
ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် ပြည်ဝင်ခွင့်ကန့်သတ်ထားရာ မန္တလေးမြို့တွင် ကျောက်စိမ်းအရောင်းအဝယ်အတွက် တရုတ်နိုင်ငံမှ ငွေပေးချေမှု မိုဘိုင်းအပလီကေးရှင်းဖြစ်သော WeChat ကိုသာ လုံး၀အားကိုးနေရကြောင်း မြို့ခံကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။
တရုတ်ဝယ်လက်ကို အဓိကအားထားရသော မန္တလေးကျောက်စိမ်းဈေးကွက်တွင် WeChat မှတစ်ဆင့် အရောင်းအဝယ်လုပ်နေရသည်ဟု မြို့ခံကျောက်လုပ်ငန်းရှင် ကိုကျော်ဖြိုးအောင်က Myanmar Now ကို ပြောသည်။
“အခုအနေအထားက ရှေးရိုးနည်းနဲ့ လုပ်လို့မဖြစ်တော့ဘူး။ နည်းပညာအကူအညီနဲ့ အွန်လိုင်းကတစ်ဆင့် အရောင်းအဝယ်လုပ်ကြရတဲ့ ပုံစံဖြစ်သွားပြီ။ အဓိကကတော့ ဝီချက် (WeChat) ကို အားကိုးရောင်းနေရတယ်” ဟု ၎င်းက ပြောသည်။
ကိုဗစ်နိုင်တင်းမတိုင်ခင်က တရုတ်ကုန်သည်များအပါအဝင် နေ့စဉ် လူဦးရေ တစ်သိန်းဝန်းကျင် ဝင်ထွက်ရောင်းဝယ်နေသော မန္တလေးမြို့ရှိ မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း (မန္တလေးကျောက်ဝိုင်း)ကို မတ် ၂၄ တွင် စတင်ပိတ်သိမ်းခဲ့ရာ ယနေ့အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။
ကျောက်ဝိုင်းပိတ်ထားသော ကာလအတွင်း တရုတ်ကုန်သည်များကို WeChat ဖြင့် အွန်လိုင်းမှတစ်ဆင့် ရောင်းချရာတွင် ရောင်းသူ၊ ဝယ်သူ တိုက်ရိုက်မဟုတ်ဘဲ ကျောက်ဝယ်ယူမည့် တရုတ်ကုန်သည်နှင့် ချိတ်ထားသော မြန်မာကျောက်ပွဲစား (အိမ်ခံ) ရောင်းလိုသော ကျောက်တန်ဖိုး၏ ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ ပွဲခပေးကာ တစ်ဆင့်ခံရောင်းချရခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ အွန်လိုင်းမှတစ်ဆင့် ကျောက်အရောင်းအဝယ်ပြုလုပ်ရာတွင် အိမ်ခံပွဲစားက ငွေပေးငွေယူနှင့် ကျောက်အရည်အသွေးစစ်မှန်ခြင်းအပေါ် တာဝန်ခံရသည်ဟု သိရသည်။
အွန်လိုင်းမှရောင်းချခြင်းသည် နည်းပညာအခြေခံသဖြင့် ဈေးကွက်ကျယ်ပြန့်ပြီး အချိန်ကုန်သက်သာသော်လည်း ရသင့်ရထိုက်သော ဈေးမရရှိခြင်း၊ အရောင်းအဝယ်မကောင်းသော ကာလဖြစ်၍ ဈေးနှိမ်ခံရခြင်း၊ ငွေပေးချေမှု၌ အချိန်စောင့်ဆိုင်းရခြင်းစသည့် အားနည်းချက်များရှိသည်ဟုလည်း ကျောက်ကုန်သည်များက ဆိုသည်။
ကြည်စိမ်းရွှင် ကျောက်မျက်ရတနာအချောထည်ရောင်းဝယ်ရေးလုပ်ငန်းမှ ကိုသန့်စင်က “ကိုယ့်နိုင်ငံက ထွက်တဲ့ကျောက်ပေမဲ့ သူများဆီမှာ ဈေးကွက်ဖြစ်နေတော့ အရောင်းအဝယ်လုပ်တာကအစ ဖိနှိပ်ခံရတယ်။ ဒီလိုမဖြစ်အောင် ကိုယ့်နိုင်ငံမှာပဲ ဈေးကွက်တစ်ခုဖြစ်ထွန်းလာဖို့ အစိုးရက လိုအပ်တဲ့ Infrastructure (အခြေခံအဆောက်အအုံ) ပိုင်းတွေ ပံ့ပိုးပေးစေချင်တယ်” ဟု Myanmar Now ကိုပြောသည်။
ကိုဗစ်နိုင်တင်းကာလအတွင်း ကျောက်ကုန်သည်ကြီးများက တန်ဖိုးကြီးကျောက်များ ထုတ်ရောင်းခြင်းမရှိဘဲ ငွေအောင်းခံနိုင်သော်လည်း အရင်းအနှီးနည်းပါးသော ကျောက်ကုန်သည်များမှာ ပေးသည့်ဈေးဖြင့်သာ ရောင်းနေရသည်ဟု ဆိုသည်။
ကိုဗစ်နိုင်တင်းဂယက်ကြောင့် ကျောက်စိမ်းအရောင်းအဝယ်သည် ၈၀ ရာခိုင်နှုန်းအထိ ဈေးကွက်အခြေအနေ အဆိုးဆုံးဖြစ်နေပြီး ကျောက်ဝိုင်းကို မှီခိုနေရသော အခြေခံကျောက်သမားအများစုသည်လည်း နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေသည်ဟု ကျောက်မျက်ရောင်းဝယ်ရေးစခန်း အကျိုးတော်ဆောင်ကော်မတီက ဆိုသည်။