သတင်း

ရခိုင်ကို AA သိမ်းပါက စစ်ကောင်စီဆုံးရှုံးမည့် ဘီလျံချီ စီးပွားရေးလုပ်ငန်းများ

ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံတကာစီမံကိန်းများ အဓိကအားဖြင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများရှိသော နယ်မြေများကို ထိန်းချုပ်လာနိုင်ပါက ဝင်ငွေရရှိလာခြင်းထက် ပိုအရေးကြီးသော နိုင်ငံရေးချိန်ခွင်လျှာကို AA က ရရှိလာမည်ဟု ခန့်မှန်းမှုများရှိသည်။

မြန်မာနိုင်ငံအနောက်ဘက် ပင်လယ်ကမ်းရိုးတစ်လျှောက်တွင် တည်ရှိသည့် ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) ၏ တော်လှန်ပုန်ကန်မှုများကြောင့် စစ်ကောင်စီဆုံးရှုံးနိုင်သည်က နယ်မြေဧရိယာနှင့် စစ်စခန်းများသာမဟုတ်။ နှစ်စဉ် ဒေါ်လာသန်းနှင့်ချီ ဝင်ငွေရနေသည့် စီးပွားရေးလုပ်ငန်းများလည်း ပါဝင်သည်။

ရခိုင်ကမ်းရိုးတန်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးအခွန်အခများ၊ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့တင်ပို့သည်မှ ရရှိနိုင်သည့် စီးပွားရေးအကျိုးအမြတ်များအပြင် မြန်မာနိုင်ငံ၏ အလှပဆုံးကမ်းခြေများရှိသည့်ဒေသဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းမှ ရနိုင်သည့် အကျိုးအမြတ်များလည်း များစွာရှိနေသည်။

၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်မှာ မြန်မာနိုင်ငံအရှေ့ဖျား တရုတ်-မြန်မာနယ်စပ် တိုင်းရင်းသား “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) ရထားသည့် ကိုယ်ပိုင်စီမံခန့်ခွဲမှုထက် မနိမ့်သည့်အဆင့်အတန်းမျိုးဟု AA က ကြေညာထားသည်။

ယမန်နှစ်နှောင်းပိုင်း ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီကို ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ AA သည် စစ်ကောင်စီကို ထိုးစစ်ဆင်နေရာ ယခုအခါ ရခိုင်ပြည်နယ်ထဲမှ တစ်မြို့ပြီးတစ်မြို့ကို သိမ်းယူနေသည်။

မေလလယ်အထိ စာရင်းများအရ ရခိုင်ပြည်နယ်ရှိ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်ဝတို့ကို AA က သိမ်းပိုက်ထိမ်းချုပ်လိုက်သည်။

ပြည်နယ်မြို့တော် စစ်တွေနှင့် ရခိုင်တောင်ပိုင်းမြို့များကိုပါ AA က ဆက်လက်သိမ်းယူမည့် အနေအထားရှိသည်။

စစ်တွေနှင့် ကျောက်ဖြူ၊ သံတွဲ စသည့်မြို့များသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ရှိရာအရပ်ဖြစ်သည်။ ထိုမြို့များပါ AA ထိန်းချုပ်နိုင်ပါက အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာရနေသည့် နိုင်ငံတကာစီမံကိန်းများကို AA က စီမံခန့်ခွဲခွင့်ရသွားနိုင်သည်။

AA က ထိုအတွက် ကြိုတင်တွက်ဆထားပုံရပြီး ရခိုင်ပြည်နယ်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် ၎င်းတို့နှင့် ပူးပေါင်းရေးနှင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုအသစ်များကိုလည်း ဖိတ်ခေါ်ကြောင်း ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။

“အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် မိမိဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုသော မည်သည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသောသူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို မိမိတို့အနေဖြင့် ကာကွယ်စောင့်ရှောက်သွားမည်” ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံတကာစီမံကိန်းများ အဓိကအားဖြင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများရှိသော နယ်မြေများကို ထိန်းချုပ်လာနိုင်ပါက ဝင်ငွေရရှိလာခြင်းထက် ပိုအရေးကြီးသော နိုင်ငံရေးချိန်ခွင်လျှာကို AA က ရရှိလာမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးစိုးသူရထွန်းက မှတ်ချက်ပြုသည်။

“AA အတွက်က နယ်မြေစိုးမိုးမှုပိုများလာရင် စစ်ကောင်စီရဲ့ ဝင်ငွေကို ဖြတ်တောက်နိုင်မယ်၊ လျှော့ချနိုင်တယ်။ မိမိတော်လှန်ရေးအတွက်လည်း ရန်ပုံငွေရလာနိုင်တယ်။ နောက်တစ်ခါ ဒီနေရာတွေကို ပိုင်လာပြီဖြစ်တဲ့အတွက် တရုတ်နိုင်ငံတို့၊ အိန္ဒိယနိုင်ငံတို့ကလည်း မလွန်ဆန်နိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်လာနိုင်တယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းပေါင်း ၂၈ ခုအထိရှိပြီး တန်ကြေးမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂ ဘီလျံကျော်အထိရှိသည်။ ထိုအထဲမှ အများစုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများဖြစ်ကြသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ စာရင်းအချက်အလက်များအရ သိရှိရသည်။

၂၀၂၁ က တွေ့ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့အဝင်မြင်ကွင်း (EPA)

ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း

“တရုတ်ပိုက်လိုင်း” ဟု ဒေသခံများက ခေါ်ကြသည့် မိုင် ၅၀၀ နီးပါး ရှည်လျားသော တရုတ်-မြန်မာ ရေနံပိုက်လိုင်းသည် အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်းဖြစ်သည့် ဘင်္ဂလားပင်လယ်ထဲသို့ အဝင်အထွက်ပြုလုပ်နိုင်သည့် ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူ မဒေးကျွန်းတွင် အစပြုသည်။

ထိုမှတစ်ဆင့် နိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းတို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းထားသည်။

ရေနံစိမ်းသယ်ယူခြင်းအတွက် ပိုက်လိုင်းဖြတ်သန်းခအဖြစ် ရေနံစိမ်း တစ်မက်ထရစ်တန်လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာနှုန်းဖြင့် တရုတ်နှင့် မြန်မာတို့အကြား သဘောတူထားကြောင်း ၂၀၁၇ နိုဝင်ဘာ ၉ တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မြန်မာအာဏာပိုင်များဘက်က ထုတ်ဖော်ပြောဆိုထားသည်။

ရေနံပိုက်လိုင်းနှင့်အတူ ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုလည်း ပူးတွဲတည်ဆောက်ထားသည်။ ထိုပိုက်လိုင်းမှတစ်ဆင့် ရခိုင်ကမ်းလွန်တွင် တောင်ကိုရီးယားကုမ္ပဏီ POSCO က တူးဖော်နေသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်လာသည့်ဓာတ်ငွေ့တို့ကို တရုတ်ဘက်သို့ ပို့သည်။

၂၀၁၈-၁၉ ဘတ်ဂျက်နှစ်တွင် ဓာတ်ငွေ့တင်ပို့သော ပိုက်လိုင်းစီမံကိန်းမှ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၉၆၅ သန်းနှင့် ရေနံပိုက်လိုင်းစီမံကိန်းမှ အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၁၇၄ သန်း၊ နှစ်ခုပေါင်း အမေရိကန်ဒေါ်လာ ၁၀၇ သန်းကျော် မြန်မာအစိုးရက ရရှိခဲ့သည်။

မဒေးကျွန်းရှိ လုပ်ငန်းခွင်တစ်ခုကို ၂၀၁၃ က တွေ့ရစဉ်က တွေ့ရစဉ်။ (ဓာတ်ပုံ- EPA)

လတ်တလောတွင် ကျောက်ဖြူမြို့ကိုလည်း AA က ပိတ်ဆို့ထားပြီး တိုက်ခိုက်သိမ်းပိုက်ရန်လည်း တာစူနေသည်။ ကျောက်ဖြူမြို့သည့် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ရှိရုံမက တရုတ်နှင့် ပူးပေါင်းပြီး ဒေါ်လာ ခုနှစ်ဘီလျံချီ ရင်းနှီးမြှုပ်နှံမည့် ရေနက်ဆိပ်ကိမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရန် ရှိနေသောမြို့လည်းဖြစ်သည်။

ယမန်နှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးလိုက်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိ AA ၏ နယ်မြေစိုးမိုးထားမှု အခြေအနေအရ ရခိုင်ပြည်နယ်အတွင်း စီမံကိန်းများနှင့်ပတ်သက်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအနေဖြင့် AA နှင့် စကားပြောဆွေးနွေးရတော့မည့်အချိန် ရောက်နေပြီဟု ရခိုင်ပြည်နယ်အတွင်း စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို စောင့်ကြည့်လေ့လာနေသည့် Center for Peace and Development အဖွဲ့မှ ဒါရိုက်တာ ဦးထွန်းကြည်က ပြောသည်။

“အာရက္ခတပ်တော် (AA) ဘက်ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေတာလည်း တွေ့ရတယ်။ နောက်တစ်ချက်က ဒီပြည်နယ်ထဲမှာ ရှိနေတဲ့ လုံခြုံရေးကိုလည်း AA ဘက်က တာဝန်ခံပေးမယ်လို့လည်း ပြောထားတော့ စီးပွားရေးအခြေအနေအရ နိုင်ငံတကာရင်းနှီးမြှုပ်နှံတဲ့ သူတွေအနေနဲ့ ရခိုင်ဒေသမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် AA နဲ့ စကားစပြောဖို့ လိုလာပြီ” ဟု သူက ဆိုသည်။

သို့သော်လည်း ပိုက်လိုင်းဖြတ်သန်းသည့် နိုင်ငံအလယ်ပိုင်းဒေသများကို စစ်ကောင်စီက ဆက်လက်စိုးမိုးထားရာ ကျောက်ဖြူကို ရခဲ့သည့်တိုင် AA အတွက် စိန်ခေါ်မှုများ ကျန်ရှိနေဆဲဖြစ်သည်။

လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများ

ကျောက်ဖြူမြို့နယ်အတွင်း၌ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းတချို့လည်း ရှိသည်။ တရုတ်အစိုးရပိုင်လုပ်ငန်း Power China Resources နှင့် ပြည်တွင်းကုမ္ပဏီ Supreme Group တို့ ပူးပေါင်းရင်းနှီးမြှုပ်နှံထားသော လျှပ်စစ်စီမံကိန်း ၁ ခုနှင့် ဟောင်ကောင်ကုမ္ပဏီ Vpower က လျှပ်စစ်ဓာတ်အားထုတ်လုပ်သော စက်ရုံ ၃ ရုံတို့ကို ရင်းနှီးမြှုပ်နှံထားကြသည်။

Vpower ၏ စက်ရုံ ၃ ရုံသည် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေးအကျပ်အတည်းများကြောင့် ရပ်နားထားမည်ဟု ကုမ္ပဏီဘက်က ကြေညာထားသည်။

ထိုကဲ့သို့ ရခိုင်ပြည်နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများနှင့် လျှပ်စစ်ဖြန့်ဖြူးသုံးစွဲမှုများမှလည်း AA သည် စီးပွားရေးဆိုင်ရာအကျိုးအမြတ်များ ရရှိနိုင်လာသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အရာရှိဟောင်းတစ်ဦးကလည်း Myanmar Now ကို ပြောသည်။

သို့ရာတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်သော စက်ရုံများထံမှ ကုန်သွယ်လုပ်ငန်းခွန်ကဲ့သို့ အခွန်ကိစ္စရပ်ကဲ့သို့ ငွေကြေးကောက်ခံမည်ဆိုပါက တရုတ်ကုမ္ပဏီများဖြစ်သည့်အပြင် ထိုလုပ်ငန်းများသည် စစ်ကောင်စီကိုလည်း အခွန်ပေးသွင်းနေရသည့်အတွက် AA အနေဖြင့် အခက်အခဲတွေ့ရှိနိုင်သည်။

AA ၏ ထိုးစစ်ကြောင့် အပြီးသတ်ခါနီးပြီဖြစ်သည့် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပါဝင်သော သံတွဲမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာရှိ လျှပ်စစ်စီမံကိန်းတစ်ခုလည်း ရပ်တန့်သွားသည်။

ထိုစီမံကိန်းသည် သူ‌ဌေးချောင်းပေါ်တွင် ရှိပြီး ရခိုင်ပြည်နယ်၏ ပထမဆုံးသော ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံလည်းဖြစ်ကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စီမံကိန်းတစ်ခုလုံး ပြီးစီးမည်ဟု မူလက လျာထားခဲ့သည်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် စစ်ရေးလေ့ကျင့်နေသော AA တပ်ဖွဲ့ဝင်များကို ၂၀၂၁ က တွေ့ရပုံ (Myanmar Now)

ဒေါ်လာသန်းရာချီတန်ကြေးရှိသည့် နယ်စပ်ကုန်သွယ်ရေး

ရခိုင်နယ်စပ်ကုန်သွယ်ရေးအပိုင်း ကြည့်မည်ဆိုပါကလည်း AA ၏ လက်ရှိနယ်မြေစိုးမိုးထားမှုအရ ရခိုင်ပြည်နယ်၏ အဓိကကုန်သွယ်ဖက်နိုင်ငံများဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် လွတ်လပ်စွာ ကုန်သွယ်လာနိုင်သည့် အခြေအနေများရှိနေသည်။

လက်ရှိမှာပင် စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်အတွင်းသို့ ပြည်မဘက်မှ ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ကန့်သတ်ထားသည့်တိုင် AA ထိန်းချုပ်နယ်မြေများမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများ၏ ကုန်စည်များသည် ရခိုင်ပြည်နယ်အတွင်းသို့ စီးဆင်းနေလျက်ရှိသည်။

ရခိုင်ပြည်နယ်၏ ကုန်သွယ်မှုအနေဖြင့် စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်မှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် ၂၀၂၂-၂၀၂၃ တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ ၁၈ သန်းအထိရှိပြီး အာဏာသိမ်းမှုမတိုင်မီ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်မူ အမေရိကန်​ဒေါ်လာ ၆၂၂ ဒသမ ၅၈၇ သန်းအထိ ရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

အိန္ဒိယနိုင်ငံ၏ ကုန်းတွင်းပိတ်ဒေသဖြစ်သော မီဇိုရမ်ပြည်နယ်၏ ပင်လယ်ထွက်ပေါက် ကုန်သွယ်ရေးစီမံကိန်းဖြစ်သော ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းသည်ပင် AA ထိန်းချုပ်မှုအောက် အပြည့်အဝရှိနေပြီ ဖြစ်သည်။

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့တို့ကို ဖြတ်သန်းကာ အိန္ဒိယသမုဒ္ဒရာထဲသို့ စီးဆင်းသည့် ကုလားတန်မြစ်စီမံကိန်းတစ်လျှောက်တွင် စစ်တွေမြို့မှလွဲပြီး ကျန်လမ်းပိုင်းတစ်လျှောက်ကို AA က တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော လမ်းပိုင်းတစ်ခု ဖောက်လုပ်ရေးအတွက် ယခုနှစ် ဖေဖော်ဝါရီလကုန်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ် Vanlalvena က နှစ်နိုင်ငံနယ်စပ်တွင် AA နှင့် လာရောက်တွေ့ဆုံကာ စီမံကိန်းအတွက် ဆွေးနွေခဲ့သည်။

မောင်တောကုန်သွယ်ရေးစခန်းတစ်နေရာ (ဓာတ်ပုံ – ရခိုင်ပြည်နယ် ကုန်သည်စက်မှုအသင်း Facebook)

ရခိုင်ပြည်မြောက်ပိုင်း မောင်တောနှင့် ဘူးသီးတောင်မြို့တို့ကို ရရှိပါက AA သည် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တစ်လျှောက် နှစ်နိုင်ငံနယ်နိမိတ်ကို အပြည့်အဝထိန်းချုပ်နိုင်တော့မည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ကုန်စည်များ လွတ်လွတ်လပ်လပ် စီးဆင်းနိုင်မည်ဖြစ်ကာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ထားမှုများကို ဖြေလျှော့နိုင်မည်ဟု ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက Myanmar Now ကို ယခုလအစပိုင်းက ပြောထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်ပထဝီအနေအထားအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများသည်လည်း အကျိုးဖြစ်ထွန်းလျက်ရှိသလို ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများစွာရှိနေသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း လုပ်ငန်းပေါင်း ၃၁ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ဘီလျံနှစ်ရာကျော်ရှိကာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုများမှာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍတွင် အများဆုံးဖြစ်ပြီး လုပ်ငန်း ၁၇ ခုအထိရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) အချက်အလက်များအရ သိရသည်။

လတ်တလောတွင်လည်း ရခိုင်ပြည်နယ်၏ အဓိကဟိုတယ်လုပ်ငန်းများရှိရာ ငပလီကမ်းခြေနှင့် ၄ မိုင်သာ ကွာဝေးသော သံတွဲမြို့အနီးတွင် AA က တိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်။

ငပလီကမ်းခြေဒေသမှ ဟိုတယ်လုပ်ငန်းအများစုကို အာဏာသိမ်းစစ်တပ်ခေါင်းဆောင်ပိုင်းများနှင့် နီးစပ်သူများ၊ ခရိုနီများက ပိုင်ဆိုင်ကြသည်။

ရှမ်းပြည်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ‌မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် မြန်မာ၏ အကြီးဆုံးကုန်သွယ်ဖက် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ပွဲများအပစ်အခတ်ရပ်စဲပြီးနောက် ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ချိန်တွင် အခွန်ကောက်ခံမှုကို ဦးဆောင်လုပ်ဆောင်ခွင့်ရခဲ့ကြသည်။

အလားတူပင် ရခိုင်ပြည်နယ်ကို AA က ထိန်းချုပ်လိုက်ပါက နယ်စပ်ကုန်သွယ်ရေး အခွန်ကောက်ခံမှုများသည် AA ၏ ပထမဦးဆုံးစီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက်ဖြစ်ပေမည်။

Show More

Related Articles

Back to top button