သတင်း

မင်းကင်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ရှိနေ 

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်လေကြောင်းတိုက်ခိုက်မှုများမှာ ထမင်းဆိုင်၊ လက်ဘက်ရည်ဆိုင်နှင့် ဆေးခန်းအပါအဝင် လူအများစုဝေးနိုင်သည့် နေရာများကို ပစ်မှတ်ထားနေသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင်   လေကြောင်းတိုက်ခိုက်မှုများ စစ်ကောင်စီက ဆက်တိုက်လုပ်လာခြင်းကြောင့် ထောင်နှင့်ချီသော ဒေသခံများ တိမ်းရှောင်နေရသည်။

ယနေ့ (ဇွန် ၆) ရက်နှင့် ဇွန် ၄ ရက်နေ့များက ပျဉ်းကိုင်းရွာကိုလည်းကောင်း၊ ဇွန်လ ၃ရက်တွင် မတောရွာ မင်္ဂလာပွဲကိုလည်းကောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ ပျဉ်းကိုင်းရွာ လေကြောင်းတိုက်ခိုက်မှုတွင် ထမင်းဆိုင်၊ လက်ဘက်ရည်ဆိုင်၊  ဆေးခန်း စသည့် လူအများစုဝေးနိုင်သည့် နေရာများကို ပစ်မှတ်ထား  တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ သို့သော် ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အိမ်တွေ ပျက်သွားတာတော့ရှိတယ်။ လူကတော့ ထိခိုက်မှုမရှိဘူး။ ဆေးခန်းလည်းပါတယ်။ ရွာအနှံ့ ကြဲတာ။ ဟိုတနေ့က တစ်ခေါက်ကြဲတုန်းက ဆိုင်တစ်ဆိုင်ကို ကြဲသွားတော့ ပြည်သူတွေက မပြန်လာ သေးတဲ့အချိန်မှာ နောက်ထပ်ကြဲတာ”ဟု မင်းကင်းမြို့နယ်မှ တော်လှန်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

မေ ၄ ရက် ပျဉ်းကိုင်းရွာ လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံ တစ်ဦးနှင့် ကားသမား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။  

အိမ်ခြေ ၄၀၀ နီးပါးရှိသည့် ပျဉ်းကိုင်းရွာမှာ စစ်ကိုင်းတိုင်း အထက်ပိုင်း ဒေသများဖြစ်သည့် ကလေးဝ၊ မော်လိုက်သို့ ကုန်စည်ကူးသန်းရောင်းဝယ်ရေးအရ အရေးပါသည့် ကလေးဝ-မုံရွာ ကားလမ်းပေါ်တွင် တည်ရှိပြီး ခရီးသွားများ တစ်ထောက်နားရာနေရာဖြစ်သည်။

ထိုရွာသည် ကလေးဝမြို့နယ်မှ စစ်တပ်နှင့် ပျူစောထီး ခေါ် ပြည်သူ့စစ်များ အခြေချထားသည့် ကျေးရွာများနှင့် နီးကပ်သည့် အတွက် ပစ်မှတ်ထားနေခြင်း ဖြစ်နိုင်ကြောင်း မြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပျဉ်းကိုင်းက ကလေးဝ နဲ့ နယ်စပ် မှာရှိပါတယ်။ အဲ့ဒီနားမှာ ကလေးဝ နယ်ထဲက ပျူရွာတွေရှိတယ်။ ဆင်အိုင်မတို့၊ အောင်ချမ်းသာရဲစခန်းတို့ရှိတယ်။ အဲ့ဒီမှာ စစ်သားတော်တော်များများရှိတယ်။ အဲ့ဒီတော့ (ပျဉ်းကိုင်း)က သူတို့အတွက် အဓိက ကျတဲ့ နေရာလို့ပြောလို့ရမှာပါ”ဟု ဆိုသည်။

ဇွန် ၃ ရက်နေ့က မင်းကင်းမြို့နယ် မတောရွာ မင်္ဂလာဆောင်လေကြောင်းတိုက်ခိုက်ခံရပြီး ပျက်စီးမှုများကို မြင်တွေ့ရစဉ် (ဓါတ်ပုံ – ပေးပို့)

မင်းကင်းမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးများရန် ကြောင့် ကာလရှည် နေရပ်စွန့်ခွာနေရသည့် စစ်ဘေးရှောင်များအပြင် ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် တိမ်းရှောင်နေရ သည့် မတော၊ ပျဉ်းကိုင်းနှင့် အနီးဝန်းကျင်ကျေးရွာများမှ စစ်ဘေးရှောင်များလည်း ရှိသည်၊ တောတောင် များတွင် ရှောင်တိမ်းနေရပြီး စားနပ်ရိက္ခာ အပါအဝင် ကူညီထောက်ပံ့မှုများ လိုအပ်နေသည်ဟု သိရသည်။

ဇွန် ၃ ရက်နေ့ကလည်း မင်းကင်းမြို့နယ်၊ မတောရွာတွင် မင်္ဂလာပွဲတစ်ခု ကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ရာ နို့စို့အရွယ် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ၂၈ ဦးထက် မနည်းသေဆုံးပြီး ၆၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ 

မင်းကင်းမြို့နယ်တွင်  စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ် နေသဖြင့် ပွဲလမ်းသဘင်များ၊ လူစုလူဝေးများ မလုပ်ရန်နှင့် စာသင်ကျောင်းများပိတ်ထားရန် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ ထုတ်ပြန်ထားသည်။

ချင်းတွင်းမြစ်ကမ်းဘေးရှိ မင်းကင်းမြို့နယ်သည် လက်နက်ကိုင်လှုပ်ရှားမှု အားကောင်းရာမြို့နယ် များဖြစ်သည့် ကလေး၊ ကလေးဝ၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦး၊ ကနီ၊ ဂန့်ဂေါ မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

မင်းကင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၁၂၀ ဝန်းကျင်ကို တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုး ထားသည်၊ စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် (ပျူစောထီး) အားကောင်းရာ ကျေး ရွာ ၃၆ ရွာရှိကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးနယ်မြေများတွင် လူစုလူဝေး ပြုလုပ်ခြင်းကို ရက်အကန့်အသတ် မရှိ ပိတ်ထားရန်နှင့် ကျေးရွာများတွင် ကတုတ်ကျင်းများတူးထားရန် မြို့နယ် ပကဖ အဖွဲ့က တိုက်တွန်း ထားသည်။ တော်လှန်ရေးအင်အားစု စိုးမိုးမှုနယ်မြေအားကောင်းသည့် မင်းကင်းမြို့နယ်တွင် ပြီးခဲ့သည့် စာသင်နှစ်က အခြေခံပညာကျောင်း ၁၁၅ ကျောင်းဖွင့်လှစ်နိုင်ခဲ့ကြောင်း မင်းကင်း ပကဖ အဖွဲ့က ဆိုသည်။

စစ်ကောင်စီသည် မေလအတွင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း လူစုလူဝေးပြုလုပ်နေသည့် နေရာ အတိအကျကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ခပ်စိတ်စိတ်လုပ်နေသည်။

မေ ၉ ရက်နေ့က မကွေးတိုင်း၊ ဆောမြို့နယ်တွင် အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းတွင် ကားလိုင်းပြေးဆွဲရေး အစည်းအဝေးပွဲကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၅ဦးထက်မနည်း သေဆုံးခဲ့သည်။

ရက်ပိုင်းအကြာတွင် ဆောမြို့နယ်၊ တောမရွာတွင် စားနပ်ရိက္ခာနှင့်လူသားချင်းစာနာမှုဆိုင်ရာ အကူညီများ ဝေနေစဉ် လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးငယ်အပါအဝင် ၇ ဦး သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button