟု ဧပြီလ တတိယပတ်က ထုတ်ပြန်ခဲ့သည့် ထိုဆောင်းပါးတွင် ဖော်ပြသည်။
ထောင်နှင့်ချီသည့် ငွေလိမ်လုပ်ငန်းများတည်ရှိရာ ရွှေကုက္ကိုစီမံကိန်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၉၂ သန်း BGF က ရရှိသည်၊ ထိုငွေ ထက်ဝက် ၅၀ ရာခိုင်နှုန်းကို စစ်တပ်က ရရှိနေသည်ဟု ရေးသားထားသည်။
ထို့ပြင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် KK Park Project က အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားပြီး အကြီးအကျယ် လိမ်လည်လှည့်ဖြားနေကြောင်း၊ BGF ဗိုလ်မှူးတင်ဝင်းသည် Huanya Project တွင် KNLA တပ်မဟာ (၇) အဆင့်မြင့်အရာရှိ စောရော်ဂျာခင်နှင့်အတူ ပါဝင်ပတ်သက်နေသည်ဟု USIP က ရေးသားထားသည်။
သို့သော်လည်း KNU သည် ရာဇဝတ်မှုလုပ်ငန်းများနှင့် ကင်းရှင်းပြီး ကာစီနို၊ မူးယစ်ဆေးနှင့် အခြားတရားမဝင်လုပ်ငန်းများနှင့် ပတ်သက်လျှင် စည်းကမ်းတင်းကျပ်ထားသည်ဟု ဆက်လက်ဖော်ပြထားသည်။
စောရော်ဂျာခင်သည် ထိုလုပ်ငန်းများနှင့် ဆက်စပ်နေကြောင်း ၂၀၂၃ ဖေဖော်ဝါရီတွင် သတင်းထွက်ခဲ့ရာ KNU က ၎င်းတို့၏ အဖွဲ့ဝင်များကို ရာဇဝတ်မှုများနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခြင်း မပြုရန် တားမြစ်ထားသည်ဟု ကြေညာချက်ထုတ်ပြီး တုံ့ပြန်ခဲ့ဖူးသည်။