
ရန်ကုန်တိုင်း သာကေတမြို့နယ်ရှိ နိုင်ငံပိုင်မြေပေါ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အငှားချထားသည့် ဆိုင်ခန်းများကို မြို့နယ်စည်ပင်က လိုင်စင်သက်တမ်းတိုးခွင့် ရပ်ဆိုင်းလိုက်သည်။
နိုင်ငံပိုင်မြေပေါ်တွင် ဈေးဆိုင်ခန်းများ အငှားချကာ ရန်ပုံငွေရရှိနေသည့် ပြည်ခိုင်ဖြိုးပါတီသည် ဆိုင်ခန်းမြေနေရာပိုင်ဆိုင်ကြောင်း အထောက်အထားမပြနိုင်သဖြင့် လိုင်စင်သက်တမ်းတိုးခွင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သာကေတမြို့နယ် စည်ပင်သာယာကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းကျော်က ပြောသည်။
“အရင်တုန်းကတော့(လိုင်စင်) ပေးခဲ့တယ်။ ဒါပေမယ့် အခုက ပိုင်ဆိုင်မှုမရှိရင် လိုင်စင်က မပေးရဘူးဖြစ်သွားတော့ ဒီနှစ်အတွက် လိုင်စင်သက်တမ်းတိုးခွင့်ကို ဆိုင်းငံ့ထားတယ်” ဟု ၎င်းက ယနေ့ (ဒီဇင်ဘာ ၂၃) တွင် Myanmar Now ကို ပြောသည်။
သာကေတမြို့နယ်စည်ပင်သာယာကော်မတီ၏ နိုဝင်ဘာ ၁၉ ရက်နေ့ အစည်းအဝေးအရ ပြည်ခိုင်ဖြိုးပါတီက အငှားချထားသည့ ဆိုင်ခန်း ၂၃ ခန်းကို လိုင်စင်သက်တမ်းတိုးခွင့် ရပ်ဆိုင်းခဲ့ကြောင်းလည်း ဦးအောင်ငြိမ်းကျော်က ပြောသည်။
သာကေတမြို့နယ်ရှိ အဆိုပါဆိုင်ခန်းနှင့် ပတ်သက်၍ မြေနေရာအမျိုးအစား စိစစ်ကာ ကျူးကျော်မြေပုံ ထုတ်ပေးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံ စာတင်ထားသည်ဟုလည်း ၎င်းက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီက အငှါးချထားသည့် သာကေတမြို့နယ်ရှိ ဆိုင်းခန်း ၅၅ ခု ရှိသည့်အနက် စည်ပင်ထံ အခွန်ဆောင်သော လုပ်ငန်းလိုင်စင် ၁၁ ခု၊ အစားအသောက်လိုင်စင် ၈ ခုနှင့် အိမ်ဆိုင် ၁၄ ခုပါဝင်ပြီး အခွန်မရသည့် ကျန်ဆိုင်ခန်း ၂၂ ခုသည် လူနေအိမ်ဆိုင်များဖြစ်သည်ဟု သိရသည်။
သာကေတမြို့နယ်ရှိ ဈေးဆိုင်ခန်း ၅၅ ခုကို ပြည်ခိုင်ဖြိုးပါတီက ၁၉၉၀ ခုနှစ်မှစ၍ အငှားချထားပြီး ဝင်ငွေရရှိနေခြင်းဖြစ်သော်လည်း ဆိုင်ခန်းမြေနေရာ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မည်သည့်အထောက်အထားမျှ မရှိပေ။
ပြည်ခိုင်ဖြိုးပါတီသည် ဆိုင်ခန်းငှားခအဖြစ် လစဉ် ကျပ် ၂၇ သိန်းကျော် ရရှိနေပြီး ထိုငွေများကို ပါတီက ဖွင့်လှစ်သည့် သက်မွေးမှုညာသင်တန်းများတွင် အသုံးပြုနေသည်ဟု သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်ဖေက Myanmar Now ကို ပြီးခဲ့သည့် ဩဂုတ်လအတွင်း ပြောကြားထားသည်။
ပါတီက အငှားချထားသည့် ဆိုင်းခန်းများနှင့်ပတ်သက်၍လည်း အထောက်အထားရှာဖွေလျက်ရှိရာ ငါးနှစ်ကြာသည်အထိ အတည်ပြုနိုင်သည့် စာရွက်စာတမ်းများ မတွေ့ရသေးဟုလည်း ၎င်းက ပြောသည်။
အငှားချထားသည့် ဈေးဆိုင်ခန်းများ သက်တမ်းတိုးလိုင်စင် ရပ်ဆိုင်းခံရခြင်းနှင့် ပတ်သက်၍ ပါတီဘက်က မည်သို့ဖြေရှင်းပေးရန် ရှိမရှိ မေးမြန်းရာတွင် “အဲ့ဒါတော့ မရှိဘူးထင်တယ်ဗျ။ ကျွန်တော်က ပါတီဆိုက်တစ်ခုပဲဗျ။ အဲ့ဒါတွေ ကျွန်တော် မကိုင်ဘူးဗျ။ တိတိကျကျ ကျွန်တော် မသိဘူး”ဟု ဦးညွန့်ဖေက ပြောသည်။
၂၀၁၅ ခုနှစ်တွင် သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဖြစ်လာသူ ဦးညွန့်ဖေသည် ၂၀၂၀ ရွေးကောက်ပွဲတွင် သာကေတမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအရေအတွက် ကိုးသောင်းကျော်အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။
ရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၈၀ ခန့် သုံးစွဲခဲ့သည်ဟုလည်း သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်ဖေက ပြောသည်။
သာကေတမြို့နယ် အနော်မာရပ်ကွက်ရှိ ကွမ်းယာဆိုင်ပိုင်ရှင် ဦးရာဂျူးက လုပ်ငန်းလိုင်စဉ် သက်တမ်းတိုး ရပ်ဆိုင်းခံထားရသည့်ကိစ္စကို စောင့်ကြည့်နေဆဲသာဖြစ်ပြီး အခြားဆိုင်ခန်းများ၏ တုံ့ပြန်ပုံကိုကြည့်၍ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
၁၉၉၅ ခုနှစ်မှစ၍ ဆိုင်ခန်းနေရာ ငှားရမ်းခအဖြစ် ပြည်ခိုင်ဖြိုးပါတီကို နှစ်စဉ် ကျပ် ၈၄၀,၀၀၀ (ရှစ်သိန်းလေးသောင်း) ပေးသွင်းနေရသည်ဟုလည်း ဦးရာဂျူးက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ၊ ပုဒ်မ ၃၁၄ (က) အရ မည်သူမျှ ကော်မတီက တာဝန်ပေးအပ်ခြင်းမရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း စည်ပင်သာယာဆိုင်ရာ အခွန်အခများ ကောက်ခံခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။
ထိုသို့ကောက်ခံကြောင်း ပြစ်မှုထင်ရှားပါက ငွေဒဏ် ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ခြောက်လအထိဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။