သတင်း

ပြည်ခိုင်ဖြိုးက နှစ် ၄၀ ကျော် အငှားချထားသည့် Music Zone မြေနေရာကို အစိုးရပြန်သိမ်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပုဂ္ဂလိကလုပ်ငန်းရှင်ထံ နှစ်ရှည်အငှားချထားသည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone မြေနေရာကို ဆောက်လုပ်ရေးဝန်ကြီးဌာနက နိုင်ငံပိုင်အဖြစ် ပြန်သိမ်းလိုက်ကြောင်း သိရသည်။ 

ကိုဗစ်ကာလအတွင်း ခွင့်ပြုချက်မဲ့ ဖွင့်လှစ်ထားရာမှ လူအစုလိုက်အပြုံလိုက် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရပြီးနောက် နိုင်ငံပိုင်မြေပေါ်ရှိ Music Zone မြေနေရာကို ပြည်ခိုင်ဖြိုးက တစ်ဆင့်အငှားချပြီး ကျပ်သိန်းထောင်ချီ ဝင်ငွေရနေကြောင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ 

ထိုမြေနေရာနှင့် ပတ်သက်၍ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက အစိုးရထံ တင်ပြခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရက စိစစ်ခဲ့ပြီး မြေအသုံးချခွင့်နှင့် ပတ်သက်သော စည်းကမ်းကို ပြည်ခိုင်ဖြိုးပါတီက လိုက်နာခြင်းမရှိကြောင်း တွေ့ရသဖြင့် နိုင်ငံပိုင်ပြန်သိမ်းခဲ့ခြင်း ဖြစ်သည်။ 

“မြေအသုံးပြုခွင့်ပဲ ပေးထားတာလေ။ မြေဂရန်ပေးထားတာမှ မဟုတ်ဘဲ။ အခုက သူတို့ဘက်ကလည်း စည်းကမ်းလိုက်နာမှုမရှိတော့ တိုင်းဒေသကြီးအစိုးရကလည်း ဒါကို ဌာနက ပြန်သိမ်းထားဖို့ပြောလို့ ပြန်သိမ်းလိုက်တာ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က Myanmar Now ကို ပြောသည်။

Music Zone မြေနေရာနှင့် ပတ်သက်၍ ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက ပြည်သူ့လွှတ်တော်မှတစ်ဆင့် ဆောက်လုပ်ရေးဝန်ကြီးဌာနထံ မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်၏ လက်မှတ်ထိုးဖြေကြားထားသောစာကို ယမန်နေ့ (ဒီဇင်ဘာ ၂၃) တွင် ရရှိခဲ့သည်ဟု  သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောသည်။ 

“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအနေဖြင့် လျှောက်ထားပြီး နောက်ပိုင်းတွင် နိုင်ငံရေးပါတီအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းသွားခြင်း၊ အသင်း၏ မူလရည်ရွယ်ချက်ဖြစ်သော လူမှုအကျိုးပြုလုပ်ငန်းများ ဖော်ဆောင်ခြင်းမပြုဘဲ ပုဂ္ဂလိကသို့ ထပ်ဆင့်ငှားရမ်းထားခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ မူဝါဒလမ်းညွှန်ချက်များဖြင့် မြေအသုံးပြုခွင့် ရပ်စဲပြီး အစိုးရမြေအဖြစ် ပြန်လည်သတ်မှတ်၍ မြေစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်” ဟု ဆောက်လုပ်ရေးဝန်ကြီးက ဖြေကြားခဲ့သည်ဟု ဦးရွှေလှဝင်းက ပြောသည်။ 

သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလလမ်းနှင့် သရက်တောလမ်းဒေါင့်ရှိ သုည ဒသမ ၃၆၇ ဧက အကျယ်ရှိ Music Zone ကေတီဗီရှိရာ မြေနေရာကို စစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်တွင် ယာယီမြေအသုံးပြုခွင့် ရရှိခဲ့သော ပြည်ခိုင်ဖြိုးပါတီက ပုဂ္ဂလိကလုပ်ငန်းရှင်များထံ တစ်ဆင့်ပြန်လည်အငှားချထားခဲ့ခြင်း ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီသည် Music Zone မြေနေရာ အငှားချထားခြင်းမှ ကျပ်သိန်းပေါင်းများစွာ ရရှိခဲ့သည်။ သို့သော် ထိုငွေများသည် ပါတီရန်ပုံငွေထဲသို့ မဝင်ကြောင်း ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုးက Myanmar Now ကို ပြောသည်။

Music Zone မြေနေရာကို ခေတ်အဆက်ဆက်တွင် ပြည်ခိုင်ဖြိုးပါတီက ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်ထံ တစ်ဆင့်ပြန်လည်အငှားချထားခဲ့ပြီး လက်ရှိ Music Zone ကေတီဗီလုပ်ငန်းရှင်ကိုလည်း ၂၀၄၂ အထိ အငှားချထားခြင်းဖြစ်သည်။

နိုင်ငံပိုင် ပြန်လည်သိမ်းယူပြီးဖြစ်သည့် Music Zone မြေနေရာကို အများပြည်သူအတွက် အကျိုးရှိသောနေရာပြုလုပ်မည်ဖြစ်သော်လည်း မည်သည့်လုပ်ငန်းဆိုသည်ကို လတ်တလော ပြော၍မရသေးကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောသည်။

Related Articles

Back to top button