ဝတ္ထုတို

ထင်းရှူးသေတ္တာ

ဒွေးလေးဆုံးတော့ သူ့ထင်းရှူးသေတ္တာလေးကို ဖွင့်ကြည့်ကြမလားလို့ ကိုကိုက ပြောတယ်၊ ဒွေးလေးက သူ့သေတ္တာကို တစ်သက်လုံး အရိပ်တကြည့်ကြည့်နေခဲ့တာ၊ သူ့အသက်ရှင်သမျှကာလပတ်လုံး ဘယ်သူ့ကိုမှ ပေးမကိုင်ခဲ့ဘူး၊ နောက်ဆုံး အိပ်ရာထဲ လဲသည်အထိ သူ့ဘေးမှာ ထားတာ၊ ဆုံးတော့လည်း သူ့သေတ္တာလေးကို ကြည့်ပြီး ဆုံးသွားတာပဲ၊ သူ့မျက်ဝန်းထဲမှာလည်း သေတ္တာလေးကို စိတ်မချနိုင်တဲ့ အငွေ့တွေက အတိုင်းသားပေါ့။

ဒွေးလေးက အပျိုကြီး၊ ၄တန်းအထိ ကျောင်းနေခဲ့ဖူးတယ်တဲ့၊ စာကတော့ ရေးတတ်ဖတ်တတ် တွက်တတ်ချက်တတ်တဲ့ အနေအထားလောက်ပဲ၊ သူတို့ငယ်ငယ် မွေးရပ်ရွာက ဂျပန်တွေ စစ်ပြေးတဲ့ စစ်လမ်းကြောင်းပေါ်မှာရှိနေတော့ သူတို့လည်း စစ်ပြေးဒုက္ခသည်ဖြစ်ပြီး ပြေးကြရ လွှားကြရသတဲ့၊ ဒီလိုပြေးရင်းနဲ့ မြို့ရောက်လာ၊ ကျူးကျော်တွေမှာ ကြုံသလိုနေထိုင်ရင်း ရရာအလုပ် လုပ်ကိုင်စားခဲ့ကြရတာ၊  မြို့ဆိုပေမဲ့ မြို့ကလည်း ပီပီသသ မြို့မဟုတ်သေးဘူး၊ မြို့လယ်လောက်ပဲ လူစုစုရှိတာ၊ ကျန်တဲ့ မြို့နီးချုပ်စပ်ကတော့ စစ်ဘေးရှောင်တွေ ကျူးတွေနဲ့ ပြည့်နေတာတဲ့၊ ပဲဆွတ်၊ နှမ်းဖြာ၊ ကောက်သင်းကောက်နဲ့ စစ်အတွင်းဆိုတော့ မရှိရှိတဲ့အလုပ် လုပ်စားခဲ့ကြရတာပါပဲတဲ့၊ တစ်ခါတစ်ခါ ဒွေးလေးနဲ့ ဟိုးနားဒီနား သွားမိတဲ့အခါမျိုးတွေမှာဆိုရင် သူက လမ်းမှာ ခဏခဏရပ်ပြီး သူမှတ်မိတဲ့နေရာနဲ့ သူမှတ်မိနေတဲ့အကြောင်းလေးတွေကို ပြောပြောပြတတ်တယ်၊ လေယာဉ်ကွင်းနားရောက်ရင်တော့ သူ့မျက်နှာက သိသိသာသာပျက်လာပြီ၊ ပြီးရင်တော့ ကျနော်တို့အကြိမ်ကြိမ်ကြားဖူးပြီးသားဖြစ်တဲ့ ဓာတ်ပြားဟောင်းကြီးကို ဖွင့်တော့တာပါပဲ။

လေယာဉ်ကွင်းဘေးနားလေးမှာက အတော်လေးကြီးတဲ့ ထနောင်းပင်ကြီးရှိတယ်၊ အညာနွေပူပူဆို အတော်လေးနားလို့ပြုလို့ကောင်းတဲ့ အရိပ်အာဝါသပေါ့၊ နွေထနောင်း ဆောင်းမန်ကျည်းဆိုတဲ့ စကားပုံအတိုင်း ကျနော်တို့ အညာမှာတော့ နွေဆိုရင် ထနောင်းရိပ်က အေးနေတတ်ပြီး ဆောင်းဆိုရင်တော့ မန်ကျည်းရိပ်က အုံ့အုံ့ဆိုင်းဆိုင်းနဲ့ နွေးနေတတ်တာမျိုးကိုး၊ ဒွေးလေးက အဲဒီထနောင်းပင်ရိပ်ရောက်ရင် အကြာကြီး နားနားနေနေ နေတတ်တယ်၊ ပြီးရင်တော့ ပါးစပ်က တရစပ်ပြောတော့တာပဲ၊ ဒီနေရာမှာ အရင်က ဒီလမ်းတွေမရှိသေးဘူး။ တကယ့်ကို တောကြီးမျက်မည်းကြီးတဲ့။ သူတို့ စစ်ပြေးကြတော့တောင် တချို့တောတွေကို ထွင်ပြီး ပြေးကြရတာတဲ့။ သူ့အစုအဖွဲ့နဲ့သူ ပုန်းချိန်တန်ပုန်း၊ ပြေးချိန်တန်ပြေးနဲ့ မြို့ရောက်လာခဲ့ကြတာတဲ့၊ ဒါပေမဲ့ ဒီနေရာလေးကိုတော့ သူ့တစ်သက် ဘယ်တော့မှမမေ့ဘူး။ ပြီးတော့ ဒီထနောင်းပင်၊ ဒီထနောင်းပင်မှာ သူ့မောင်နှစ်ယောက် အခုထိရှိနေသေးတယ်လို့လည်း သူယုံတယ်တဲ့၊ ဒွေးလေးမှာ မောင်သုံးယောက်ရှိတယ်၊ နှစ်ယောက်က အမြွှာတဲ့၊ ရုပ်ချင်းကလည်း မိဘတွေတောင် မနည်းကြီး ခွဲယူရလောက်အောင်ထိ တူတာတဲ့၊ ဒါပေမဲ့ အမြွှာနှစ်ကောင် ကံဆိုးရှာပါတယ်၊ ပြေးရင်းလွှားရင်း ဒီနေရာလေးမှာစတည်းချတုန်း ဗုံးဆန်ထိပြီး ဆုံးပါးကျန်ခဲ့ရသတဲ့၊ ဒီတုန်းက ထနောင်းပင်ကလည်း ဒီလောက်ကြီး မကြီးသေး။ သူ့မောင်ကလေးတွေရဲ့ ခြေပြတ်လက်ပြတ်နဲ့ အသားစတွေက ထနောင်းပင်ပေါ်မှာ မွစာကြဲလို့တဲ့၊ စစ်အတွင်းဆိုတော့ မိဘမောင်ဖားအရင်းကြီးတွေဆိုပေမဲ့ ဖြစ်သလိုပဲ သင်္ဂြိုဟ်ခဲ့ကြရတယ်တဲ့၊ ဒွေးလေးက ပြောလိုက်ငိုလိုက်ပဲ၊ တစ်ခါတစ်ခါကျ ဟဲ့ ငါပြောတာ ကြားရဲ့လားဆိုပြီး ကျနော်တို့ကိုပဲ ပြောသလိုလို သူ့မောင်တွေကိုပဲ ပြောသလိုလိုနဲ့ ပြောတတ်သေးတာ၊ သူငိုလို့ အားရပြီ၊ လွမ်းလို့လည်း မောပြီဆိုတော့မှ လိုရာခရီးဆက်ကြရတာ။

ဒွေးလေးမှာ အဲသည်လိုသတိရစရာနေရာတွေက အများကြီး၊ ဒွေးလေးက အမှတ်သညာလည်းကြီးတယ်၊ အစွဲအလမ်းလည်းကြီးတယ်၊ ဒါပေမဲ့ မြို့က တဖြည်းဖြည်းကျယ်လာ၊ လူဦးရေများလာတော့ ကွက်သစ်တွေချဲ့ကြရတာပေါ့၊ အရင် ယာကွင်းတွေနေရာက လူနေရပ်ကွက်တွေဖြစ်လာ၊ တချို့ ရိုးချောက်တွေကိုဖို့၊ ကန်တွေကို ပြန်ဆယ်နဲ့ဆိုတော့ ဒွေးလေးရဲ့ အမှတ်တရနေရာတွေလည်း တစ်စတစ်စနဲ့ ပါကုန်တာပေါ့လေ၊ ဒါပေမဲ့ ဒွေးလေးကတော့ အကုန်လုံးနီးပါး မှတ်မိနေတာပါပဲ။

ဒွေးလေးက ရပ်ကွက်ထဲမှာ ကုန်စုံဆိုင်အသေးလေးဖွင့်ထားတယ်၊ အချိုမှုန့်၊ ဆား၊ ငရုတ်ကြမ်းမှုန့်၊ ကြက်သွန်ဖြူနီအစ ငါးခြောက်ငါးခြမ်းလေးတွေအထိ တစ်နိုင်စာ အထုပ်သေးသေးလေးတွေထုတ်ပြီး ပြန်ရောင်းတယ်၊ ရပ်ကွက်ကလည်း လက်လုပ်လက်စားရပ်ကွက်ဆိုတော့ သူ့ဆိုင်လေးက အတော်အသင့်ရောင်းကောင်းတဲ့အထဲမှာ ပါတာပေါ့လေ၊ ဒီတော့ ၄ ရက် တစ်ခါ၊ ၅ ရက် တစ်ခါလောက် မြို့မဈေးကြီးကို သွားပြီး ဈေးသွားသွားဝယ်ရတယ်၊ ဒီတုန်းက ဆိုင်ကယ်ခေတ် ကားခေတ်မဟုတ်သေးဘူး။ မြင်းလှည်းခေတ် ဆိုက်ကားခေတ်ပေါ့၊ မြင်းလှည်းကတော့ လူစီးသီးသန့်များပါတယ်၊ ဆိုက်ကားကတော့ လူစီးရော ကုန်အသယ်အပြုရောသုံးတာပေါ့၊ ဒွေးလေးကတော့ သူ့စက်ဘီးရဲ့ နောက်ကယ်ရီယာခုံမှာ ပျဉ်ချောင်းတွေနဲ့ ပြန့်ကြီးအောင်လုပ်ပြီး ခံတောင်းကြီးကို အသေချည်ထားတတ်တယ်၊ တော်ရုံအားနဲ့တော့ လွယ်လွယ်နဲ့ဖြုတ်မရဘူး၊ ဈေးရောက် ပစ္စည်းတွေဝယ်၊ ခံတောင်းကြီးထဲ စုပြုံထိုးထည့်ပြီး ပြန်လာတာပဲ၊ သူ့အတွက်တော့ ဘာဆိုက်ကားမှ ငှားနေစရာမလိုဘူးတဲ့၊ ဒီလိုနဲ့ တစ်နေ့တော့ မျက်စိပျက်မျက်နှာပျက်နဲ့ ပြန်ရောက်လာတယ်။ လက်မှာလည်း ထိခိုက်ရှနာ ပွန်းပဲ့ရာနိုင်းချင်းနဲ့ဆိုပါတော့၊ ဒွေးလေး ဘာဖြစ်လာတာလဲဆိုတော့ ရန်သတ်လာတာတဲ့၊ ဟာ တစ်သက်နဲ့တစ်ကိုယ် ရန်သတ်ဖို့နေနေသာသာ သူတစ်ဖက်သားကိုတောင် နင့်နင့်သီးသီး အပြစ်မမြင်တတ်တဲ့ ဒွေးလေးလေ၊ ခုတော့ ဘယ်လိုဖြစ်လာပါလိမ့်ဆိုတော့ ဖြစ်ပုံကဒီလိုတဲ့ မနက်က ဈေးကြီးအသွား လမ်းစုံမှာ ဖြစ်လာတာတဲ့ ၊ လမ်းစုံမှာ လူတစ်ယောက်က ရူးတာလား မူးတာလားမသိတဲ့၊ ပီပီကြီး တရွှီရွှီမှုတ်ပြီး ဟိုလူ့လက်ပြ ဒီလူ့လက်ပြလုပ်နေတာ အသွားတော့ ဘာကုန်ပစ္စည်းမှ မပါတော့ ပေါ့ပေါ့ပါးပါးရှောင်သွားလို့ ရသေးတယ်၊ အပြန်ကျမရတော့ဘူး ကုန်က လေးတာကတစ်မျိုး၊ ပြီးတော့ စက်ဘီးဘရိတ်ကလည်း သိပ်မမိချင်တော့ဘူးလေတဲ့၊ အဲဒီမှာပဲ ဟိုအရူးက သူ့ရှေ့ခပ်လှမ်းလှမ်းကနေ ပိတ်ရပ်ပြီး တားသတဲ့၊ ဒါပေမဲ့ မရတော့ဘူး စက်ဘီးက ဘရိတ်ကလည်းမကောင်း ရုတ်တရက်ကြီး တုံ့ခနဲရပ်ဖို့ကျ သူလည်းမရပ်တတ်ဘူးလေ။ ဒီတော့ ရှေ့ကလူကို တည့်တည့်ကြီးဝင်တိုးပစ်တော့တာပဲတဲ့၊ ဟိုလူလည်း ဖူးရောင်ကွဲပြဲလို့ ဒွေးလေးလည်း မြင်တဲ့အတိုင်းပဲတဲ့၊ ပြဿနာက ဒီမှာတင် ပြီးမသွားဘူး၊ သူမှန်တယ် ငါမှန်တယ် ငြင်းကြခုန်ကြရသေးတာတဲ့၊ ဒွေးလေးသဘောကတော့ ရှင်းတယ် လမ်းလယ်ကောင်ရပ်ပြီး အူကြောင်ကြောင်လုပ်နေတာ အတိုက်ခံရတာတောင် နည်းသေးလို့ ပြောချလိုက်တယ်တဲ့၊ ဟိုလူ့မှာ မျက်စိပျက်မျက်နှာပျက်နဲ့ အူကြောင်ကြောင်လုပ်နေတာမဟုတ်ဘူးဗျ ကျုပ်အလုပ်ကျုပ်လုပ်နေတာလို့ ပြန်ခံပြောသတဲ့၊ ဒွေးလေးကလည်း ဘယ်ရမလဲ ဝတ်ထားတာကလည်း အူကြောင်ကြား နေ့ခင်းကြောင်တောင် လှည်းထောက်ခွကြီးနဲ့ ဘွတ်ဖိနပ်ကြီးနဲ့ဆိုတော့ သေချာပေါက်အရူးပဲဖြစ်ရမယ်လို့ တွက်သတဲ့၊ အဲသည်လိုနဲ့ အချေအတင် ငြင်းကြခုန်ကြရင်းနဲ့မှ တဖြည်းဖြည်းသဘောပေါက်လာတယ်။ ဟိုလူက ရဲတဲ့၊ ရဲဆိုပေမဲ့ လူတွေကို ထိန်းတဲ့ ရဲမဟုတ်ဘူး ယာဉ်တွေကို ထိန်းတဲ့ ယာဉ်ထိန်းရဲတဲ့၊ ကျုပ်ဖြင့် ကြားမကြားဖူးပါဘူးတော်ဆိုပြီး အသာလစ်ထွက်ခဲ့ရတယ်၊ မတော် ဖမ်းဟယ်ပြုဟယ်လုပ်နေရင် ဒုက္ခများမှာမဟုတ်လားတဲ့၊ အဲဒီရဲက ဒီမြို့မှာ ပထမဦးဆုံးတာဝန်ကျခဲ့တဲ့ ယာဉ်ထိန်းရဲပါပဲ၊ သူ့အလုပ်ရဲ့ပထမဦးဆုံးအလုပ်ဆင်းချိန်မှာ ဒွေးလေးနဲ့ တည့်တည့်တိုးမိခဲ့တာပါပဲ။

ဒွေးလေးက သေသည်ထိ အပျိုကြီးဘဝနဲ့ပဲ အရိုးထုတ်သွားတာ၊ ကျနော်တို့ တစ်သက်နဲ့တစ်ကိုယ် ရည်းစားသညာရှိခဲ့တယ်လို့လည်း မကြားပါဘူး၊ ရွာက သူ့တူမလေးတစ်ယောက်ကို အဖော်ပြုပြီး ခြိုးခြံချွေတာ နေသွားတာပါပဲ၊ သူ့ရောဂါကလည်း ဘာမှထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ အဆုတ်မှာ အနာပေါက်ပြီး တီဘီဖြစ်တာ၊ သိတဲ့အချိန်က နောက်ကျ၊ နောက်ပြီး ဒွေးလေးက ဆေးသောက်ရမှာလည်း ကြောက်တော့ အခုလို ရောဂါကျွမ်းပြီး ဆုံးသွားခဲ့တာပါပဲ၊ သူဆုံးတော့ သူ့ပိုင်ဆိုင်သမျှအားလုံးကို သူ့ဆန္ဒအတိုင်း သူ့တူမလေးဆီ လွှဲပေးခဲ့ကြပါတယ်။ သူ နေ့စဉ် အရိပ်တကြည့်ကြည့် ကြည့်နေတတ်တဲ့ ထင်းရှူးသေတ္တာလေးရောပေါ့။

ဒွေးလေးဆုံးတော့ သူ့ထင်ရှူးသေတ္တာကလေးကို ဖွင့်ကြည့်ကြမလားလို့ ကိုကိုက မေးတယ်၊ ကျနော်တို့ တစ်မိသားစုလုံး တွေဝေကြရတော့တာပါပဲ၊ သူ့တစ်သက်လုံး အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်လာခဲ့ရတဲ့သေတ္တာလေး၊ အခု သူမရှိတော့မှ ဖွင့်ကြည့်လို့ရော သင့်တော်ပါ့မလား၊ သေသူကိုများ အားနာစရာဖြစ်နေမလားနဲ့ ချီတုံချတုံပေါ့လေ။ နောက်ဆုံးတော့ သေသူကို ချစ်ခင်လေးစားတဲ့စိတ်ကြောင့် ဖွင့်မကြည့်ဘဲ သူနဲ့အတူတူ မြေမြှုပ်ပေးလိုက်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဟုတ်တယ် သူမရှိတော့ဘူးဆိုပေမဲ့ သူမသိစေချင်တဲ့ဆန္ဒကို နောက်ဆုံးဖြည့်ဆည်းပေးလိုက်တဲ့ သဘောပါပဲ။

အခုဆို ဒွေးလေးဆုံးတာ နှစ်နှစ်ဆယ်စွန်းစွန်းလောက် ရှိတော့မှာပေါ့၊ တလောလေးကတော့ သူနဲ့အတူနေခဲ့တဲ့ သူ့တူမ ကျနော့်ညီမလေးနဲ့ ပြန်တွေ့တယ်၊ ပြန်တွေ့တော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြရင်း ဒွေးလေးအကြောင်းရောက်သွားပြီးတော့ သူ့ထင်ရှူးသေတ္တာလေးအကြောင်းရောပေါ့၊ ညီမလေးကတော့ မျက်ရည်ဝေ့ဝေ့နဲ့ ပြုံးနေတယ်၊ သေတ္တာလေးထဲမှာ ဘာရှိလဲ ကိုကြီးသိလားတဲ့၊ မသိဘူးဆိုတော့ ညီမလေးကတော့ ဒွေးလေးသေတ္တာဖွင့်တာ တစ်ခါမြင်ဖူးတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှတော့ ပြောမပြဖြစ်ခဲ့ဘူးတဲ့၊ ဟုတ်လား ဒါဆို သေတ္တာထဲမှာ ဘာရှိတယ်ဆိုတာ ညီမလေးသိတာပေါ့ဆိုတော့ သိတယ်တဲ့၊ ကျနော်စိတ်လှုပ်ရှားသွားတယ်၊ နှစ်ပေါင်းများစွာ သိုသိပ်ထားခဲ့တဲ့အရာကို သိခွင့်ရတော့မှာမဟုတ်လား၊ ဒါနဲ့ သေတ္တာထဲမှာ ဘာရှိလဲ ညီမလေးဆိုတော့ ဘာမှမရှိဘူး သေတ္တာလေးက သေတ္တာအလွတ်ကလေးတဲ့၊ ပြီးမှ တိုးတိုးလေးထပ်ပြောတယ် အဲဒီသေတ္တာလေးကိုပဲ ဒွေးလေးက အရိပ်တကြည့်ကြည့် ကြည့်နေခဲ့တာပါတဲ့၊ သြော် ခုမှပဲ ကျနော်သဘောပေါက်တော့တယ်။ ဒွေးလေးရဲ့ အမှတ်တရက သေတ္တာအလွတ်ကလေးတစ်ခုပဲကိုး၊ ဒီထင်းရှူးသေတ္တာလေး ဒွေးလေးဆီ ဘယ်ကနေ ဘယ်လိုရောက်လာခဲ့သလဲဆိုတာတော့ ကျနော်လည်းမသိ၊ တခြား ဘယ်သူမှလည်းမသိ။
                                                             
                                                                    ***

သားဦး

Show More
Back to top button