လူမှုနယ်ပယ်

ကိုရီးယားအိပ်မက် ပျက်ပြယ်ပြီး ထိုင်းတွင် ခုန်ချလိုက်ရသည့် လူငယ်တစ်ဦး၏ ခရီးလမ်း

ပြည်ပထွက်ပြီး ဝင်ငွေကောင်းသည့်အလုပ်အကိုင် ရှာဖွေမည့် လူငယ်များသည် စစ်သားသစ် စုဆောင်း ဖမ်းဆီးမှု၊ နိုင်ငံမှ ထွက်ခွာခွင့် စာရွက်စာတမ်း ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရသည်။

တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ရန် နှစ်နှစ်ခန့် အပတ်တကုတ် ကြိုးစားပြင်ဆင်ထားသူ ရန်ကုန်မြို့မှ အသက် ၂၆ နှစ်အရွယ် ကိုစော*သည် ယခုနှစ်ဆန်းပိုင်း ရုတ်တရက် ပေါ်ထွက်လာသော စစ်မှုထမ်းဥပဒေကြောင့် သူ၏ ကိုးရီးယားအိပ်မက်ကို စွန့်လွှတ်လိုက်ရသည်။

မတ်လအတွင်းက ရန်ကုန်၊ မြောက်ဒဂုံ၊ ပင်လုံခန်းမတွင် တောင်ကိုရီးယားအလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲကြေးပေးသွင်းရန် တန်းစီစောင့်ဆိုင်းနေကြသော လူငယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆဲဆိုကြိမ်းမောင်းကာ ဖမ်းဆီးသွားခြင်းကြောင့် ဖြစ်သည်။

“စစ်သားတွေက မင်းတို့ နိုင်ငံခြားတော်တော် ထွက်ချင်နေကြလားဆိုပြီးတော့ အဲဒီမှာရောက်နေတဲ့ ကျွန်တော့်သူငယ်ချင်းနဲ့ တခြားလူငယ်တွေကို ဆဲဆိုကြတယ်။ အဲဒီအကြောင်းကြားပြီး ကျွန်တော် ကိုရီးယားစာမေးပွဲကြေး သွားမသွင်းတော့ဘူး” ဟု ကိုစောက ပြောပြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျဆင်း၊ အလုပ်အကိုင် ပိုမိုရှားပါးလာရာ ပြည်ပထွက်ပြီး ငွေရှာရန် ကြိုးစားသည့် လူငယ်အရေအတွက်လည်း ပိုများလာသည်၊ ကိုစောကလည်း တစ်လ သိန်း ၅၀ ဝန်းကျင်ရရှိနိုင်မည့် တောင်ကိုရီးယားသို့ သွားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယားအိပ်မက် ပျက်ပြယ်သွားချိန်တွင် ကိုစော၏ ဆွေမျိုးတော်စပ်သူတချို့မှာ နိုင်ငံရေးလှုပ်ရှားမှုများနှင့် ထဲထဲဝင်ဝင်ပတ်သက်မှုမရှိသည့်တိုင် စစ်မှုထမ်းဥပဒေ ဆန့်ကျင်မှု စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရသဖြင့် သူလည်း မြန်မာနိုင်ငံအတွင်း ဆက်လက်နေထိုင်ရန် စိတ်လုံခြုံမှု ပျောက်ဆုံးသွားသည်။

ထိုကြောင့်ပင် စစ်မှုထမ်းဥပဒေကို ရှောင်ရှားရင်း၊ နိုင်ငံခြားသို့ အလုပ်ထွက်လုပ်မည့် ရည်ရွယ်ချက်ကိုလည်း ပြန်အကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာရန် ကြိုးစားပြန်သည်။

သို့ရာတွင် စစ်ကောင်စီက ပြည်ပထွက်မည့် လူငယ်များအတွက် ရှုပ်ထွေးလှသော ကန့်သတ်ချက်များ ချမှတ်ထားသည်ကို သူမသိသေးချေ။

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးထံမှ ရရှိပြီး ဖြစ်သလို, ရန်ကုန်-တာချီလိတ် လေယာဉ်လက်မှတ်လည်း ကြိုတင် ဝယ်ထားရာ ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်သွားရမည့်နေ့သို့ ရောက်ရန် ကိုစောက စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသည်။

ထိုကာလသည် စစ်မှုထမ်းဥပဒေ ကြေညာပြီး လပိုင်းအကြာဖြစ်၍ လေယာဉ်လက်မှတ်များသည် ၃ ပတ်မှ ၁ လဝန်းကျင်အထိ ကြိုတင်ဝယ်ယူရသည်။ အဝေးပြေးကားနှင့်  ခရီးသွားပါကလည်း လမ်းတွင် စစ်ကောင်စီက ပေါ်တာဆွဲနေသည်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့လည်း စစ်သားသစ်စုဆောင်းနေသည်ဆိုသော သတင်းများထွက်ပေါ်နေ၍ စိုးရိမ်ခဲ့ရသည်ဟု ကိုစောက ပြောသည်။

ကိုစော၏ ပြည်တွင်းလေ‌ကြောင်းခရီးစဉ်ကမူ ကံကောင်းထောက်မစွာဖြင့် စစ်ဆေးမေးမြန်းမှု အနည်းငယ်သာ ကြုံတွေ့ခဲ့ရပြီး တာချီလိတ်မြို့သို့ သူရောက်ရှိလာခဲ့သည်။

သို့သော် တာချီလိတ်ရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိတို့က ကိုစောကို နယ်စပ်ဖြတ်ခွင့် မပြုပေ။ အကြောင်းမှာ ပြည်ပသို့ အလုပ်ထွက်လုပ်သူများအတွက် ပြုလုပ်ပေးထားသော အလုပ်သမားပတ်စပို့ ခေါ် PJ အမျိုးအစား စာအုပ်ကိုင်ဆောင်ထားခြင်းကြောင့် ဖြစ်သည်။

PJ  ဖြင့် ပြည်ပထွက်လျှင် လေဆိပ်၊ နယ်စပ်ဂိတ်များတွင် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ပြရမည်ဖြစ်သည်၊ ကိုစောတွင် ထိုကတ်မရှိပေ။

အဆိုပါ OWIC ကတ် လျှောက်ထားရန်အတွက် ပြည်ပနိုင်ငံက အလုပ်ရှင်၏ အလုပ်ခေါ်စာ၊ အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်များ လိုအပ်ခြင်းကြောင့် ဖြစ်သည်။

PJ ပတ်စပို့ဖြင့်မဟုတ်ဘဲ ရိုးရိုးအလည်အပတ်အတွက် ထုတ်ပေးသည့် Visit Passport (PV) ဖြင့် ပြည်ပထွက်လိုပါက ယခုအခါ စစ်ကောင်စီက ပြုလုပ်နေသော အီလက်ထရောနစ်မှတ်ပုံတင် Unique ID (UID) ခေါ် စမတ်ကတ်စာရွက် ပါရှိရန် လိုအပ်သည်။

”အဲဒါမရှိရင်လည်း လုံးဝကို လေဆိပ်မှာ ပေးမဖြတ်တော့ဘူး။ ပိုက်ဆံပေးပြီး ဖြတ်မယ်ဆိုရင်တောင် မရတော့ဘူး၊ အခုစနစ်က နေပြည်တော်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာ” ဟု ကိုစောက ပြောသည်။

UID ကတ်သည် အမည်၊ နေရပ်လိပ်စာ အစရှိသည့် ကိုယ်ရေးအချက်အလက်များ၊ ဇီဝဆိုင်ရာအချက်အလက်များဖြစ်သည့် မျက်နှာသွင်ပြင်၊ လက်ချောင်းများ၏ လက်ဗွေနှင့် မျက်စိသူငယ်အိမ်တို့ကို Scan ဖတ်ယူထားပြီး ထိုအချက်အလက်များကို မှတ်ပုံတင်ထားသည့် ကတ်ဖြစ်သည်။

ထိုကတ်ကို စစ်ကောင်စီက စမတ်ကတ်ဟု ခေါ်ဝေါ်သုံးစွဲနေသော်လည်း အမှန်စစ်စစ်မှာ မိတ္တူကူးယူထားသော စာရွက်မျှသာဖြစ်သည်။

UID ကတ်သည် ယာယီစာရွက်အဆင့်သာ ရှိသေးပြီး လတ်တလောတွင် နေပြည်တော်နှင့် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားစိုးမိုးသည့် ဒေသများရှိ လူဝင်မှုကြီးကြပ်ရေးရုံးများတွင်သာ ထုတ်ပေးနိုင်သေးသည်။

စစ်မှုထမ်းရန် စစ်သားစုဆောင်းခြင်း၊ နိုင်ငံအတွင်း စီးပွားရေးကျပ်တည်းခြင်းတို့ကြောင့် ပြည်ပထွက်သည့် လူငယ်များ များပြားလာချိန် ကန့်သတ်တင်းကျပ်မှုအသစ် ပေါ်လာခြင်း ဖြစ်သည်။

ထို့ကြောင့် နယ်စပ်ဖြတ်ပြီး ပြည်ပထွက်သူ၊ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတိုင်း UID ကတ် မဖြစ်မနေ ပြရမည်ဟူသော စည်းကမ်းချက်အသစ်သည် လူငယ်များ ပြည်ပထွက်ခွင့်ရရေး ခက်ခဲနေချိန်တွင် ပေါ်ပေါက်လာသည့် ကန့်သတ်ချက် ဖြစ်လာသည်။

ယင်းကန့်သတ်ချက်များကြောင့် ကိုစောသည် ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်အရ ထိုင်းနိုင်ငံအတွင်း ၇ ရက်အထိ လည်ပတ်နိုင်ခွင့် စာအုပ်စိမ်း လျှောက်ထားကာ ထိုင်းနိုင်ငံဘက်သို့ ပထမအကြိမ် ကူးလိုက်သည်။ ထိုလက်မှတ်သည် ထိုင်းအစိုးရက သတ်မှတ်ထားသော နယ်နိမိတ်အတွင်းသာ လည်ပတ်ခွင့်ရှိသည်။

သို့သော် သူ၏ PJ ပတ်စပို့ဖြင့် ထိုင်းသို့ တရားဝင် ဝင်ရောက်ကာ ရေရှည်နေထိုင်ရေးနှင့်ပတ်သက်ပြီး သူ လက်မလျှော့သေးပေ။

နယ်စပ်မြို့တစ်မြို့တွင် သူတည်းခိုကာ ဆွေမျိုးသားချင်းများကို အကူအညီတောင်းပြီး နည်းလမ်းရှာဖွေကြသည်၊ မိတ်ဆွေများ၊ အဆက်အသွယ်များကို ချိတ်ဆက်ကြသည်။

တစ်ရက်တွင်မူ OWIC ကတ်မလိုဘဲ PJ ပတ်စပို့နှင့် စမတ်ကတ်ရှိရုံဖြင့် ဖြတ်သန်းနိုင်မည့်အရေး ဝန်ဆောင်မှုပေးမည့် ပွဲစားတစ်ဦးနှင့် ချိတ်ဆက်မိကြသည်။

”ဖုန်းတွေဘာတွေ ဆက်လာတယ်၊ အဆင်ပြေပြီ၊ ရမယ်ဆိုတော့ ကျွန်တော်လည်း အရမ်းပျော်တာပေါ့။ အဲဒီရက်ပိုင်းက အိပ်လို့တောင် မပျော်ဘူး၊ ရလိုရငြားဆိုပြီးတော့” ဟု ကိုစောက ဆိုသည်။

ကိုစောသည် ထိုင်းတွင် ၇ ရက်ကြာ တရားဝင်နေထိုင်ခွင့်အစီအစဉ်ကို အဆုံးသတ်ကာ တာချီလိတ်မြို့သို့ မျှော်လင့်ချက်များစွာဖြင့် ပြန်ရောက်သွားသည်။ တာချီလိတ်-မယ်ဆိုင်တံတားထိပ်ရှိ လဝက ခေါ် လူဝင်မှုကြီးကြပ်ရေးရုံးကို ထပ်မံ ဝင်ရောက်ရပြန်သည်။ သူက ရုံးဝင်ပေါက်တွင် စောင့်ရပြီး ပွဲစားက ရုံးထဲ ဝင်သွားသည်။

များမကြာမီ သူ၏ပွဲစားသည် လဝကအရာရှိများထံမှ တပ်ခေါက်ပြီး ပြန်ထွက်လာသည်။

”လုပ်ပေးလို့ မရတော့ဘူးတဲ့၊ စာက ထွက်ထားပြီးပြီ၊ အဝင်အထွက်တွေက စာနဲ့ ရေးမှတ်တာမဟုတ်တော့ဘူး၊ scan ဖတ်ပြီး စက်တွေနဲ့ဆိုတော့ အဲဒီထဲမှာ အကုန်ပေါ်နေတာတဲ့၊ လုပ်ပေးလို့ လုံးဝမရဘူးတဲ့” ဟု သူက ပြန်ပြောပြသည်။

ထို့ကြောင့်ပင် ကိုစောက ၇ ရက်ခံ စာအုပ်စိမ်း ထပ်မံ ရယူကာ ထိုင်းနိုင်ငံထဲသို့ နောက်ထပ်တစ်ကြိမ် ဝင်ရပြန်သည်။

ထိုင်းနိုင်ငံအတွင်းပိုင်း မြို့တစ်မြို့သို့ လေးလံနေသည့် စိတ်အတွေးများဖြင့် ခရီးဆက်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံသို့ မည်သည့်အချိန်ပြန်ရောက်နိုင်မည်ကို မသိတော့သည့် ကိုစောသည် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့်သက်တမ်း ၇ ရက် ကျော်လွန်ပြီးသည့်နောက်တွင်လည်း တရားမဝင် ဆက်လက်နေထိုင်တော့သည်။

”ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိတော့အောင် သူတို့ (စစ်ကောင်စီ) က ညစ်ထားတာ” ဟု ထိုင်း-မြန်မာနယ်စပ်မြို့တစ်ခုတွင် ရောက်နေသော ကိုစောက ပြောသည်။

ယင်းကဲ့သို့ ကန့်သတ်တင်းကျပ်မှုများကြောင့် နိုင်ငံကူးလက်မှတ်စာအုပ် (ပတ်စပို့) ရှိထားသော ကိုစောလို လူများသည်ပင် အိမ်နီးချင်းနိုင်ငံများသို့ အမြန်ဆုံးထွက်ခွာလိုပါက တရားမဝင်နည်းလမ်းကိုသာ အသုံးပြုလာကြသည်။

”အခုကတော့ ထိုင်းစာ ပြန်သင်ပြီး ဒီမှာ အဆင်ပြေမယ့် အလုပ်ရှာရမှာပေါ့။ အခြေအနေ ပြန်ကောင်းရင်တော့ ကိုရီးယားစာမေးပွဲ ပြန်ဖြေဦးမယ်” ဟု ကိုစောက ပြောလိုက်သည်။ 

(*လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်။)

Show More

Related Articles

Back to top button