(တစ်)
ပြဿနာက အဲ့ဒီမှန်သေးသေးလေးတစ်ချပ်က စတာပဲ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က သူ ပိုက်ဆံအိတ် ကျပျောက်သွားတယ်။ ပိုက်ဆံအိတ်ထဲမှာ သူ့မှတ်ပုံတင်ကတ်ပြား ပါသွားတယ်။ ပိုက်ဆံကတော့ သိပ်များများစားစား ပါမသွားဘူး။ မှတ်ပုံတင်ပျောက်ဆုံးကြောင်း သတင်းစာထဲမှာ သူ ကြော်ငြာထည့်လိုက်တယ်။ မြို့ထဲထွက်တဲ့ တစ်ရက် လမ်းဘေးမှာ ချရောင်းနေတဲ့ ပိုက်ဆံအိတ်အပေါစားတစ်လုံး သူပြန်ဝယ်လိုက်တယ်။ မှန်တစ်ချပ်ရဲ့ ပြဿနာက အဲဒီကစတယ်လို့ ပြောရမယ်။ သူဝယ်လိုက်တဲ့ ပိုက်ဆံအိတ်ထဲမှာ မှန်သေးသေးလေးတစ်ချပ်ပါမှန်း ပထမ သူသတိမထားမိဘူး။ နောက်တစ်ရက်ကျမှ ပိုက်ဆံထည့်ဖို့ ပိုက်ဆံအိတ်ဖွင့်လိုက်တဲ့အခါ ပိုက်ဆံအိတ်ရဲ့ အပေါ်ဆုံးအိတ်ကပ်တစ်ခုထဲမှာ မှန်သေးသေးလေးတစ်ချပ်ပါနေတာ သူ သတိထားမိသွားတယ်။ တချို့ပိုက်ဆံအိတ်တွေမှာ အဲဒီလို မှန်လေးတစ်ချပ်ထည့်ပေးထားတတ်တယ်ဆိုတာ သူသိထားတော့ ပိုက်ဆံအိတ်ထဲမှာ မှန်တစ်ချပ်ပါလာတဲ့ ကိစ္စဟာ ဘာမှ ထူးထူးဆန်းဆန်းမဟုတ်ဘူး။
ဆန်းတာက အဲဒီ့မှန်ချပ်ထဲက သူ့ပုံရိပ်။ မှန်လေးကို ကိုင်ပြီး ထုတ်ကြည့်လိုက်တဲ့အခါ မှန်ထဲက သူ့ပုံရိပ်ကြီးဟာ ဘယ်လိုပုံကြီးမှန်းမသိဘူး။ သူ့နားရွက်က ဆင်တစ်ကောင်ရဲ့ နားရွက်လောက်ရှိတယ်။ အဲ့ဒီနားရွက်ကြီးက တဖတ်ဖတ်နဲ့ မျက်နှာကို ရိုက်နေတယ်။ သူ့နှာခေါင်းဟာ အရည်ပျော်ပြီး ပါးစပ်ထဲကို အိတွဲပြီး ကျနေတယ်။ သူ့ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတွေ လက်ဖဝါးပေါ်က လက္ခဏာအရေးအကြောင်းတွေလိုမျိုးပဲ။ ဟ ဘယ်လိုဖြစ်တာလဲ။ သူ မျက်လုံးကို ပွတ်ပြီး မှန်ကို ပြန်ကြည့်တယ်။ ဟုတ်တယ် သူ့ပုံမဟုတ်ဘူး။ နားရွက်က သေးသေးလေးဖြစ်သွားပြီး ပါးပြင်ကြီးက ဖောင်းဖောင်းကြီးနဲ့ လေလုံးကြီးလိုဖြစ်နေတယ်။ ညာဘက်မျက်လုံးနေရာမှာ နှာခေါင်းက ရောက်နေတယ်။ ပန်းစကြာ မှန်ပြောင်းထဲက ပုံတွေလို သူ့ပုံဟာ အမျိုးမျိုးပြောင်းနေတယ်။
မှန်ချပ်ကို ပိုက်ဆံအိတ်ကပ်ထဲ ကမန်းကတန်း သူပြန်ထိုးထည့်လိုက်တယ်။ ဘယ်လိုတွေဖြစ်ကုန်တာလဲ။ မရဲတရဲနဲ့ သူဟာ မှန်ကို ပြန်ကြည့်ပြန်တယ်။ ဒီအတိုင်းပါပဲ။ ငါ့ပုံပါပဲ။ ခုနက ဘာဖြစ်တာလဲ။ အိပ်ခန်းထဲက ကိုယ်လုံးပေါ်မှန်ကြီးရှေ့ သူအပြေးအလွှားသွားပြီး ကြည့်တယ်။ သူ့ပုံပါပဲ။ ဘာမှ မပြောင်းလဲတဲ့ သူ့ပုံမှ သူ့ပုံအစစ်။ မှန်ရှေ့ကို တရွေ့ရွေ့ သူတိုးသွားတယ်။ မှန်နဲ့ သူ့မျက်နှာနဲ့ဟာ ထိလုမတတ်ပဲ။
သူ့ပုံပါပဲ။ သူ့ပုံမှ သူ့ပုံအစစ်ပါပဲ။ မှန်ရှေ့မှာ သူရပ်နေတာ နည်းနည်းကြာသွားတယ်။ ပြီးတော့ သူ့မျက်နှာနား ထိလုမတတ်ဖြစ်နေတဲ့ မှန်ကြီးကို သူလက်ညှိုးနဲ့ တို့ကြည့်လိုက်တယ်။ အား သူ အကျယ်ကြီး ထအော်မိသွားတယ်။ သူ့ပုံဟာ ပြောင်းသွားပြန်တယ်။ သူ့နှုတ်ခမ်းတွေဟာ နှာခေါင်းလို ရှည်ရှည်ကြီး ချွန်ထွက်နေတယ်။ မျက်လုံးနှစ်လုံးထဲမှာလည်း အရောင်တွေစုံလို့။ ဆံပင်ရှည်တွေက အပေါ်ကို ထောင်နေတယ်။ အပေါ်ကဆွဲအားတစ်ခုက ဆွဲထားသလိုမျိုး။ သူ မျက်နှာကို အမြန်လွှဲလိုက်ရတယ်။ ဘာတွေဖြစ်ကုန်ပြီလဲ။
မှန်နားကနေ တစ်လှမ်းချင်း နောက်ကိုဆုတ်ပြီး သူပြန်ကြည့်တယ်။ သူ့နဂိုရုပ်အစစ်ကြီး ပြန်ပေါ်လာတယ်။ ဘာတွေလဲ၊ ဘာတွေဖြစ်နေတာလဲ၊ မှန်နားကို တရွေ့ရွေ့ သူတိုးကပ်သွားကြည့်ပြန်တယ်။ မှန်ကို လက်ညှိုးနဲ့ ပြန်တို့ကြည့်တယ်။
အား…
(နှစ်)
“ဘာပုံညှပ်မှာလဲ ဆရာ”
“ညှပ်ချင်တဲ့ပုံသာ ညှပ်ကွာ”
“မဟုတ်ဘူးလေ ဆရာ၊ ဆံပင်ရှည်တွေက ညှပ်ပစ်ရမှာလား၊ အတိုပုံညှပ်မှာလား မေးတာ”
“ဆံပင်ရှည်တွေကို မင်းမျက်စိထဲ ဘယ်လိုမြင်လဲ”
“ဟာ ဆရာကလည်း ဦးနှောက်စားပြန်ပြီ၊ ကျွန်တော် ဘယ်လိုလုပ်ပေးရမှာလဲ”
“ညှပ်ကွာ ဖြတ်ကွာ၊ ဒီ မိနစ်ပိုင်းအတွင်း ငါ့ခေါင်းကို မင်းပိုင်တယ်၊ ဒါထက် မင်းတို့ မှန်ကြီးက အခုံးကြီးပါလား”
ဆံပင်ညှပ်ဆရာလေးက သူ့ဆံပင်တွေကို စိတ်တိုင်းကျ ခုတ်ထစ်နေတုန်း မှန်ကို သူလှမ်းကြည့်တယ်။ သူ့ပုံပါပဲ။
“ဟေ့… သိပ်အများကြီး တိုမသွားစေနဲ့ဦး”
“ဟုတ်ကဲ့”
သူ့ပုံမှ သူ့ပုံအစစ်ပဲ။ ဘာမှ မပြောင်းလဲဘူး။
“ဟေ့ မင်းတို့မှန်က မှန်ရဲ့လားကွ”
“ဗျာ…”
“မင်းတို့မှန်က မှန်ရဲ့လားလို့”
“ဟာ ဆရာကလည်း ခေါင်းစားပြန်ပြီဗျာ၊ ကြည့်ဦး၊ ရပြီလား”
“မင်းရပြီဆို ရပြီပေါ့ကွာ”
ဆံသဆရာလေးက သူ့ကုပ်ပိုးနဲ့ မျက်နှာပေါ်က ဆံပင်အစနအတွေကို သုတ်သင်ရှင်းလင်းပေးနေတယ်။ ညီလေးရေ တစ်ခုလောက် ကိုယ့်ကို ကူညီကွာ။ မှန်ထဲမှာ ကိုယ့်ပုံ ဘယ်လိုပြောင်းသွားလဲဆိုတာ ကြည့်ပေးစမ်းပါဦး
“ဗျာ… ဆရာ၊ ကျွန်တော် နားမလည်ဘူး”
“မှန်ထဲကို မင်း ခဏလေး ကြည့်ပေးကွာ”
သူဟာ မှန်နားကို တိုးသွားပြီး လက်ညှိုးနဲ့ တို့ကြည့်လိုက်တယ်။ “အား…”
“ဆရာ ဘာဖြစ်တာလဲ”
ပြောင်းသွားပြန်ပြီ၊ ပြောင်းသွားပြန်ပြီ။ ဆံပင်တွေက သူ့ပါးပြင်ပေါ်မှာ ပေါက်နေတယ်။ မေးစေ့က အသားစိုင်ကြီးက ကော်အရည်တွေလို ပျော့အိတွဲကျနေတယ်။ သူ့နှာခေါင်းပြားချပ်ချပ်ကြီးပေါ်မှာ မျက်လုံးတစ်လုံးက ရောက်နေပြီး သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေတယ်။
“ဆရာ ဘာဖြစ်တာလဲ”
“ဟေ့ မှန်ထဲက ငါ့ပုံကို မင်းတွေ့လား၊ ဆံပင်တွေ ပါးပေါ်မှာ ပေါက်နေတယ်ကွ”
“ဘာဖြစ်နေတာလဲဗျာ၊ မျက်နှာပေါ်က ဆရာ့ဆံပင်တွေ ကျွန်တော် ရှင်းပေးပြီးပြီလေ”
“မဟုတ်ဘူး မဟုတ်ဘူး၊ မှန်ထဲက ငါ့မျက်လုံးကို မင်းကြည့်စမ်း ဘယ်ရောက်နေလဲလို့”
“ဘယ်ရောက်နေရမှာလဲ၊ မှန်ထဲက မျက်နှာက ဆရာ့မျက်နှာပဲပေါ့၊ ကျွန်တော် နောက်တစ်ခေါင်းကိုင်ရဦးမယ်၊ ဆရာ့လက်ကြီးကို မှန်ပေါ်ကဖယ်ပြီး ကောင်တာမှာ ပိုက်ဆံသွားရှင်းလိုက်ပါတော့ဗျာ”
“မှန်ထဲမှာ ငါ့ပုံပြောင်းသွားတာကို မင်းမတွေ့လိုက်ဘူးလား”
“မှန်ကတော့ မမှားနိုင်ပါဘူး ဆရာရယ်၊ ကျွန်တော် လုပ်စရာရှိသေးတယ်ဗျ”
ဆိုင်ထဲကအထွက် မှန်ကို တစ်ချက် သူလှမ်းကြည့်လိုက်သေးတယ်။ သူ့နဂိုရုပ်အတိုင်း သူ့ပုံမှ သူ့ပုံအစစ်။
(သုံး)
“ခင်ဗျားပြောပုံအရဆိုရင် မှန်နဲ့ ခင်ဗျားကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုခုနဲ့ ထိလိုက်မှ ခင်ဗျားရဲ့ မျက်နှာဟာ ပုံစံတွေပြောင်းသွားတယ်ဆိုတဲ့ သဘောပေါ့”
“ဟုတ်တယ်ဆရာ ကျွန်တော် လက်နဲ့ မထိမကိုင်မချင်း ကျွန်တော့်ပုံက ဘာမှ မပြောင်းဘူး၊ ကျွန်တော့်လက်နဲ့ ထိလိုက်ပြီဆိုရင် မျက်နှာကြီးဟာ ပုံစံတွေ အမျိုးမျိုးပြောင်းသွားတော့တာပဲ”
“ခင်ဗျား ဆေးတွေ ဘာတွေ သုံးဖူးလား”
“မသုံးဖူးပါဘူး”
“အရက်ကော အလွန်အကျွံသောက်တာမျိုးရှိလား”
“တစ်ခါတလေတော့ သောက်ပါတယ်၊ ဒါပေမဲ့ အရက်ကို ကျွန်တော် အများကြီးမသောက်နိုင်ဘူးဗျ”
“ဖြစ်တာ ဘယ်လောက်ရှိပြီလဲ”
“တစ်နှစ်လောက်တော့ ရှိပြီထင်တယ်”
“ဘာလို့ ခင်ဗျား အခုမှ ကျွန်တော့်ဆီ လာပြရတာလဲ”
“ဒီလို ဆရာ၊ စစဖြစ်ချင်း တစ်ပတ်နှစ်ပတ်မှာ ကျွန်တော် အရမ်းကြောက်တာ၊ ကျွန်တော့်မျက်နှာကြီးပြောင်းသွားတာကို အိပ်မက်တွေလည်း ခဏခဏမက်တယ်၊ ဘယ်သူ့မှလည်း ကျွန်တော် မပြောပြဖြစ်ဘူး၊ နောက်ပိုင်းမှာတော့ ဆရာရယ် ယဉ်ပါးသွားတဲ့ သဘောလားမသိပါဘူး၊ ကျွန်တော် မကြောက်တော့ဘူး”
“ခင်ဗျားမျက်နှာပြောင်းသွားပုံက တခြားတစ်ယောက်ရဲ့ မျက်နှာပုံမျိုးတွေ ဖြစ်သွားတာမျိုးလား”
“မဟုတ်ဘူးဆရာ၊ မျက်လုံးတွေနဲ့ နှာခေါင်းတွေက နေရာတွေလွဲနေတယ်၊ အရေပြားတွေက တွဲကျပြီး ပါးကြီးနှစ်ဖက်က ဘောလုံးကြီးလောက် တစ်ခါတလေ ဖောင်းကားနေတတ်တယ်၊ ဒါပေမဲ့ ဘယ်လိုပဲပုံစံတွေပြောင်းပြောင်း ကျွန်တော့်ရုပ်ရဲ့ ပင်ကိုဓာတ်က ပျောက်မသွားဘူးထင်ပါတယ် ဆရာရယ်၊ ကျွန်တော့်ရုပ်မှန်းတော့ ကျွန်တော်သိနေတယ်၊ ကျွန်တော့်မျက်လုံးတွေ၊ နှာခေါင်းတွေ၊ ပါးစပ်တွေကို ကျွန်တော် အလွတ်မှတ်မိနေတာလည်း ဖြစ်နိုင်ပါတယ်”
“ဒါနဲ့ ဘာလို့ အခုမှ ခင်ဗျား ကျွန်တော့်ဆီကို လာပြရတာလဲ”
“ခုနက ပြောသလိုပေါ့ ဆရာရယ်၊ စဖြစ်ဖြစ်ချင်း တစ်ပတ်နှစ်ပတ်လောက်မှာ ကျွန်တော် အရမ်းကြောက်သွားတယ်၊ နောက်တော့ ဘယ်လိုဖြစ်မှန်းမသိဘူး၊ မှန်ထဲက ပုံစံတွေပြောင်းပြောင်းနေတဲ့ ကျွန်တော့်မျက်နှာကို ကြည့်ရတာ အရသာရှိလာသလိုပဲ၊ မကြောက်တော့ဘူး၊ တစ်ခါတလေဆို တကူးတကတောင် ပိုက်ဆံအိတ်ထဲက မှန်လေးကို ထုတ်ထုတ်ကြည့်မိတယ်၊ သူများတွေ မမြင်အောင်လည်း ကြည့်ရသေးတယ် ဆရာရေ၊ တော်ကြာ ယောက်ျားကြီးတန်မယ့် မှန်ထုတ်ကြည့်တယ်ဆိုပြီး ဟင်း ဟင်း တစ်မျိုးအထင်ခံရနေရဦးမယ် မဟုတ်လား”
“ခင်ဗျား အဲ့ဒီလိုဖြစ်ပြီး နောက်ပိုင်း တခြားလူမှုရေးတို့ စီးပွားရေးတို့မှာကော ထိခိုက်မှုတွေရှိလား”
“မရှိဘူးဆရာ၊ အားလုံးပုံမှန်ပဲ၊ ဆရာက ကျွန်တော့်ကို ပုံမှန်မဟုတ်ဘူးလို့ ပြောချင်တာလား”
“မဟုတ်ပါဘူး၊ ခင်ဗျားအခြေအနေက အားလုံးကောင်းနေသားပဲ၊ ခင်ဗျားရဲ့ ပြောင်းလဲနေတဲ့ မျက်နှာပုံတွေကိုလည်း ကြည့်ရတာ အရသာတွေ့နေတယ်ဆိုတော့ ခင်ဗျားမှာ အခု ဘာပြဿနာရှိနေလို့လဲ”
“ဘာဖြစ်လို့လဲဆိုတာ ကျွန်တော်သိချင်နေတာ ဆရာ၊ မျက်စိအထူးကုဆရာဝန်တွေလည်း စုံနေအောင် ကျွန်တော်ပြပြီးပြီ၊ ဆရာ့ကို ပြောသလိုတော့ ကျွန်တော် မပြောပြဘူးပေါ့၊ မျက်လုံးမှာလည်း ဘာပြဿနာမှမရှိဘူး”
“ခင်ဗျားဟာက နည်းနည်းတော့ ဦးနှောက်ခြောက်စရာပဲ၊ ကျွန်တော်တို့ စိတ်ပညာမှာ အာရုံမှားမှုဆိုတာတော့ရှိတယ်၊ အီလူးရှင်း (Illusion) လို့ခေါ်တယ်၊ အာရုံမှားမှုဖြစ်ပေါ်နိုင်တဲ့ အခြေအနေ လေးချက်ရှိတယ်ဗျ၊ ခင်ဗျားနားလည်လွယ်အောင် အကျဉ်းချုပ်လေး နည်းနည်း ကျွန်တော် ရှင်းပြပေးရမလား”
“ဟုတ်ကဲ့ ကျွန်တော် စိတ်ဝင်စားပါတယ် ဆရာ”
“ဒီလိုဗျ ပထမအချက်က ခင်ဗျားစိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားတဲ့ စိတ်အခြေအနေကြောင့် ဖြစ်တဲ့ အာရုံမှားမှုမျိုးပေါ့၊ ခင်ဗျားဗိုက်အရမ်းဆာနေတဲ့အခါမှာ နှစ်နဲ့နှစ်ပေါင်းရင် ပေါင်မုန့်လေးချပ်လို့ ခင်ဗျားစိတ်ထဲမှာ မြင်ယောင်မိလိမ့်မယ်၊
နောက်တစ်ချက်က ခင်ဗျား စိတ်ထဲက ကြိုတင်ပြင်ဆင်ထားတဲ့ စိတ်အခြေအနေနဲ့ ပတ်ဝန်းကျင်က သဲလွန်စအမှားတစ်ခုတို့ ပေါင်းမိပြီး ဖြစ်ပေါ်တတ်တဲ့ အာရုံမှားမှုမျိုး၊ ဥပမာဗျာ အိပ်ရာထဲက ယင်ကောင်တစ်ကောင်ရဲ့ တဝီဝီအသံကို လေယာဉ်ပျံတစ်စင်းရဲ့ အသံလို့ ခင်ဗျားထင်မိတာမျိုး၊ အခန်းထောင့်မှာ ခွေထားတဲ့ ကြိုးခွေကို မြွေတစ်ကောင်ဆိုပြီး ထင်တတ်တာမျိုး၊ ကျွန်တော်ပြောတာတွေ ခင်ဗျားနည်းနည်းရှုပ်သွားပြီ ထင်တယ်”
“ရပါတယ် ဆရာ၊ ဒါပေမဲ့ ကျွန်တော် ဖြစ်တဲ့ဟာနဲ့တော့ ဘာမှ မဆိုင်သေးဘူးလို့ ထင်တာပဲ၊ ဆက်ပြောပါဦး ဆရာ”
“နောက်တစ်မျိုးကတော့ဗျာ အရာဝတ္ထုတွေရဲ့ သီးခြားမတည်ရှိမှု၊ ရောထွေးနေမှုကြောင့်ဖြစ်တဲ့ အာရုံမှားမှုမျိုး၊ ဒီအာရုံမှားမှုမျိုးက ဂျီဩမေတြီသဘောတရားတွေမှာ အများဆုံးတွေ့ရတယ်၊ ခင်ဗျားနားလည်အောင် ကျွန်တော်ပြောရရင်…
ဒီလိုဗျာ ကြက်ဥဝယ်ဖို့ ကြက်ဥဆိုင်တစ်ဆိုင်ထဲကို ခင်ဗျားဝင်သွားမယ်၊ ကြက်ဥတွေ အများကြီးထဲက ကြက်ဥတစ်လုံးကို ခင်ဗျားကောက်ရွေးလိုက်ရင် ကျန်တဲ့အလုံးတွေက ပိုကြီးနေသလို ထင်ရတတ်တယ်၊ အဲဒါနဲ့ ခင်ဗျားကြက်ဥကို ပြန်ချလိုက်ပြီး နောက်တစ်လုံး ထပ်ရွေးတော့လည်း ကျန်တဲ့ အလုံးတွေက ကြီးနေသလိုပဲလို့ ခင်ဗျားစိတ်ထဲမှာ ထင်မိသွားတတ်တယ်”
“ကျွန်တော် နည်းနည်းတော့ နားလည်သလိုပဲ ဆရာ”
“နောက်ဆုံးတစ်ချက် ကျန်သေးတယ်ဗျ။ ကျွန်တော်တို့မှာရှိတဲ့ အာရုံခံအင်္ဂါတွေရဲ့ ထူးခြားမှုကြောင့် ဖြစ်ပေါ်တဲ့ အာရုံမှားမှုမျိုး၊ သဘာဝက ပေးထားတဲ့ အာရုံမှားမှုမျိုးပေါ့ဗျာ၊ ကျွန်တော်တို့မှာရှိတဲ့ မျက်လုံးနှစ်လုံးရဲ့ မြင်လွှာ၊ ရက်တီနာ (Retina) ပေါ့။ အဲဒီ့မြင်လွှာနှစ်ခုပေါ်မှာ အလင်းတန်းတွေ တိတိကျကျ မဆုံနိုင်တဲ့အခါ အဲ့ဒီအာရုံမှားမှုမျိုးဖြစ်နိုင်တယ်၊ ကျွန်တော်တို့ရဲ့ မျက်လုံးကလည်း တစ်ခါတစ်ရံ အရာဝတ္ထုတွေရဲ့ အရွယ်အစားတွေကို အမှန်အတိုင်း မမြင်နိုင်ဘူးတဲ့ဗျ၊ ဥပမာ နေရဲ့ တကယ့်အရွယ်အစားအတိုင်း ကျွန်တော်တို့ရဲ့ မျက်လုံးက မြင်နိုင်လို့လား”
“ကျွန်တော် ဖြစ်တဲ့ဟာက အဲဒီအမျိုးအစားလားဆရာ”
“မျက်စိဆရာဝန်နဲ့လည်း ခင်ဗျားပြပြီးဆိုတော့ ဒီအမျိုးအစားလည်း မဖြစ်နိုင်ဘူးဗျ၊ ပြီးတော့ ဒီအာရုံမှားမှုက ပုံရိပ်တွေကို အရွယ်အမှန်အတိုင်း မမြင်နိုင်တာမျိုးပဲ။ ခင်ဗျားဖြစ်သလို အရာဝတ္ထုတွေဟာ ပုံသဏ္ဌာန်တွေပြောင်း၊ နေရာတွေလွဲပြီး ဖြစ်နေတာမျိုးမဟုတ်ဘူး၊ ပြီးတော့ ခင်ဗျားဟာက မှန်ကို ခင်ဗျားလက်နဲ့ ကိုင်မိမှ ဖြစ်တာဆိုတော့
“အဲဒါဆို ကျွန်တော်မြင်နေတာတွေဟာ အာရုံမှားတာတွေ မဟုတ်ဘူးပေါ့၊ ကျွန်တော့် မျက်နှာကြီးက တကယ်ပဲ ပြောင်းပြောင်းသွားနေတာလား”
“နေဦးဗျ ကျွန်တော်လည်း စဉ်းစားနေတာ ခဏလေး”
ဆရာဝန်ဟာ နဖူးပေါ်ကို လက်တင်ပြီး ခဏငြိမ်သွားတယ်။ အခန်းထဲမှာလည်း ဆရာဝန်ရဲ့ သက်ပြင်းချသံ တိုးတိုးကလွဲရင် တိတ်ဆိတ်နေတယ်။ သူလည်း ဘာမှမမေးဘဲ ငြိမ်နေလိုက်တယ်။ ခဏကြာမှ ဆရာဝန်ရဲ့ အသံဟာ ပြန်ပေါ်လာတယ်။
“မှန်ကို ခင်ဗျားလက်နဲ့ ထိလိုက်ရင် မှန်ထဲမှာ ခင်ဗျားရုပ်တွေပြောင်းသွားတယ်နော်”
“ဟုတ်ပါတယ်”
“အဲ့ဒီအချိန်မှာ တခြားတစ်ယောက်က မှန်ကို ခင်ဗျားနဲ့ တစ်ပြိုင်နက်တည်း ကြည့်နေတယ် ဆိုပါစို့
ခင်ဗျားရုပ်တွေပြောင်းသွားတာကို သူကောမြင်ရလား”
“မမြင်ရဘူးဆရာ၊ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ အဲ့ဒီကိစ္စကို ကျွန်တော် စမ်းသပ်ဖူးတယ်”
ဆရာဝန်ဟာ သူ့မျက်နှာကို သေသေချာချာ စိုက်ကြည့်နေတယ်။ စကားတစ်ခွန်းကို ပြောသင့် မပြောသင့် ချိန်ဆနေပုံရတယ်။ ထိုင်နေတဲ့ ခုံကနေ ဆရာဝန်ဟာ မတ်တတ်ထရပ်လိုက်တယ်။
လက်ကို နောက်ပစ်ပြီး အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတယ်။
“ခင်ဗျားက မိသားစုနဲ့ နေတာလား”
“မဟုတ်ပါဘူး ကျွန်တော် တစ်ယောက်တည်းနေတာ”
“အီလူးရှင်းအပြင် တခြားအဆင့်တစ်ဆင့်ရှိသေးတယ်ဗျ၊ အာရုံချောက်ချားခြင်းလို့ ခေါ်တယ်၊ ဟေလူဆီနေးရှင်း (Hallucination) တဲ့၊ လှုံ့ဆော်မှုမဲ့ အာရုံမှားခြင်းလို့လည်း စိတ်ပညာမှာခေါ်တယ်၊ အာရုံခံအင်္ဂါတွေရဲ့ လှုံ့ဆော်မှုမပါဘဲ သူ့ဘာသာ သက်သက်ကြီးဖြစ်နေတဲ့ အာရုံမှားမှုမျိုးဗျ၊ အဲ့ဒီလိုဖြစ်နေတဲ့ လူတစ်ယောက်ဟာ အိပ်မက်တွေမက်နေသလိုမျိုးပဲ အပြင်လောကမှာ မဟုတ်တာတွေကို ဟုတ်နေသယောင်ထင်နေတတ်တဲ့ အခြေအနေတစ်ရပ်ပေါ့ဗျာ”
“ဆရာပြောတာကြီးက အရူးရောဂါကြီးပါဗျာ၊ ကျွန်တော့်ပုံစံက ရူးနေတဲ့ပုံပေါက်နေလို့လား”
ဆရာဝန်ဟာ လမ်းလျှောက်နေတာကနေ ထိုင်ခုံပေါ် ပြန်ထိုင်ချလိုက်တယ်။
“မဟုတ်ပါဘူး၊ ကျွန်တော်ပြောတာက အဲ့ဒီလိုအဓိပ္ပာယ်မျိုး မဟုတ်ပါဘူး၊ ကျွန်တော်က စံလွဲစိတ်ပညာအကြောင်းကို ခင်ဗျားစိတ်ဝင်စားမလားလို့ ပြောပြနေတာ၊ ဟေလူဆီနေးရှင်းဆိုတာက နူရိုးဆစ်အဆင့် မဟုတ်တော့ဘူး၊ ဆိုက်ကိုးဆစ်ဖြစ်သွားပြီ၊ ရှင်းရှင်းပြောရရင် အဲဒီလူရဲ့စိတ်ဟာ ပုံမှန်အခြေအနေမဟုတ်တော့ဘူး၊ ယုံမှားလွန်းခြင်း၊ ဒီလူးရှင်း (Delusion) ဆိုတာလည်း ဒီသဘောမျိုးပဲ၊ ဒါပေမဲ့ ခင်ဗျားဟာက ဒီအဆင့်မျိုးလည်း မဟုတ်ဘူး၊ ခင်ဗျားရဲ့ ကိုယ်ရည်ကိုယ်သွေး Personality ကို ကြည့်ရတာ အားလုံးစံကိုက်စိတ်အနေအထားပဲ၊ ခင်ဗျားပြောပြလို့သာ ကျွန်တော်လည်း လူနာတွေစုံနေပါပြီဗျာ၊ ခင်ဗျားလိုမျိုးဖြစ်တာတော့ တစ်ယောက်မှ မကြုံဖူးဘူး”
“ဆရာက ကျွန်တော်ပြောနေတာတွေကို မယုံလို့လား၊ မှန်ထုတ်ပြီး ကျွန်တော် ကြည့်ပြရမလား”
“မှန်ထုတ်ပြီး ခင်ဗျားကြည့်လည်း ခင်ဗျားမျက်နှာပုံစံတွေပြောင်းသွားတာကို ကျွန်တော် မြင်ရမှာမှ မဟုတ်တာ၊
နေဦး ခင်ဗျားအိပ်ရေးကော ပျက်လေ့ပျက်ထရှိလား”
“မရှိပါဘူး”
ဆရာဝန်ဟာ သူ့မျက်နှာကို ကျော်ပြီး သူဝင်လာတဲ့ တံခါးမဆီကို ငေးကြည့်နေတယ်။ တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ဆရာဝန်ရဲ့ သက်ပြင်းချသံဟာ အနည်းငယ် ကျယ်လောင်နေသလို ထင်ရတယ်။ အခန်းရဲ့ ဆိတ်ငြိမ်မှုဟာ မိနစ်ပိုင်းလောက် ကြာသွားတယ်။
“ခင်ဗျားဖြစ်တဲ့ကိစ္စက တော်တော်စဉ်းစားစရာပဲဗျ၊ ကျွန်တော်တောင် စာအုပ်တွေ ပြန်လှန်ရမလိုဖြစ်နေပြီ၊ ဒါထက် ခင်ဗျားက ဘာအလုပ်လုပ်တာလဲ”
“စာရေးဆရာပါ”
“ဒါဆို ခင်ဗျားဖြစ်သလိုမျိုး စာအုပ်တစ်အုပ်အုပ်ထဲမှာများ ခင်ဗျားဖတ်ဖူးခဲ့လား”
“ဆရာရယ် အခုဖြစ်နေတာက ဝတ္ထုမှမဟုတ်ဘဲ တကယ်ဖြစ်နေတဲ့ ကိစ္စပဲကို”
“မဟုတ်ပါဘူး ကျွန်တော်မေးတာက ခင်ဗျားအဖြစ်မျိုးနဲ့ ခပ်ဆင်ဆင် ဝတ္ထုဇာတ်လမ်းတွေ ဘာတွေများ ခင်ဗျား ဖတ်ဖူးခဲ့သလားလို့ပါ”
“မဖတ်ဖူးပါဘူး”
“ခင်ဗျားဖြစ်တဲ့ အဖြစ်က ဝတ္ထုတစ်ပုဒ်လောက်တောင်ရေးဖို့ ကောင်းနေပြီ၊ ခင်ဗျား ဘာကို ပြုံးတာလဲ”
သူပြုံးမိသွားတာကို ဆရာဝန်ရိပ်မိသွားပုံရတယ်။
“ဆရာပြောတာတောင် နောက်ကျနေပြီဆိုပြီး ကျွန်တော် ပြုံးမိသွားတာပါ၊ ကျွန်တော် ဝတ္ထုရေးထားပါတယ်၊ ဒါပေမဲ့ အမှန်လွန်ဝတ္ထုမျိုးဖြစ်နေတော့ ရေးရတာ နည်းနည်းခက်နေတယ်ဆရာ”
“အဲဒီ့ဝတ္ထုက ပြီးသွားပြီလား”
“မပြီးသေးပါဘူး၊ ဇာတ်သိမ်းပိုင်းမှာတင် ကြာနေတာ၊ ပြင်လိုက်၊ ဖျက်လိုက်နဲ့ ဇာတ်သိမ်းဖို့ တော်တော်ခက်နေတာ ဆရာရေ၊ ရေးနေတာကိုပဲ လနဲ့ချီကို ကြာနေပြီ”
“ခင်ဗျားဝတ္ထုပြီးရင်လည်း ကျွန်တော့်ကို ပေးဖတ်ပါဦး၊ ခင်ဗျားဖြစ်တဲ့ ပြဿနာကတော့ စာအုပ်တွေ ကျွန်တော်ပြန်ဖတ်ကြည့်ဦးမယ်ဗျာ”
အခန်းဟာ ပြန်တိတ်ဆိတ်သွားပြန်တယ်။ ဆရာဝန်ဟာ တံခါးမဘက်ကို ငေးပြီး တစ်ခုခုစဉ်းစားနေပုံရတယ်။ သူရှိနေတာတောင် မေ့လျော့နေတဲ့ပုံစံမျိုးနဲ့ လေးလေးနက်နက် တွေးနေတဲ့ ဆရာဝန်ရဲ့ မျက်နှာကိုကြည့်ပြီး သူ့စိတ်ထဲမှာ အမျိုးအမည်မသိတဲ့ ခံစားမှုတစ်မျိုးဟာ ဖြစ်ပေါ်လာတယ်။
“မှန်တွေကို ဆရာဘယ်လိုမြင်လဲ”
သူ့အသံကပဲ နည်းနည်းကျယ်လောင်သွားတာလား မသိဘူး။ သူ့အတွေးနဲ့သူ မျောနေတဲ့ ဆရာဝန်ဟာ အနည်းငယ်လန့်သွားတဲ့ပုံမျိုးနဲ့ သူ့ကို လှမ်းကြည့်တယ်။
“ဗျာ “
“သြော် … မှန်တွေကို ဆရာဘယ်လိုမြင်လဲလို့”
“ဘယ်လိုမြင်ရမှာလဲဗျ၊ ကိုယ့်ရုပ်ကိုယ်ပြန်မြင်မှာပေါ့”
ဆရာဝန်ရဲ့ ဖြေသံဟာ တုံးတိတိနဲ့ ဒေါသသံ အနည်းငယ်စွက်နေတယ်။
မှန်ထဲကို ကြည့်လိုက်ရင် ဆရာရဲ့ ရုပ်ကြီးက ပြောင်းမနေဘူးလား
“ခင်ဗျားဘာတွေ လာပြောနေတာလဲ”
ပြောရင်း ဆရာဝန်ဟာ ဒေါသတကြီးထရပ်လိုက်တယ်။ ဆရာဝန်ရဲ့ မျက်နှာဟာ မိနစ်ပိုင်းအတွင်း အပြောင်းအလဲကြီး ပြောင်းလဲပြီး အလွန်တရာ ခက်ထန်မာကျောနေတဲ့ ပုံမျိုးပေါက်လာတယ်။
“ကျွန်တော် ပြန်သွားရင် မှန်တစ်ချပ်ကိုယူ သေသေချာချာစိုက်ကြည့်၊ ဆရာရဲ့ ရုပ်ကြီးက ပြောင်းနေလိမ့်မယ်၊ စာအုပ်တွေ ဆရာပြန်လှန်နေလည်း အပိုပဲ၊ ကျွန်တော့်လိုမျိုး ဆရာရဲ့ မျက်နှာကြီးဟာ ပုံသဏ္ဌာန်တွေ အမျိုးမျိုးပြောင်းပြီး ပထမဆရာ လန့်ဖျပ်သွားမယ်၊ ပြီးရင် အဲဒီ့မှန်ကို ဆရာရိုက်ခွဲပစ်ချင်စိတ်ပေါ်လာလိမ့်မယ်”
“ဟေ့လူ ခင်ဗျားရူးနေပြီလား၊ ကျုပ်က ဘာဖြစ်လို့ ခင်ဗျားလို ဖြစ်ရမှာလဲ”
ဆရာဝန်ရဲ့ အသံဟာ အတော်ပဲ ကျယ်လောင်နေတယ်။
“မယုံရင် ဆရာမှန်တစ်ချပ် အခုသွားယူလေ၊ ကြည့်ကြည့်ပါလား၊ ဆရာ မကြည့်ရဲဘူးမဟုတ်လား”
ဆရာဝန် သူ့ကို စိုက်ကြည့်နေပုံက စားတော့ဝါးတော့မတတ်ပဲ။ စားပွဲခုံပေါ် လက်ထောက်ထားတဲ့ ဆရာဝန်ရဲ့ ကိုယ်ခန္ဓာဟာ တဆတ်ဆတ်တုန်ရီနေတယ်။ ရုတ်တရက်ကြီး ပြောင်းလဲသွားတဲ့ ဆရာဝန်ရဲ့ အမူအရာတွေကို ကြည့်ပြီး သူ့စိတ်ထဲမှာ တအားရယ်ချင်စိတ် ပေါက်လာတယ်။
“ဟား ဟား ဟား ဆရာမကြည့်ရဲဘူးမဟုတ်လား၊ ဆရာရဲ့ နှာခေါင်းကြီးကလေ မျက်လုံးနေရာရောက်နေလိမ့်မယ်၊ ပါးကြီးက ဖောင်းကားကြီး၊ ဆံပင်တွေ ပါးပေါ်မှာ ပေါက်နေတာကို ဆရာတွေ့ရလိမ့်မယ်၊ ပြီးရင် ဆရာ့ရုပ်ကြီးက ထပ်ပြောင်းသွားပြီး နှုတ်ခမ်းကြီးက ရှေ့ကို အရှည်ကြီး ချွန်ထွက်လာလိမ့်မယ်၊ နားရွက်အကြီးကြီးက တဖတ်ဖတ်နဲ့ ဆရာ့မျက်နှာကို လာရိုက်လိမ့်မယ်၊ အခု မှန်သွားယူလေ၊ ဆရာကြည့်လေ၊ ဆရာမကြည့်ရဲပါဘူး၊
ဟား ဟား ဟား
ဟား ဟား ဟား”
ဆရာဝန်ရဲ့ နှုတ်ခမ်းတွေဟာ တဆတ်ဆတ်တုန်နေတယ်။ သူ့ကို စိုက်ကြည့်နေတဲ့ ပုံကလည်း သူ့တစ်ကိုယ်လုံး လောင်ကျွမ်းသွားတော့မတတ်ပဲ။
“မှန်တစ်ချပ်ကို သွားယူလေ မှန်တစ်ချပ်ကို ဆရာမကြည့်ရဲဘူး မဟုတ်လား။ ဟား ဟား ဟား ကျွန်တော့်ဝတ္ထုကတော့ ပြီးသွားပြီ ဆရာရေ၊ အခု ကြည့်နေရင်းနဲ့ကို ဆရာ့ရုပ်ကြီးက ပုံစံတွေ အမျိုးမျိုးပြောင်းနေပြီ၊ တကယ်တော့ ဆရာက လူယောင်ဆောင်ထားတဲ့ မှန်ကြီးပဲ၊ ဆရာ သတိထား ဆရာ့ရုပ်ကြီးက ပုံစံတွေ အမျိုးမျိုးပြောင်းနေပြီ၊
ပြောင်းနေပြီ ဆရာ၊ ပြောင်းနေပြီ၊
ပြောင်းနေပြီ
ပြောင်းနေပြီ
ပြောင်းနေပြီ
ဟား ဟား ဟား ဟား ….
ဟား ဟား ဟား ဟား….. “
“စောက်ရူး… ပြန်တော့”
ဆရာဝန်ရဲ့ အသံဟာ အခန်းထဲမှာ အတော်ပဲ ကျယ်လောင်မြည်ဟိန်းသွားတယ်။ ရယ်မော အော်ဟစ်ပြီး ထပြန်သွားတဲ့သူ့ကို ဆရာဝန်ဟာ မျက်ထောင့်နီကြီးနဲ့ ရပ်ကြည့်ပြီး ကျန်နေရစ်တယ်။ တံခါးဝနားရောက်တော့ ဆရာဝန်ကို သူ စကားတစ်ခွန်းပြောခဲ့သေးတယ်။
“ကျွန်တော့် ဝတ္ထုရဲ့ ဇာတ်သိမ်းပိုင်းမှာ ဆရာလည်း ပါတယ်နော် “
***
လင်းထိုက်