သတင်း

မင်းကင်းမြို့မှ မင်္ဂလာဆောင်ကို စစ်တပ်ဗုံးကြဲတိုက်ခိုက်မှု သေဆုံးသူ ၂၈ ဦးအထိတိုးလာ

ယမန်နေ့က မင်းကင်းမြို့နယ်၊ မတောရွာမှ မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် သေဆုံးသူအရေအတွက်သည် ၂၈ ဦးအထိ တိုးလာသည်။

စစ်ကောင်စီက ယမန်နေ့ (ဇွန် ၃) က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာမှ မင်္ဂလာဆောင်တစ်ခုကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူအရေအတွက်သည် ၂၈ ဦးအထိ တိုးလာကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ မတောရွာမင်္ဂလာဆောင် တိုက်ခိုက်ခံရမှုတွင် ကနဦးသတင်းများအရ ၇ ဦးထက်မနည်း သေဆုံးကြောင်း Myanmar Now က သတင်းရခဲ့ပြီး ယနေ့နောက်ဆုံးရရှိသည့် စာရင်းများအရ သေဆုံးစာရင်း တိုးလာခြင်းဖြစ်သည်။

“ရုပ်အလောင်းတွေကတော့ ဆိုးဆိုးရွားရွားပဲ။ ခါးပြတ်သွားတာနဲ့၊ ‌ခေါင်းပြတ်သွားတာနဲ့၊ ခြေထောက် ပြတ်ထွက်သွားတာနဲ့” ဟု ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။

သေဆုံးသူများထဲတွင် ကလေး ၆ ဦးပါဝင်ကြောင်း၊ ဒဏ်ရာရသူ ၅၄ ဦးထက်မနည်း ရှိနေပြီး ၎င်းတို့ထဲမှ ၁၂ ဦးသည် ပြင်းထန်သည့်ဒဏ်ရာများရထားကြောင်း၊ ဆေးဝါးနှင့် ဆရာဝန်မလုံလောက်သည့် ပြဿနာနှင့်လည်း ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။

“…အလောင်းတွေထဲမှာ (ဘယ်သူဆိုတာ) အတည်ပြုပေးနိုင်တဲ့အလောင်းတွေက ခပ်နည်းနည်းပဲ။ ပျောက်ဆုံးတယ် ဆိုတာနဲ့ ဒီဟာဖြစ်နိုင်တယ်ဆိုတာနဲ့ပဲ အတည်ပြုပေးရတာ…” ဟု မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မင်းကင်း – ပကဖ) ပြန်ကြားရေးတာဝန်ခံ ဦးဌေးက ပြောသည်။

စစ်ကောင်စီလေယာဉ်သည် နံနက် ၈ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် နှစ်ကြိမ်ဆက်တိုက် ဗုံးကြဲချခဲ့ပြီး မင်္ဂလာမဏ္ဍပ်အနီးတွင် တစ်လုံး၊ မင်္ဂလာဆောင်နေအိမ်အနီးတွင်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

“လူတွေက မဏ္ဍပ်ထဲမှာရော ထမင်းကျွေးတဲ့ရုံမှာ ရောနေနေကြတာဗျ။ (ဗုံးကြဲတဲ့နေရာနဲ့) မဏ္ဍပ်နဲ့က ပေ ၂၀ လောက်ပဲကွာတာ။ နောက်တစ်လုံးကကျတော့ ပထမ ကျဲချတာက တစ်သုတ်တည်းလေ။ ဗုံးတစ်လုံးနဲ့ တစ်လုံးက ပေ ၁၀၀ လောက်တော့ ကွာမှာ” ဟု မင်းကင်း -ပကဖ ပြန်ကြားရေးတာဝန်ခံ ဦးဌေးက ပြောသည်။

ဒေသအခြေအနေအရ မင်္ဂလာဆောင်များမှာ နံနက် ၆ နာရီမှ ၈ နာရီထိ ကျင်းပလေ့ရှိသော်လည်း ယမန်နေ့က မင်္ဂလာပွဲမှာ ပြီးခါနီးအချိန်တွင် လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

“သစ်ပင်တွေ၊ အုန်းပင်တွေ ပြတ်ကျပြီး ပြိုလဲနေတာ တွေ့တယ်။ နေအိမ်တွေ ပျက်စီးနေတာ တွေ့တယ်။ အလောင်းတွေ ပေ ၁၀၀ ပတ်လည်လောက်မှာ ဟိုနားမယ်သေ၊ ဒီနားမယ်သေနဲ့။ တစ်လောင်းနဲ့ တစ်လောင်း ထိစပ်နေတာ မဟုတ်သော်ငြားလည်းပဲ နှစ်ပေကွာ သုံးပေကွာ အစုလိုက်အပြုံလိုက် သေဆုံးနေတာ တွေ့ရတယ်။ တချို့ဆို ပူးကာကပ်ကာလေးကိုက လေးငါးလောင်းလောက် တွေ့ရတယ်။

အစိတ်စိတ်အပိုင်းပိုင်းပြတ်သွားတာမျိုးတွေ အများကြီးတွေ့ရတယ်” ဟု လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ၁၅ မိနစ်ခန့်အကြာတွင် ထိုနေရာသို့ ရောက်ရှိသွားသည့် ဦးဌေးက သူမြင်တွေ့ရသည့်အခြေအနေကို ပြန်ပြောပြသည်။

မင်းကင်းမြို့နယ်၊ မတောရွာလေကြောင်းတိုက်ခိုက်မှုအပြီး ထိခိုက်ပျက်စီး သေဆုံးမှုများ (ဓာတ်ပုံ – SRF)

ကြဲချလိုက်သည့် ဗုံးဒဏ်ကြောင့် အခင်းဖြစ်ပွားရာနေရာတွင် ခြောက်ပေခန့်အကျယ်ရှိသည့် တွင်းနက်များကျန်ခဲ့ပြီး အနီးအနားမှ သစ်ပင်များ ထက်ပိုင်းကျိုးပဲ့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ပြင်းအားက ဘယ်လောက်ထိလွင့်စဉ်သွားလဲဆိုရင် ကိုက် ၅၀၀ လောက်ထိကို လွင့်စဉ်သွားတဲ့ အလောင်းကို တွေ့ခဲ့ရတယ် ခန္ဓာကိုယ်ပြတ်ပြီးတော့လေ” ဟု ဦးဌေးက ပြောသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို ယမန်နေ့ ညပိုင်းကပင် စုပေါင်း မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ရုပ်အလောင်းကောက်ယူရေးနှင့် ထိခိုက်ဒဏ်ရာရသူများကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေချိန်တွင် ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှ စစ်ကောင်စီတပ်များက လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

မတောရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများမှာ စစ်တပ်၏လက်နက်ကြီးရန်၊ လေကြောင်းရန်တို့ကြောင့် နေရပ်မပြန်ရဲသေးဘဲ ဘေးလွတ်ရာတောများတွင် တိမ်းရှောင်နေရကြောင်း သိရသည်။

တောတောင်ပေါများပြီး ချင်းတွင်းမြစ်ကမ်းဘေးမြို့ဖြစ်သည့် မင်းကင်းမြို့နယ်သည် ဒေသကာကွယ်ရေးအဖွဲ့များ အားကောင်းသလို စစ်ကိုင်းတိုင်းတွင် ပျူစောထီးများလည်း အားကောင်းရာဒေသဖြစ်ပြီး ပျူစောထီးအားကောင်းသည့် ကျေးရွာ ၃၇ ရွာရှိကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

အိမ်ခြေ ၁၀၀ ကျော်ရှိသည့် မတောရွာမှာ စစ်ကောင်စီအခြေချစိုးမိုးထားသည့် မင်းကင်းမြို့နှင့် ချင်းတွင်းမြစ်သာ ခြားပြီး မြစ်တစ်ဖက်ကမ်းတွင် တည်ရှိသည်။

မင်းကင်းမြို့နယ်၊ မတောရွာလေကြောင်းတိုက်ခိုက်မှုအပြီး ထိခိုက်ပျက်စီး သေဆုံးမှုများ (ဓာတ်ပုံ – SRF)

လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုများပြားရသည့်အခြေအနေနှင့်ပတ်သက်ပြီး “ဗုံးကလဲ ပေါက်ကွဲအားပြင်းတယ်။ ခုခံမှုမလုပ်နိုင်တဲ့နေရာက ရှင်းလင်းမြင်သာတဲ့ အဆောက်အအုံကြီးကြီးကို ပစ်ခတ်ရတာကြောင့်လို့ ထင်ပါတယ်။ လူစုလူဝေးရဲ့ ပေ ၅၀ ဝန်းကျင်ကို ကျတာနဲ့ လူအသေအပျောက်က အများကြီးဖြစ်သွားမှာပါ” လေတပ် CDM ဗိုလ်ကြီးဇေသူအောင်က မှတ်ချက်ပြုသည်။

မတောရွာတွင် ပြုလုပ်နေသည့် မင်္ဂလာပွဲမှာ ဒေါင်းနီအမည်ရှိ ပကဖအဖွဲ့ဝင် အမျိုးသမီး၏ မင်္ဂလာပွဲဖြစ်ပြီး ကနဦးသတင်းအရ သတို့သားသေဆုံးသည်ဟု ယမန်နေ့က ဖော်ပြခဲ့သော်လည်း ထပ်မံသိရသည့်အချက်အလက်များအရ မင်္ဂလာမောင်နှံမှာ ဘေးအန္တရာယ် လွတ်ကင်းခဲ့ကြောင်း သိရသည်။

မတောရွာတွင် စစ်တပ်၏ဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသူများမှာ ဦးမင်းမင်း၊ ဦးဆွေဇင်ဦး၊ ဒေါ်ခင်မျိုးကြည်၊ ဦးကျော်ကျော်ဦး၊ ဒေါ်ရွှေကြည်၊ ဦးကျော်မင်းထွဋ်၊ ဦးရဲမင်းသူ၊ ဒေါ်ခင်ထွေးကြည်၊ ဒေါ်ခင်ထွေးကြည်၏ အသက်နှစ်နှစ်အရွယ်သမီး၊ ကိုဇင်ဦး၊ ဦးမင်းသူ၊ ကိုကျော်သူရ၊ မဇင်မာသူ၊ ဦးအသိန်း၊ ကိုဖြိုးဇာနည်၊ ကိုစိုင်းထက်အောင်၊ ဒေါ်မိဖန့်၊ ကိုလင်းဇော်၊ ဒေါ်စန်းနွဲ့၊ မဇင်မာလင်း၊ ကိုချမ်းဖေ၊၊ ကိုဖိုးလပြည့်၊ ဦးမောင်ကြီး၊ မစုစံ၊ ဒေါ်ညွန့်ကြည်၊ ဒေါ်မြတင်၊ ကိုတူးနိုင်နှင့် မထားထားတို့ဖြစ်သည်။

မင်းကင်းမြို့နယ်အတွင်း ကာကွယ်ရေးအဖွဲ့ဝင်၏ မင်္ဂလာဆောင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အများအပြားသေဆုံးခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များတွင် ယမန်နေ့က ဖော်ပြထားသည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ်အသုံးပြုလာပြီး လူစုလူဝေးပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုမိုများပြားလာသည်။

ပြီးခဲ့သည့် မေလက မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦးထက်မနည်းသေဆုံးခဲ့ရပြီး၊ နောက်ရက်တွင်လည်း အနီးရှိ တောမရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ၇ ဦးသေဆုံးခဲ့သည်။

Show More

Related Articles

Back to top button